Friday, December 17, 2010

PhD ဘွဲ့ရ တစ်သိန်း မြန်မာပြည်မှ မွေးထုတ်မည်

မြန်မာနိုင်ငံရှိ တက္ကသိုလ်ကောလိပ်များ အနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် PhD ဘွဲ့ရ ပုဂ္ဂိုလ်ပေါင်း တစ်သိန်းတိတိ မွေးထုတ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
ထိုသို့ မွေးထုတ်ရခြင်းမှာ ၂၀၀၈-၂၀၀၉ ပညာသင်နှစ် အတွင်းက အမေရိကန် တက္ကသိုလ်များမှ PhD ဘွဲ့ရသူပေါင်း  ၄၉၅၆၂ ဦး မွေးထုတ်နိုင်ခဲ့ခြင်းကို နှစ်ဆ အသာဖြင့် ယှဉ်ပြိုင် အနိုင်ယူရန် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အတိတ်ဆိတ် အငြိမ်သက်ဆုံး ရန်ကုန်တက္ကသိုလ် စာသင်ခန်းတစ်ခု (ဓာတ်ပုံ-ကလေးအဖေ)

"ကျွန်မကတော့ တစ်ချိန်လုံး အပီ- အိပ်- တယ်လေ။ ဒီတော့ ပီအိပ် ဖြစ်သွားတာပေါ့နော်။ ပြီးတာနဲ့ ပါမောက္ခကို စိန်တစ်ဆင်စာ ကန်တော့ လိုက်တော့ "ဒီ" ထွက်သွားတယ်ရှင့်။ ဒီတော့ ပီအိပ်ဒီ ဖြစ်သွားတာပေါ့" ဟု ပူပူနွေးနွေး ပီအိပ်ခ်ျဒီ ဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။

မြွေများ၊ ဖားများ၊ ကင်းခြေများတို့ စံပျော်သည့် ရန်ကုန်တက္ကသိုလ် တစ်နေရာ (ဓာတ်ပုံ-ကလေးအဖေ)

သို့သော် လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်မူ ပီအိပ်ခ်ျဒီ ဘွဲ့ရ တစ်သိန်း တိတိ မွေးထုတ် တော့မည် ဖြစ်သဖြင့်၊ အရေအတွက် ပြည့်မှီရန် လက်ရှိတက်ရောက်နေသော ကျောင်းသူ ကျောင်းသားများနှင့် မလုံလောက်တော့ကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသား တစ်သိန်းပြည့်မှီရန် အတွက် တက္ကသိုလ် အသီးသီး ရှေ့မှ ဖြတ်သန်းသွားလာနေကြသော ဘုန်းကြီးကျောင်းသားများ အပြင်၊ နွားကျောင်းသားများ၊ ဆိတ်ကျောင်းသားများ၊ သိုးကျောင်းသားများ ကိုပါ "ကျောင်းသား" ဖြစ်သည့်အတွက် PhD Candidate စာရင်းထဲ ထည့်သွင်း ရေတွက်နေကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ နွားကျောင်းသား ဆိတ်ကျောင်းသားများသည် တက္ကသိုလ်များရှေ့မှ ဖြတ်သန်း သွားလာခြင်း မပြုရဲကြတော့ကြောင်း သတင်းရရှိသည်။

ဤကဲ့သို့ ဖြတ်သန်းသူ မရှိခြင်းကြောင့် အရေအတွက် မပြည့်မှီပြန်သဖြင့် တက္ကသိုလ်ရှေ့မှ အမှိုက်ကောက်သူများ၊ ပလတ်စတစ်အိတ် ကောက်သူများနှင့် သူတောင်းစားများကို ပါ "တက္ကသိုလ် ကြမ်းပြင်ပေါ် အမှိုက်ကောက်ဖို့ တောင်းစားဖို့ တက်လာတာဟာ တက္ကသိုလ်တက်တာပဲ" ဟု အကြောင်းပြလျက် PhD Candidate စာရင်းထဲ ထည့်သွင်းနေကြောင်း သိရပြီး ယခုအခါ Candidate အရေအတွက် ပြည့်မှီရန် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုနည်းတူ တက္ကသိုလ် အသီးသီးတွင် ပီအိပ်ခ်ျဒီ သင်တန်းများ ပို့ချရန် ဆရာ မလုံလောက် ဖြစ်နေသဖြင့် မြန်မာပြည် အရပ်ရပ်မှ ဆိုက္ကားဆရာများ၊ မြင်းလှည်းဆရာများ၊ နွားလှည်းဆရာများ၊ ဗေဒင်ဆရာများ၊ ဘိန္ဓောဆရာများ၊ ပျောက်စေဆရာများ၊ ပယောဂဆရာများ၊ ဦးရှင်ကြီးဆရာများ၊ ဆိုင်းဆရာများ၊ ဗုံဆရာများ၊ နှဲဆရာများ၊ ဇာတ်ဆရာများ၊ ပန်းရံဆရာများ၊ နွားဝှေးသင်းသည့် ဆရာများကို "ဆရာ" လက်မှတ် ရပြီးသူများ ဖြစ်သဖြင့် ပီအိပ်ခ်ျဒီ သင်တန်း ပို့ချရန် တက္ကသိုလ် ဆရာများ အဖြစ် ထပ်မံ ဖြည့်စွက် ခန့်အပ် လိုက်ကြောင်း သိရသည်။

တစ်ဖန် ထိုင်းနိုင်ငံတွင် လိင်ပြောင်းလဲလာသည့် "ဖြတ်ဖောက်ချုပ်" များကိုလည်း ဘတ်ဂျက်များ ဖြတ်စားခြင်းတည်းဟူသော "ဖြတ်" ဝေါဟာရ ပါရှိခြင်း ကြောင့်လည်းကောင်း၊ တက္ကသိုလ်မေးခွန်းများကို ဖောက်ပြီး ရောင်းစားခြင်းတည်းဟူသော "ဖောက်" ဝေါဟာရ ပါရှိခြင်းကြောင့် လည်းကောင်း၊ လုပ်ပိုင်ခွင့်အားလုံးကို ပါမောက္ခများထံမှ လုယူ ချုပ်ကိုင်ထားခြင်းဟူသော "ချုပ်" ဟူသော ဝေါဟာရ ပါရှိခြင်းကြောင့် လည်းကောင်း၊ တက္ကသိုလ် အသီးသီးတွင် ထို ဂုဏ်ထူး
ဝိသေသများနှင့် ပြည့်စုံသည့် "ပါမောက္ခချုပ်" များအဖြစ် အသစ် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအထိ တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၇၂ ခု ဖွင့်လှစ်ထားပြီး၊ လာမည့် ၂၀၁၁ ခုနှစ်အတွင်း နောက်ထပ် တက္ကသိုလ်ပေါင်း ၄၈၂၈ ခုကို တောစွန် ဇနပုဒ်များသာမက၊ ဟူးကောင်းတောင်ကြား၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ပတ်ကွိုင်တောင်တန်း၊ နာဂတောင်တန်းတို့အပြင် ၊ ခါကာဘိုရာဇီတောင်ထိပ်၊ ဂမ်လမ်ရာဇီတောင်ထိပ်၊ အီမောဘွန်းတောင်ထိပ်၊ ဖွန်ဂန်ရာဇီ တောင်ထိပ် နှင့်
ဝိတိုရိယ တောင်ထိပ်များအထိပါ တိုးချဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆက်လက် သိရှိရသည်။

သို့ဖြစ်၍ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်ကောလိပ်ပေါင်း ငါးထောင်တိတိ ရှိလာမည် ဖြစ်ကြောင်း သိရပြီး၊ အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၄၁၂၈ ခုထက် သာလွန် သွားမည် ဖြစ်ကြောင်း Burma Strange News မှ သတင်းရရှိသည်။

ဆက်စပ်သတင်း ဖတ်ရှုရန်

6 comments:

  1. ကိုယ်တွေ့ပါ..
    သမိုင်းဌာနာက ဆရာမတစ်ယောက် PhD စာတမ်းပြီးတော့ ပညာရေး ဘုတ်အဖွဲ့က နှုတ်ဖြေ မေးသတဲ့။ ဘာမှ လဲ မဖြေနိုင်တော့... နင်ေ၇းထားတဲ့ ကျမ်းထဲက မေးတာလေ... ဒါတောင် မသိဘူးလဲဆိုတော့.. သမီးဘာမှ မသိဘူး.. ဟိုနားမှာ ထိုင်နေတဲ့ ဆ၇ာေ၇းပေးတာ လို့ ဖြေသတဲ့...

    ဒါနဲ့ ကျမ်းအကြောင်း ဘာမှ မသိလဲ နေပါစေတော့ မြန်မာ့သမိုင်းကို စတင်ဖော်ထုတ်ခဲ့တဲ့ GH Luce ကို သိသလားမေးတော့ မသိဘူးလို့ ပြောသတဲ့။

    တစ်ခုခုတော့ ဖြေနိုင်အောင် မေးမှပဲ ဆိုပြီး ကမ္ဘာသိ သမိုင်းပညာရှင် ဆ၇ာကြီး ဒေါက်တာ သန်းထွန်း အကြောင်းမေး၇င်တော့ သိတန်ကောင်းပါ၇ဲ့ ထင်ပြီး ဆ၇ာကြီးအကြောင်းကို မေးပါသတဲ့။ ဒေါက်တာသန်းထွန်းကို သိသလားမေးတော့ သိတယ်လို့ ဖြေသတဲ့။ ဆ၇ာကြီးက ဘယ်ဌာနက ပါမောက္ခဟောင်းလဲ မေးတော့ .. အဲဒါတော့ သမီးမသိဘူး... ဆ၇ာကြီး သမီးတို့ ဌာန လာရင်တော့ ဦးချစ်ဆိုင်က လက်ဖက်၇ည် သမီးသွားဝယ်ပေးဖူးပါတယ်.. ၀၀ဆ၇ာကြီးလေ... လို့ ဖြေပါသတဲ့။

    ဒီတော့လဲ. ဘုတ်အဖွဲ့ လူကြီးတွေက နောက်ဆုံး သမိုင်း ပါရဂူ လုပ်ပြီး ဘာမှ မသိဘဲ ဘွဲ့ရ၇င် မကောင်းဘူးဆိုပြီးတော့ မှန်နန်းရာဇ၀င်တော်ကြီးကို သုံးကြိမ်ဦးချ ကန်တော့ ခိုင်းပါသတဲ့။ မှန်နန်းရာဇ၀င်ကြီးကို ကန်တော့၇သောောကာင်းမှု အကျိုးအားကြောင့် အဲဒီ ဆ၇ာမလဲ ပါ၇ဂူဘွဲ့၇သွားသတဲ့။ ပုံပြင်မဟုတ်.. တစ်ကယ့်ဖြစ်၇ပ်ပါ။
    သမိုင်းဌာန ပါ၇ဂူဘွဲ့ စစ်ဆေးတဲ့ ဘုတ်အဖွဲ့ဝင်များ အားလုံးကို မေးမြန်းနိုင်ပါတယ်။

    ReplyDelete
  2. အပီအိပ်ပြီး ဒီထွက်တဲ့ လူတွေက တက္ကသိုလ်ကောလိပ် မှာမှမဟုတ်ဘူး ၁၀တန်းတွေမှာကတည်းကဗျ ဒီငါးလုံးထွက်ပြီး ဆေးကျောင်းရောက်လာတဲ့ ကျနော့သူငယ်ချင်းတစ်ယောက် ပြောတာပဲ အခုထိမှတ်မိနေတုန်းပဲ သူ၁၀တန်းဖြေပြီးတော့ နဖူးတွေဒူးတွေ နာလိုက်တာ မပြောပါနဲ့တော့တဲ့ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ရာပိုင်ရာလူတွေကို လိုက်ကန်တော့ရလွန်းလို့တဲ့ ဟီဟီ ကောင်းရောဗျာ

    ReplyDelete
  3. အော် သနားစရာ မြန်မာတွေပဲ။ ဒါဆို ဘယ်နိုင်ငံ ရောက်ရောက် မြန်မာတွေ က စာ မတက်ပဲ အလုပ်သမား ချည်းလုပ်နေရတယ်လို့ ဆိုချင်တာလား။ အားလုံး လို့ ပြောရင်တော့ မှားသွားမယ်ထင်တယ်။ ကိုယ့် အခြေအနေ နဲ့ ကိုယ် စာမသင် ခဲ့ရတာ ကို တော့ ခုတုံး လုပ်ပြီး လျှောက်ရေး နေတာတော့ မဟုတ်ပါဘူးနော်။ မြန်မာ နိုင်ငံမှာ ပညာ မသင်ဘူးရင်၊ မနေဘူးတာသေချာနေတာပဲ။ ဘာလို့ လျှောက်ပြောနေတာလဲ။

    ReplyDelete
  4. To: December 20, 2010 3:39 PM

    Made in Myanmar ပီအိပ်ခ်ျဒီများရဲ့ အရည်အချင်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့ စစ်ဆေးကြည့်ရင် အဖြေထွက်ပြီးသားပါ။ ဆင်ခြင် သုံးသပ်တတ်သူတိုင်း သိပါတယ်။
    ပိုသေချာချင်ရင် စိန်ရတု ခန်းမထဲမှာ သိမ်းထားတဲ့ မြန်မာ့ ပီအိပ်ခ်ျဒီ ကျမ်းများကို ကိုယ်တိုင် သွားရောက် ဖတ်ကြည့်ပါ။ နိုင်ငံတကာ ပီအိပ်ခ်ျဒီ စာတမ်းများနဲ့ ချိန်ထိုးလေ့လာကြည့်ပါ (နှိုင်းယှဉ် သုံးသပ်နိုင်လောက်တဲ့ အရည်အချင်း ရှိရင်ပေါ့လေ) တစ်ကယ့် အရည်အသွေးရှိတဲ့ Made in Myanmar ပီအိပ်ခ်ျဒီတွေလဲ ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ ရှာမရလောက်အောင်ပါပဲ။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ အကြောင်းတရားတွေကတော့ အများကြီးပါ၊ အဓိက.. ကတော့ တစ်ကယ့် အခြေအနေမှန်ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။

    ပထမဆုံး ကွန်မင့်ပါ မှန်နန်းရာဇ၀င်ကြီးကို ဦးသုံးကြိမ်ချပြီးတော့ ပီအိပ်ခ်ျဒီ တစ်ကယ် ရသွားတာ ဟုတ်မဟုတ် သိချင်ရင် Board of Examiners ထဲမှာပါတဲ့ ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့်ကို သွားမေးပါ။ သူကိုယ်တိုင် ဒီကွန်မင့်ရေးသူတို့ရဲ့ စာသင်ခန်းထဲမှာ ပြောခဲ့တာပါ။ ဘယ်သူက ကျမ်း ရေးပေးသလဲ ဆိုတဲ့ ထွက်ဆိုချက်လဲ အဲဒီ စစ်ဆေးတဲ့ နေမှာ နာမည်နဲ့ တကွ မှတ်တမ်းရှိပါတယ်။ ဒီတော့ ဘာ scientific equipment မှ အသုံးပြုစရာ မလိုတဲ့ ၀ိဇ္ဇာပညာရပ်မျိုးမှာတောင် ဒီလိုဆိုရင် သိပ္ပံပညရပ်တွေမှာ ဘယ်လို ဖြစ်မလဲ စဉ်းစားကြည့်ပါ။ မြန်မာ့ ပီအိပ်ခ်ျဒီ အဆင့်အတန်းကို မြန်မာ့ ၀ါရင့် ပါမောက္ခ ပညာရှင်ကြီး တစ်ဦး ကိုယ်တိုင် သုံးသပ်ပြခဲ့တာပါ ခင်ဗျာ။ အဲဒီ ပညာရှိထက် ပိုတော်နေရင်လဲ သူပြောတဲ့ စကားကို လက်မခံနဲ့ ပေါ့ဗျာ။ ဘာမှ မပြောလိုပါ။

    နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့ပြီး ဒဂုံ တက္ကသိုလ်မှာ ပါမောက္ခ ဌာနမှူး နဲ့ အငြိမ်းစား ယူသွားခဲ့တဲ့ ဆရာကြီးတစ်ဦး ကိုယ်တိုင်ပြောခဲ့တာပါ။
    ဒါ သူ့မူရင်း စကားပါ "ရန်ကုန်တက္ကသိုလ်ရှေ့ ဆိုက္ကားသမားတွေ မဖြတ်ရဲဘူးကွ၊ ဘာလို့လဲ ဆိုတော့ ဒို့ဌာနက တွေ့သမျှလူတွေကို MA လိုက်ပေးနေလို့၊"၊ ဆ၇ာကြီးရဲ့ တပည့်တပန်းတွေ သက်သေရှိပါတယ်။ ဆရာကြီးက ပီအိပ်ခ်ျဒီ နဲ့ ပတ်သက်လို့ တော့ ဘာမှ ပြောမသွားခဲ့ပါ။ အဲဒီ အချိန်က အဲဒီ ဌာနမှာ ပီအိပ်ခ်ျဒီ မဖွင့်သေးလို့ပါ။

    ပဲရစ်မြို့ INALCO တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကတော့ ထိုင်း Education က ဇီးရိုးပဲ လို့ ကျွန်တော့်ကို ပြောဖူးပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ မြန်မာ့ ပညာရေးနဲ့ လက်ရှိ ထိုင်းနိုင်ငံပညာရေး ဘယ်ဒင်းက သာသလဲ လူတိုင်းသိပါတယ်။
    ထိုင်းပညာရေးနဲ့ ပတ်သက်လို့...

    http://www.maukkha.org/index.php?option=com_content&view=article&id=1183:2010-12-18-13-50-07&catid=opinion&Itemid=270

    နဲ့ http://www.maukkha.org/index.php?option=com_content&view=article&id=578:2010-06-10-11-29-24&catid=85:news&Itemid=265

    တွေကို တစ်ချက်လောက် ငဲ့စောင်းကြည့်ပါ။ ထိုင်းပညာရေးတောင် ဇီးရိုး ဆိုနေမှတော့ မြန်မာနိုင်ငံပညာရေး အဆင့်အတန်းကို ခန့်မှန်းလို့ ရပြီပေါ့ဗျာ။ အဲဒါကို လက်မခံရင်လဲ ဘာမှ မပြောလိုပါ။

    အခြေအနေမှန်တစ်ခုကို အမှန်အတိုင်း ရှုမြင်ပြီးတော့ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးချင်တဲ့ Sense တစ်ခုရဖို့ပဲ လိုပါတယ်။

    အပေါ်မှာ မြန်မာ့ ပညာရေး အခြေအနေကို ပြောပြခဲ့တဲ့ မြန်မာ့ ပါမောက္ခကြီး နှစ်ဦးကို ရည်ညွှန်းခဲ့ပါတယ်။ သူတို့အဲသလို ပြောခဲ့တာဟာ.. သူတို့လဲ ... သူတို့ အခြေအနေနဲ့ သူတို့ စာမသင်ခဲ့ရတာကို ခုတုံးလုပ်ပြီး လျှောက်ပြောခဲ့တာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်နော်။.....

    (ကျွန်တော် ပထမဆုံး ကွန်မင့်ကို ရေးတဲ့သူပါ)

    ReplyDelete
  5. IMO, instead of investing for costlier
    PhD research. We should invest more in
    basic education, up to 10th grade level,
    then to Bachelor level as it is cheaper.
    Not only Burma but also Thailand, India,
    Malaysia PhD graduates from their local
    universities and Chinese PhD from lower
    tier-ed universities are probably not up
    to benchmark yet. Why should we invest
    in those. Instead we should aim producing
    more MSc research so the universities can
    still have thriving research culture, MSc
    degree holders can supervise undergraduate students who are doing research. That is
    how we can still have confidence in our
    degrees and cost effective. I have seen
    Thai, Indian, Chinese MSc holders from
    their lesser institutions doing MSc again
    in universities at Singapore, UK, Australia
    and US. See below news about India and China.

    http://news.bbc.co.uk/2/hi/south_asia/4793311.stm

    http://www.chinahush.com/2009/09/17/dont-let-your-daughter-attend-phd-program-in-china-internet-rumor/

    ReplyDelete
  6. သွားပြီ ..
    အားလုံးသွားပြီ
    မင်းခွေးချေး(ခ)ပေါတာကြီး(ခ)ချိုကုတ်ဒူးကြီး(ခ)စောက်သုံးလုံးလုံးမကျတဲ့ ဦးနှောက်ထဲ မှာ ချီးဘဲရှိတဲ့ သန်းရွှေ ရေ ...
    မင်း ကိုယ်မင်းလည်း ဒေါက်တာသန်းရွှေ လို့ တပ်လိုက်တော့ဟေ့

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။