Monday, January 31, 2011

ကုန်း-ရေ နှစ်သွယ်သွားယာဉ်နှင့် နှစ်ထပ်ကားများကို မြန်မာပြည်တွင် အသုံးပြုလျက်ရှိ

မြန်မာ နိုင်ငံ၏ ပို့ ဆောင်ရေး ကဏ္ဍကို တစ် ခေတ်ဆန်း စေမည့် အဆင့်မြင့် နည်းပညာများကို အသုံးပြု တပ်ဆင် ထားသော ကုန်းနှင့် ရေ နှစ်မျိုးစလုံး အသုံးပြုနိုင်သည့် ယာဉ်နှင့် အဆင့်မြင့် နှစ်ထပ်ကားကြီး များကို မကြာခင် တင်သွင်းရန် စီစဉ်ထား ကြောင်း ပြည်တွင်းဖြန့် ချိပေးမည့် Treasure Palace International al Trading Co.,Ltd မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုန်းပေါ်တွင် တွား၍ လည်းကောင်း၊ ခုန်၍ လည်းကောင်း မောင်းနှင်နိုင်ပြီး ရေထဲတွင် ကူးခတ် မောင်းနှင်နိုင်သည့် ခရီးသည်တင် အဆိုပါယာဉ် နှစ်မျိုးကို မြန်မာနိုင်ငံမှ ၀ယ်လိုသူများက မှာခဲ့ပါက ပြည်တွင်းရေကြောင်းဦးစီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့နှင် ညှိနှိုင်းကာ တင်သွင်း ရန် စီစဉ် ထား သည်။

ကုန်းရေ နှစ်သွယ်သွား စီးတော်ယာဉ် နှစ်မျိုး (Photo: phyatnhyatkatt)

“ကျွန်တော်တို့ ကုန်းပေါ်မှာရော ရေထဲမှာပါသွားနိုင်တဲ့ ယာဉ်နှစ်မျိုးကို တင် သွင်းဖို့ စီစဉ်နေပါတယ်။ ဈေးနှုန်းတော့ မသတ်မှတ်ရသေးပါဘူး။ တရုတ် နိုင်ငံမှာရှိတဲ့ Zonda Group Limited က မြန်မာပြည်မှာ မိတ်ဆက်ဖို့ ကမ်းလှမ်းခဲ့ တဲ့ အတွက် ပြည်တွင်းမှာ မိတ်ဆက်ဖို့ ဆောင်ရွက်နေပါတယ်။
ဝယ်ယူသူရှိမယ်ဆိုရင် တင်သွင်းဖို့ က အဆင်သင့် ရှိပါတယ်။ နှစ်လ၊ သုံးလ အတွင်းပြည်တွင်းကို အရောက်ပို့နိုင် တယ်။ ဈေးကွက်ကျယ်ပြန့်လာမယ် ဆိုရင် တရုတ်ကုမ္ပဏီက ဒီမှာအထိုင် လာဖွင့် ဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒီကုန်းနဲ့ ရေနှစ်မျိုးသုံးယာဉ်နှစ်မျိုးက နည်းပညာ မြင့်မားတယ်။ အသက်အန္တရာယ် ကို ကာကွယ်နိုင်တဲ့ စနစ်တွေထည့် ထားတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ကုန်းနှင့်ရေသွားနိုင်သောယာဉ် နှစ်မျိုး အပါအ၀င် Zonda Group Limited အနေဖြင့် ကား(၇)မျိုးကိုတင် သွင်းရန်စီစဉ်နေကြောင်း၊ အဆိုပါကား များတွင် အဆင့်မြင့် နှစ်ထပ်ကား နှစ်မျိုးပါဝင်ပြီး အပေါ်ထပ်အောက်ထပ် ခရီးသည် သီးသန့်စီးကားနှင့် အောက်ထပ်တွင် ခရီးသည်နှင့် ကုန်တင်ကာ အပေါ်တွင် ခရီးသည်စီးနိုင်သည့် ကားနှစ်မျိုးပါဝင် သည်။


နှစ်ထပ်ကား အမျိုးအစား (၁) (Photo: Flicker)

နှစ်ထပ်ကား အမျိုးအစား (၂) (Photo: Flicker)

တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ တို့ ပူးပေါင်းကာ တင်သွင်းရန်စီစဉ်နေ သော ကုန်း၊ ရေ နှစ်သွယ်သွား စီးတော်ယာဉ် နှစ်မျိုး အပါအ၀င် နှစ်ထပ်ကားအမျိုးအစားအားလုံး သည် အဆင့် မြင့် နည်းပညာများကို အသုံးပြုထားကြောင်း၊ ပြည်တွင်းဈေး ကွက်ရရှိမည်ဆိုပါက အဆိုပါကား များကို ပြည်တွင်းမှာပင် တပ်ဆင် ထုတ်လုပ်မည်အထိ ရည်ရွယ်ထား ကြောင်း၊ ကားများကိုတပ်ဆင်ရာတွင် လည်း အင်ဂျင်နှင့် ဂီယာဘောက်ကို ပုံသေနိုင်ငံနှင့် Brand အသေမထား ဘဲဝယ်ယူသူက ကြိုက်သည့် အင်ဂျင်၊ ကြိုက်သည့် ဂီယာဘောက်လိုချင်သည့် အတိုင်းတပ်ဆင်ပေးရန်စီစဉ်ထားသလို နံပါတ်ကျအမည်ပေါက်ကျသည်အထိ ကုမ္ပဏီမှ အစစအရာရာဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည် တွင်းဖြန့် ချိမည့် Treasure Palace International Trading Co.Ltd မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း အပြည့်အစုံသို့

ကွမ်းမစားရ၊ ကွမ်းဝါးနိုင်သည်

ရန်ကုန် - မန္တလေး အမြန်လမ်းမ ၁၀၅ မိုင် ယာဉ်ရပ်နားစခန်းမှာ ကွမ်းယာမရောင်းရ၊ ကွမ်းမစားရ၊ ကွမ်းတံတွေး မထွေးရ၊ ဒဏ်ငွေ ကျပ် ၅၀၀၀၀ စည်းကမ်းသစ် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စည်းကမ်းထဲမှာ ကွမ်းမ၀ါးရလို့ မပါရှိတဲ့အတွက် ယာဉ်မှူးနဲ့ ယာဉ်နောက်လိုက် အများစုမှာ လုပ်ငန်းသဘာဝအရ အိပ်မငိုက်အောင် ရိုးရာ အစဉ်အလာ မပျက် ကွမ်းဝါးမြဲ ၀ါးနေကြတဲ့အကြောင်း အဝေးပြေးယာဉ်မှူး တစ်ယောက်က ပြောပါတယ်။ ဒီ ကွမ်းမစားရ၊ ကွမ်းဝါးနိုင်သည် သတင်းကို၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သတင်း အပြည့်အစုံ ..

Sunday, January 30, 2011

မြန်မာနိုင်ငံတွင် "သမ္မတ" ရွေးချယ်ထားပြီးဖြစ်

မနက်ဖြန် ဇန်န၀ါရီ ၃၁ တွင် လွှတ်တော် အစည်းဝေးများကို စတင် ကျင်းပတော့မည် ဖြစ်ရာ နိုင်ငံတော် သမ္မတကိုလည်း မကြာမီ ရွေးချယ်တင်မြှောက်ကြတော့မည် ဖြစ်သည်။

သို့သော် လွှတ်တော် အစည်းအဝေးမတိုင်မီကပင် မြန်မာနိုင်ငံတွင် သမ္မတ ဟု သတ်မှတ်ခံရသူ တဦး ရှိနှင့်ပြီး ဖြစ်သည်။ သတင်းဌာနများနှင့် မီဒီယာသမားများ လွှတ်တော်အတွင်း သတင်းယူခွင့် ရမရ မသေချာသေးသော်လည်း ပို့စ်မော်ဒန် သတင်းဌာနဖြစ်သော Burma Strange News အနေနှင့်မူ သမ္မတ-နေအိမ် သို့ပင် ခက်ခက်ခဲခဲ သွားရောက်ပြီး အင်တာဗျူးထားပြီး ဖြစ်ပါသည်။

(အဆိုပါ အင်တာဗျူးကို ၂၀ နိုဝင်ဘာ ၂၀၁၀ တွင် တင်ဆက်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခုကဲ့သို့ လွှတ်တော် ကျင်းပခါနီး အချိန်တွင် မြန်မာပြည်၏ သမ္မတ မည်သူဖြစ်မည်ကို အားလုံးက သိလိုစိတ်ဖြင့် မျှော်လင့် စောင့်စား နေကြသဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။)

BS News။ ။ သမ္မတ-သန်းနိုင် အဖြစ် ဘယ်တုန်းက ရွေးကောက် တင်မြှောက်ခံရတာပါလဲ ခင်ဗျ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမျိုးသမီးက ရွေးကောက်လိုက်တာပါခင်ဗျ။ ကျွန်တော် ဘုန်းကြီး ဘ၀တုန်းက ဆွမ်းခံကြွယင်း ကျွန်တော့် အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တာပါ။ အမျိုးသမီးက "သမ္မတ" သင်္ကန်းတိုက် ပိုင်ရှင်လေ။ ကျွန်တော် လူဝတ်လဲပြီး သူနဲ့ လက်ထပ်လိုက်တော့ ကျွန်တော်လည်း သမ္မတ-သန်းနိုင် ဖြစ်သွားတော့ တာပေါ့ဗျာ။

BS News။ ။ သမ္မတ-သန်းနိုင် ဖြစ်လာတော့ သမ္မတ-သန်းနိုင် အနေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက် ကြီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါသလဲ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော်တို့က "ပြင်သစ်" လုပ်ငန်းကို လုပ်ပါတယ် ခင်ဗျာ။ ပြင်သစ်နိုင်ငံက လာရောက် ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ သင်္ကန်း အဟောင်းတွေကို ကျွန်တော်က အသစ်ဖြစ်အောင် "ပြင်" ပါတယ်။ "ပြင်" လိုက်တော့ "သစ်" သွားတာပေါ့ဗျာ။ အဲသလို ပြင်သစ် သင်္ကန်းအဟောင်းတွေကို အသစ်လုပ်ရောင်းယင်း၊ ကျွန်တော့ မိသားစုလဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ကြီးပွား လာတာပေါ့ဗျာ။

BS News။ ။ လက်ရှိ..... သမ္မတ-သန်းနိုင် အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမြင်က တော့ ဘယ်သူမှ သမ္မတ ဖြစ်မယ် မထင်ဘူးဗျ။ အဲ- ကျွန်တော့် သမ္မတ သင်္ကန်းတိုက်က ကျွန်တော့် မူပိုင် trade mark လေ။ မှတ်ပုံတင်ထား ပြီးသား။ ဟဲဟဲ။

အဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စုရဲ့ တရားစီရင်ရေး နယ်နိမိတ်၊ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု နိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ နိုင်ငံတော်ရဲ့ အာဏာပိုင်နက် ဆိုတာလဲ အဲဒီနေ့က စပြီးတော့ပဲ အာဏာ တည်တာ ဖြစ်ပါတယ်။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ သူရဦးရွှေမန်း အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်၊ ဗြိတိသျှ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။


နိုင်ငံတော်သမ္မတ အတွက် ပြဌာန်းထားသည့် အရည်အချင်းဆိုင်ရာ ပုဒ်မ
(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (အင်္ဂလိပ်)- စာမျက်နှာ-၁၉ မှ)

နိုင်ငံတော်သမ္မတ အတွက် ပြဌာန်းထားသည့် အရည်အချင်းဆိုင်ရာ ပုဒ်မ
(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မြန်မာဘာသာ)- စာမျက်နှာ-၁၉ မှ)

ဆက်စပ်သတင်းများ။  

(မှတ်ချက်။  ။ အများပြည်သူအနေဖြင့် "သမ္မတ" ကို မြင်တွေ့လိုပါက "သမ္မတ" သင်္ကန်းတိုက် နှင့် "သမ္မတ" ရုပ်ရှင်ရုံ တို့ကို ကြည့်ရှုနိုင်ကြပါသည်)

နေတိုး အကယ်ဒမီရတဲ့အတွက် လူတွေကို အသက် ကယ်နိုင်ပြီ

ရန်ကုန်မှာ ကားတစီးက လူစည်ကားတဲ့ ဆိုင်ကြီးတခုကို ၀င်တိုက်ချိန်မှာ အကယ်ဒမီဆု ရထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ မင်းသား နေတိုးက ကယ်တင်တဲ့အတွက် လူတွေ အသက်ချမ်းသာရာ ရသွားတယ်လို့ ဇန်န၀ါရီ ၃၁ နေ့စွဲနဲ့ ထုတ်ဝေပြီး၊ မနေ့က ဖြန့်ချီတဲ့ နောက်ဆုံးထုတ် The Voice ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။

အကယ်ဒမီဆု လို့  ခေါ်ကြတဲ့ နတ်သမီးကြယ်ကိုင်ဆုဟာ "တန်ခိုးကြီးတယ်" "အရမ်းအစွမ်းထက်တယ်"လို့  အများသူငါက ယုံကြည်နေကြပါတယ်။ နေတိုးက ဘယ်လို ကယ်တင်လိုက်သလဲ ဆိုတာကိုတော့ အမျိုးမျိုးပြောနေကြပါတယ်။
"စူပါမင်းလို ကယ်သွားတယ်။ နေတိုးက ၀တ်ရုံ အကြီးကြီးနဲ့  မိုးပေါ်က ဆင်းလာတယ်" လို့  မျက်မမြင်တဦးက ပြောပြတယ်။



(Photo: MyanmarCelebrity & Madmen)

"စူပါမင်း မဟုတ်ဝူး၊ စပိုင်ဒါမင်းဘာခည" လို့  ကလေးတယောက်က ပြောတယ်။ "လူတွေကို တဖက် ၅ ယောက်စီ လက်နဲ့  ပွေ့ ပြီး တိုက်ခေါင်မိုးပေါ် တက်သွားတာ တားတား မြင်လိုက်တယ်။ ဒါကြောင့် လူတွေ နဲ့  ကားနဲ့  မတိုက်မိဘူးခင်ည"


(News mentioned in the Voice)

နေတိုး ကယ်တယ် ဆိုတာကို နိုင်ငံရေးသမား တယောက်က သံသယ ရှိတယ်လို့ ဆိုပါတယ်။

"နေတိုး (NATO) ဆိုတာ အနောက်နိုင်ငံတွေ ပေါင်းထားတဲ့ စစ်တပ် တပ်ပေါင်းစု။ ပြီးတော့ စစ်ရေးစစ်ရာတွေမှာပဲ ဒီတပ်ပေါင်းစုက ၀င်ရှုပ်တတ်တယ်။ ဒီယာဉ်တိုက်မှုမှာ သေနတ်သံ ထွက်တယ်လို့  မကြားမိပါဘူး။ ဒါကြောင့် နေတိုး ကယ်တင်တယ် ဆိုတာ မယုံဘူး" လို့  သူက ပြောတယ်။

"နေတိုးက ၀င် တိုက်မယ့်တိုက် နေပြည်တော်ကို တိုက်မှာပေါ့ဗျာ" လို့  သူက အသေအချာ ထပ်ပြောပါတယ်။


(Photo: the Voice)

"ဒီသတင်းကို မနေ့ က ရန်ကုန်မှာ ဖြန့် တဲ့ ဂျာနယ်တစောင်မှာ ရေးထားတယ်။ ပုံလည်း ပါတယ်။
ကားကြီး ဆိုင်ထဲ ၀င်နေတဲ့ပုံ။ ဒါကို ဂျာနယ်မှာ သတင်းရေးတယ်။ ဒါပေမယ့် သတင်းထောက်က မသေချာဘူး။ ဒါဟာ ယာဉ်တိုက်မှုမှ ဟုတ်ရဲ့ လားပေါ့လေ...။ မသေချာတဲ့အကြောင်းကို ၂ နေရာမှာ
တွေ့ ရတယ်" လို့ ဂျာနယ်ဖတ် ပရိသတ်တဦးက ပြောပြပါတယ်။ (ဂျာနယ်မှာ အရောင် ခြယ်ပေးထားပါတယ်။)

ယာဉ်တိုက်မှု ဖြစ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ယာဉ်မောင်းသူကိုယ်တိုင်သာ သိနိုင်မယ်လို့  ယူဆသူများလည်း ရှိပါတယ်။
"ယာဉ်တိုက်ခံရသူလည်း သိချင်မှ သိနိုင်မယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့  မည်သို့  ဖြစ်သွားသည် မသိ လို့ ပဲ ပြောကြလိမ့်မယ်။ ဒါကြောင့် ယာဉ်တိုက်မှု သတင်း ရေးသူတွေဟာ ကိုယ်တိုင် ယာဉ်မောင်းသင့်တယ်။ ဒါမှ တိုက်တဲ့အခါ သတင်းကို အတိအကျ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်မယ်" လို့  ၀ါရင့် သတင်းစာဆရာတဦးက သုံးသပ်သွားပါတယ်။

(လက်တို့သူ- ဇာနည်ဝင်း)

Saturday, January 29, 2011

Burma Strange News ဘလော့ ရပ်တန့်

မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော သတင်း ဖြစ်ရပ်မှန်များကို ပို့စ်မော်ဒန်နည်းဖြင့် စဉ်ဆက်မပြတ် တင်ဆက် ပေးနေသည့် Burma Strange News မြန်မာပိုင်း အစီအစဉ် ဘလော့ (http://burmastrangenews.blogspot.com/) ယနေ့မှ စ၍ ရပ်တန့်သွားကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဘလော့ ရပ်တန့်ရခြင်းမှာ သတင်းသစ်များကို နေ့စဉ်မပြတ် အိုင်ဒီယာသစ်များဖြင့် တင်ပြနေရသဖြင့် စိတ်ဖိစီးမှု ဒဏ်ကို ဆက်လက် မခံစားနိုင်တော့သောကြောင့် ရပ်ဆိုင်းပစ်လိုက်ခြင်း ဖြစ်ကြောင်း BSNews ၏ တောက်တိုမယ်ရ တာဝန်ခံ ဇီးကွက်မျက်ပြူးက ပြောပြသည်။

ထိုကဲ့သို့ ရုတ်တရက် ရပ်တန့်လိုက်ခြင်းကြောင့် ပရိသတ်များအနေဖြင့် BSNews ဘလော့ကို ယနေ့မှစ၍
ဖွင့်ကြည့်နိုင်တော့မည် မဟုတ်ချေ။ 

"ဒီနေ့မနက်က BS ဘလော့ကို ဖွင့်ကြည့်တယ်ဗျ။ http://burmastrangenews.blogspot.com/ ကို ရိုက်ထည့်လိုက်တယ်ဗျာ။ ဘလော့စပေါ့ တက်မလာတော့ဘူးဗျ။ ဘလော့ မဟုတ်တဲ့ အခြားတခုပဲ ပွင့်လာတယ်။ ကျွန်တော်လဲ မထူးတော့ဘူး ဆိုပြီး ပွင့်လာတဲ့ ဆိုက်ကိုပဲ ဆက်ကြည့်နေမိတော့တယ်" ဟု ပရိသတ်တဦးက ပြောသည်။

ယခုအခါ BSNews ဘလော့ ရပ်ဆိုင်းသွားပြီ ဖြစ်သဖြင့် အဆိုပါ ဘလော့ အစား http://www.burmastrangenews.com/ သို့ ၀င်ရောက်ကြည့်ရှု နိုင်ကြကြောင်း သိရပြီး မူလဘလော့ လိပ်စာအတိုင်းလည်း ၀င်ရောက်နိုင်ကြောင်း သိရသည်။ သို့သော် blogspot လိပ်စာမှာ ထူးဆန်းစွာ ရပ်တန့် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

လွှတ်တော်အတွင်း အမတ်များအားလုံး နှာခေါင်းပိတ်ထားကြရမည်

ဇန်န၀ါရီ ၃၁ ရက်တွေ ကျင်းပမည့် လွှတ်တော် တက်ရောက်ရန် နေပြည်တော်သို့ ကြိုတင်ရောက်ရှိနေသော အမတ်မင်းများ ယနေ့အထိ ရေမချိုးကြရသေးကြောင်း သတင်းရရှိသည်။ (သတင်းကို ဒီမှာ ဖတ်ပါ)

(Irrawaddy News)

အမတ်မင်းများအနေဖြင့်  ရေမချိုးဘဲ လွှတ်တော် တက်ကြရမည် ဖြစ်ရာ လွှတ်တော်အတွင်း အမတ်မင်းများထံမှ နံစော် ပုတ်ဟောင်သည့် ကိုယ်သင်း ရနံ့များ ထွက်ရှိနေမည်ဖြစ်သည်။

ထိုသို့ အနံ့များ ထွက်ရှိနေမည် ဖြစ်သဖြင့် လွှတ်တော်အတွင်း ရောက်ရှိနေသူ အားလုံး အချိန်ပြည့် နှာခေါင်း ပိတ်ထားကြရမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော် အမတ်များ အနေဖြင့် လွှတ်တော်အတွင်းသို့ မည်သည့် အရာဝတ္ထုမျှ ယူဆောင်ခွင့် မရှိဘဲ ကိုယ်လုံးတီး ၀တ်စုံများဖြင့် လွှတ်တော် တက်ရောက်ကြရမည် ဖြစ်သဖြင့်၊ နံစော်သည့် ကိုယ်သင်းနံ့များကို  ကာကွယ်ရန် နှာခေါင်းစည်းဟု လည်းကောင်း၊ မျက်နှာဖုံးဟု လည်းကောင်း ခေါ်ဝေါ်သည့် (musk) များ တပ်ဆင်ခွင့် ရကြမည် မဟုတ်ပေ။ (သတင်းဖော်ပြပြီး၊ ပြန်ဖတ်ရန်)

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ
ရောက်ရှိလာပါပြီ (ကာတွန်း-ဟန်လေး)

သို့ဖြစ်၍ လွှတ်တော်အတွင်း သဘာပတိများ၏ အသင့်ရေးပြီး စာရွက်ပေါ်မှ စာလုံးများအား ဖတ်ပြနေသည်ကို နားထောင်ချင်ယောင် ဆောင်နေချိန်တွင် နှာခေါင်းပိတ်လျက် လည်းကောင်း၊ စာဖတ်ခြင်းပြီးဆုံးသည့် အခါ လက်ခုပ်တီးလျက် လည်းကောင်း၊ လက်ခုပ်တီးနေစဉ် နှာခေါင်းများ အကာအကွယ်မဲ့သွားသဖြင့် နံလာသည်ကို ကာကွယ်ရန် အလျင်အမြန် နှာခေါင်း ပြန်ပိတ်လျက် လည်းကောင်း၊ ပြုမူလှုပ်ရှား နေကြရမည်ဟု သိရသည်။ 

Friday, January 28, 2011

တိုင်းနှင့် ပြည်နယ် လွှတ်တော် ခေါ်ယူရန်ပြင်ဆင်

တိုင်းနှင့်ပြည်နယ် လွှတ်တော် အစည်းအဝေးများ ကျင်းပရန် ၃ ရက်သာ ကျန်ရှိပြီး ကျင်းပမည့်နေရာ၊ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရန် အစီအစဉ်များကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။ “လွှတ်တော်ကို ၄ ရပ်ကွက်က ကိုရွှေရဲ့ အရက်ပုန်းဆိုင်မှာ ကျင်းပမယ်လို့ သိရပါတယ်။ ကျွန်တော့်အနေနဲ့ ဒွေးလေးကြိုင်တို့အိမ်မှာပဲ တည်းရမယ့်အနေအထားပေါ့” ဟု CNP ပါတီဥက္ကဌ ဦးဇိုဇမ်က BSNews သို့ ပြောကြားသည်။

ချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိနန်ကလည်း “ပြည်နယ်ရုံးနားက ဆိုက်ကားဂိတ်နဲ့ အကြော်ဆိုင်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနေရာမှာလုပ်ဖို့ စည်ပင်ရုံးကိုလဲ ပြောထားပြီးပါပြီ။ နေရာ လိုအပ်ရင် ကုလားဖျင်တဲ ထပ်ထိုးဖို့လဲ စီစဉ်ထားပါတယ်။” ဟုပြောသည်။

(Photo: NEJ)

စစ်ကိုင်းတိုင်းဒေသ လွှတ်တော်ကို မုံရွာမြို့တွင် ကျင်းပမည်ဖြစ်ကာ၊ မုံရွာနှင့် အလုံကြားမှ အိုးဖိုတောင်မြို့သစ်တွင် စီစဉ်ထားသည်။
“ပြီးခဲ့တဲ့ ၅ ရက်က အဖိုးကြီးတစ်ယောက် ရှောသွားလို့ အသုဘအိမ်မှာ မဏ္ဍပ်ထိုးထားတာ ရှိတယ်ဗျ။ အဲတာတော်ဖြစ်သွားတာနဲ့ အသုဘအိမ်ရှင်ကို မဏ္ဍပ်မဖျက်ပါနဲ့ဦး ကျွန်တော်တို့ လွတ်တော်အစည်းအဝေးအတွက် ဆက်သုံးချင်ပါတယ်လို့ ညှိနှိုင်းလိုက်တာ အဆင်ပြေသွားတယ်။” ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်ဝေက BSNews ကို ပြောသည်။

ကယားပြည်နယ် လွှတ်တော်ကိုမူ လွိုင်ကော်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း။ ဤလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ ပါဝင်မည်ဖြစ်၍ လွှတ်တော်ကျင်းပမည့်နေရာမှာ နွားခြံ တစ်ခုခုအတွင်း ဖြစ်နိုင်ကြောင်း ကယန်းအမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးပေါလုချမ်းက ပြောသည်။

ရန်ကုန်တိုင်းဒေသငယ် လွှတ်တော်အတွက် ယခင် မဆလ ခေတ်ကကတည်းက မဆလာဖျော်သည့် အဆောက်အအုံ၌ပင် ကျင်းပသွားမည် ဖြစ်သည်။

လွှတ်တော်ကျင်းပမည့်နေရာများနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိရာ ဦးနိုင်ငွေသိန်းက ယခုစီစဉ်ထားသည့် နေရာများမှာ လွှတ်တော်အစည်းအဝေး ကျင်းပရန် ကျဉ်းကျပ်နိုင်သော်လည်း အဆောက်အအုံမှာ ဒုတိယသာဖြစ်ပြီး၊ တပ်ချုပ်ကြီး လုပ်ချင်ရာ လုပ်နိုင်ဖို့သာ အဓိပဖြစ်ကြောင်း ကာကွယ်ပြောကြားသွားသည်။

(ဆြာကြီး K.H.A ပေးပို့သည်)


သတင်း အသေးစိတ်ကို ဖတ်ရှုရန်

ကျွဲနွားများကို ဆိုင်ကယ်အစား စီးနင်းမောင်းနှင်လျက်ရှိ

မြန်မာနိုင်ငံတွင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ တနေ့တခြား ဈေးကြီးလာသဖြင့် အဆိုပါယာဉ်များကို ၀ယ်စီးနိုင်သူ တဖြည်းဖြည်း နည်းပါးလာနေကြောင်း သတင်းရရှိသည်။

သို့ဖြစ်၍ ခရီးသွားလာသည့် အခါ မော်တော်ကားများ အစား မြင်းလှည်း၊ နွားလှည်းများကို စီးနင်းလျက် လည်းကောင်း၊ မော်တော် ဆိုင်ကယ်များ အစား ကျွဲ၊ နွားများကို ခွစီးလျက် လည်းကောင်း၊ လမ်းမကြီးများ ပေါ်တွင် မောင်းနှင် သွားလာနေကြောင်း သိရသည်။ ယခုအခါ ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းမကြီးများပေါ်တွင် လှည်းများ မောင်းနှင်ခြင်းနှင့် ကျွဲနွားများကို မော်တော်ဆိုင်ကယ်ကဲ့သို့ မောင်းနှင်ခြင်းများမှာ အမြင်မတော်သည့်အတွက် မောင်းနှင်ခြင်း မပြုကြရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။


(News Snippet from the web)

သတင်း အပြည့်အစုံသို့

လွှတ်တော်အတွင်း ခွင့်ပြုချက်မရဘဲ အိပ်မငိုက်ရ

လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန်အပ၌ဖြစ်စေ၊ နာယက၏ ခွင့်ပြုချက်မရှိဘဲ သတ်မှတ်ထား သော လွှတ်တော်ပရဝဏ်အတွင်း အိပ်ငိုက်ခြင်း၊ (သို့မဟုတ်) အိပ်ပျော်ခြင်း မပြုရကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများအခန်း ၁၃ ၌ ဖော်ပြထားသည်။ လွှတ်တော် အစည်းအဝေးများအတွင်း လွှတ်တော် ကိုယ်စားလှယ်များ အိပ်ငိုက်ပါက (သို့မဟုတ်) အိပ်ပျော်နေပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ ၁ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေနှင့် နည်း ဥပဒေအခန်း ၁၃ ၌ ဖော်ပြထားသည်။

လွှတ်တော်အတွင်း စာရွက်ပေါ်မှ စာလုံးများကို ဖတ်ပြနေသည်ကို နားထောင်ရသည်မှာ ပျင်းစရာ ကောင်းလွန်းသဖြင့် ကိုယ်စားလှယ်များ အိပ်ငိုက်လေ့ ရှိကြသည်။ အချို့ ကိုယ်စားလှယ်များမှာ အိပ်ပျော်သွားလေ့ ရှိပြီး၊ တရေးနိုးချိန်တွင် ဘုမသိ ဘမသိ လက်ခုပ် ထတီးလေ့ ရှိသဖြင့်၊ ထိုဖြစ်ရပ်များကို ကြိုတင် ကာကွယ်ရန်အတွက် အဆိုပါ ဥပဒေကို ပြဌာန်းခြင်း ဖြစ်ကြောင်း သိရသည်။ လွှတ်တော်အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း တွင် နေပြည်တော်၌ စတင်ကျင်းပမည်ဖြစ်သည်။


သတင်း အပြည့်အစုံသို့

ပါတီတစ်ခုက နိုင်ငံရေးသမားများကို အမျိုးအစားခွဲခြားပြ

၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ပြီး တရားဝင် ရပ်တည်လျက်ရှိသော နိုင်ငံရေး ပါတီတစ်ခုက နိုင်ငံရေးသမား သုံးမျိုးရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ပါတီ၏ ယာယီ ဥက္ကဌ ဖြစ်သူက နိုင်ငံရေးသမားများကို အောက်ပါ အတိုင်း ခွဲခြားနိုင်သည်ဟု ဆိုသည်။

၁။ မိဘလုပ်စာ ထိုင်စားသော နိုင်ငံရေး သမား
၂။ သားသမီး လုပ်စာ ထိုင်စားသော နိုင်ငံရေးသမား
၃။ ကိုယ့်ထမင်း ကိုယ်ရှာစားသော နိုင်ငံရေးသမား

ယခုကဲ့သို့ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံတွင် မကြုံဖူးသေးသည့် Types of Politicians ကို ဆန်းကြယ်စွာ Definition ဖွင့်ဆိုလိုက်သည့်အတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ ထိပ်သီး နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး အကဲခတ်များ ပါးစပ် အဟောင်းသား ဖြစ်သွားရကြောင်း သိရသည်။




Thursday, January 27, 2011

ဗိုလ်ချုပ်ဈေး မီးလန့်

ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး (ခေါ်) စကော့ဈေးမှာ ယမန်နေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်က ဦးလေးကြီး ဂါဝန်ဆိုင် ကနေတဆင့် လောင်ကျွမ်းခဲ့တဲ့ မီးဟာ ဈေးသူဈေးသားတွေရဲ့ စိတ်တည်ငြိမ်စွာ ကသိုဏ်းရှုမှုကြောင့် ညနေ ၄း၁၅ လောက်မှာ "လန့်" ပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။

(Photo: Irrawaddy)

ဗိုလ်ချုပ်ဈေးမှာ မီးစတင် လောင်ကျွမ်းတာနဲ့ ချက်ချင်းပဲ ဈေးသူ ဈေးသား အားလုံးဟာ အဲဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ မီးသတ် ဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း (သတင်း- Click Here) မီးလောင်လျှင် ထွက်မပြေးဘဲ စိတ်တည်ငြိမ်စွာနဲ့ မတုန်မလှုပ် ရပ်တန့်နေကြကာ အဂ္ဂိ-ကသိုဏ်း (ခေါ်) မီးကသိုဏ်း ရှုကြတယ် လို့ သိရပါတယ်။


သို့ကလို မီးကသိုဏ်း ရှုလိုက်တဲ့အတွက် ၁၅ မိနစ်အကြာမှာ လောင်နေတဲ့ အဲဒီ.. မီး- လန့်ပြီးတော့ ငြိမ်းသွားတယ်လို့ ဆိုပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့တော့ မီးငြိမ်းသတ်ဖို့ လာရောက်တာကို မတွေ့ရဘဲ အဝေးထိန်း remote control မီးငြိမ်းသတ်စနစ် (သို့မဟုတ်) အဝေးထိန်း စိတ်စွမ်းအင်နဲ့ ငြှိမ်းသတ်လိုက်တယ်လို့ မြန်မာ့ရုပ်သံက သတင်း ထုတ်လွှင့်သွားပါတယ်။ (မီးလောင်မှု သတင်း-ရှု။)

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်အတွင်း အထင်ကရ ဈေးကြီးများ အလှည့်ကျ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၁ နှစ်အတွက် ကျန်ရှိတဲ့ ဈေးကြီးများက မီးလောင်ခံရဖို့ အလှည့်စောင့်ဆိုင်းလျက် ရှိရာမှာ အခု ဗိုလ်ချုပ်ဈေး မီးလောင်မှုဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ (သတင်းဖော်ပြပြီး၊ Click Here)

(Let-toe-thu: ပရလောကသားများ)

နေပြည်တော် အကယ်ဒမီပေးပွဲသို့ ဂြိုဟ်သားများရောက်ရှိ၊ ဦးကျော်ဆန်း ကြောက်လန့် ထွက်ပြေး

ဇန်န၀ါရီ ၂၃ ရက်က နေပြည်တော် လဟာပြင်တွင် ကျင်းပသော အကယ်ဒမီ ပေးပွဲသို့ အင်္ဂါဂြိုဟ်သားများ လာရောက်ကြကြောင်း သတင်းရရှိသည်။

အဆိုပါ ဂြိုဟ်သားများကို တောက်ပြောင်သည့် ကမ္ဗလာ ၀တ်ရုံတော်ကြီး ဆင်မြန်းထားသော ဂြိုဟ်စားကြီးက ဦးဆောင်လာသည်။



ပန်းကန်ပြားပျံပေါ်မှ ဂြိုဟ်စားကြီး ဆင်းသက်စဉ်

ဂြိုဟ်စားကြီးအား ခြံရံလိုက်ပါလာသည့် ဂြိုဟ်သားများမှာမူ မကြာမီက ထုတ်ပြန်ခဲ့သည့် လွှတ်တော်ဥပဒေကို ဖတ်ရှုထားသူများ ဖြစ်သဖြင့် စိန်ကတ္တီပါ ဖဲမွေ့ယာ အထည်စဖြင့် ချုပ်လုပ်အပ်သော အရောင်တောက်ပြောင်သည့် ဂြိုဟ်သား တိုက်ပုံများကို ၀တ်ဆင်လာကြသည်။

ဂြိုဟ်စားကြီှးနှင့် အခြွေအရံ ဂြိုဟ်သားများ

ဂြိုဟ်သားများ ပန်းကန်ပြားပျံဖြင့် ဆင်းသက်မှုကြောင့် နေပြည်တော် မင်းတြားဂျီးနှင့် ချိတ်ထမီဝတ် ၀န်မင်းများ အားလုံး၊ နေပြည်တော်ကို တိုက်ခိုက်တော့မည် အထင်နှင့် အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကြပြီး ကြွက်တွင်းများထဲသို့ သူ့ထက်ငါ ဦးအောင် အလျှိုလျှို ၀င်ရောက် ပုန်းအောင်းကြသည်ဟု သိရသည်။ နေပြည်တော် လဟာပြင်သို့ ရောက်ရှိနေသော ၀န်ကြီးပု ဦးကျော်ဆန်းမှာမူ ကြွက်တွင်းအောင်းရန် အချိန်မရသည့် အတွက် လဟာပြင် ဇာတ်ရုံနောက်သို့ အပြေးအလွှား သွားရောက် ပုန်းအောင်းခဲ့ကြောင်း ပွဲခင်းထဲတွင် တွေ့မြင်လိုက်သော ပရိသတ်များက ပြောပြသည်။
အာဒါလွတ် နှဲဆြာ ရွာစားကြီး နှင့် ကိုရွှေဖား ဘွဲ့တံဆိပ်ရ အာဖျံကွီး ရွာစားကြီး

ကော်ဖီမစ် လာသောက်တာပါဟု လက်ပြပြောဆိုနေသော ဂြိုဟ်သားတဦး

ဂြိုဟ်သားများ လာရောက်ရခြင်းမှာ လဟာပြင် တွင် ဖွင့်လှစ်ရောင်းချသည့် ကော်ဖီမစ် ရောင်းချပွဲနှင့်   အကယ်ဒမီဆု ပေးပွဲ တက်ရောက်ပြီး၊ စူပါ ကော်ဖီမစ် သောက်ရန် လာရောက်ခြင်းသာ ဖြစ်ကြောင်း ရွာစားကြီး နှစ်ဦးက ၀န်ကြီးပု ဦးကျော်ဆန်းအား ရှင်းပြတော့မှ ၀န်ကြီး၏ ကြောက်ဒူးတုန်ခြင်းများ ရပ်ဆိုင်းကာ ပုန်းအောင်းရာမှ ကုတ်ချောင်းကုတ်ချောင်း ထွက်လာသည်ဟု မျက်မြင် သက်သေများက ဆိုသည်။
ဂြိုဟ်စားကြီးကတော်နှင့် ဂြိုဟ်သူမများ

အကယ်ဒမီပွဲသို့ လာရောက်သူများထဲတွင် အင်္ဂါဂြိုဟ်စားကြီး ကတော်နှင့် ဂြိုဟ်သူမလေးများလည်း ပါဝင်ကြောင်း ရွာစားများက ထပ်မံ ရှင်းပြသောအခါတွင်မူ ၀န်ကြီးပု ကျော်ဆန်းသည် သွားရည်တမြားမြား ကျကာ ခုန်ဆွ ခုန်ဆွဖြင့် လဟာပြင် ဇာတ်စင်ပေါ်သို့ တက်သွားကြောင်း သိရသည်။

သို့သော် ပုန်းအောင်းရန် ၀ရုန်းသုန်းကား ပြေးလွှားစဉ်က ၀န်ကြီးပု၏ ဖိနပ်အစုံမှာ ပရိသတ်အကြား ကျွတ်ကျ ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ၀န်ကြီးပု အနေဖြင့် ကိုရွှေဖား ရွာစားကြီး၏ ဖိနပ်ကို ငှားစီးပြီး စင်ပေါ်သို့ ကမန်းကတန်း တက်သွားရကြောင်း မျက်မြင် တဦးက ပြောသည်။

ထို့ကြောင့် ၀န်ကြီးပု စီးထားသော ဖိနပ်မှာ သူ၏ ခြေထောက်အစုံထက် အဆမတန် ကြီးနေသည်ကို ဓာတ်ပုံထဲတွင် အထင်းသား တွေ့မြင်ရလေသည်။

ဂြိုဟ်သူမကို လှမ်းဖက်ရန် ကြိုးစားနေသော ၀န်ကြီးပု

Let-toe-thu 1: Anonymous
Let-toe-thu 2: Two-2-tha
Let-toe-thu 3: Zarny Win


(Photos: U Win Nyein's Facebook)

ဂြိုဟ်သား ဓာတ်ပုံများကို တ၀ကြီး ရှုစားရန်

မြန်မာမော်ဒယ်ဂဲနှစ်ဦး မျက်နှာသစ်သဖြင့် လေဖြတ်သွား

လူသားအားလုံး အိပ်ရာထတိုင်း မျက်နှာသစ်ကြသော်လည်း မြန်မာ မော်ဒယ်ဂဲ နှစ်ဦးကမူ သူတို့၏ မျက်နှာများ ဖြူဖွေးစေရန် နာရီ၊ မိနစ်၊ စက္ကန့် မလစ်၊ အချိန်တိုင်း မျက်နှာသစ်ကြကြောင်း သိရသည်။


(Photo: myanmar celeberity)

သို့ဖြစ်၍ ထိုမော်ဒယ်ဂဲ နှစ်ဦးကို "မျက်နှာသစ် မော်ဒယ်များ"ဟု မြန်မာ "ဆေးလိပ်-ပုရစ်-တီ" ၀က်ဆိုက် က ရေးသားဖော်ပြသည်။ အဆိုပါ မျက်နှာသစ် မော်ဒယ်ဂဲနှစ်ဦးမှာ မျက်နှာသစ်သည့် အကြိမ်အရေတွက် အလွန် များပြားခြင်းကြောင့် လေဖြတ်သွားကြောင်း၊ ယခုအခါ မျက်နှာများ တခြမ်းရွဲ့နေကြောင်း သတင်းရရှိသည်။

(လက်တို့သူ-ပရလောကသားများ)


မျက်နှာသစ် မော်ဒယ် (၁) Click Here
မျက်နှာသစ် မော်ဒယ် (၂) Click Here

ရွှေတိဂုံ ဂေါပကများ တမလွန်လောကမှ ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ပြုလုပ်

ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ရခိုင်တန်ဆောင်းကို ပြုပြင်မည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့က ပြောသည်။

နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သဖြင့် တန်ဆောင်း အလှူရှင်ကြီးများလည်း ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် တန်ဆောင်းကို တည်ဆောက်ပြုပြင်ရန်အတွက် "တန်ဆောင်း၏ မူလအလှူရှင်များကို အကြောင်းကြားလျက်ရှိကြောင်း" ဂေါပက လူကြီး ဦးဝင်းကြိုင်က ပြောသည်။


True News သတင်း

ဂေါပက လူကြီးမင်းများမှာ ဘုရားရိပ် တရားရိပ်တွင် ခိုလှုံပြီး ကမ္မဌာန်း ဘာဝနာများကို နေ့စဉ် စီးဖြန်းကြခြင်းကြောင့် ၀ိဇ္ဇာ ဇော်ဂျီ တပသီ ဘ၀သို့ အရှင်ထွက်- ထွက်မြောက်သွားသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် တမလွန်ဘ၀ရောက် အလှူဒါယကာများနှင့် အရှင်ထွက်-ဂေါပကများ အဆက်အသွယ် ပြုလုပ်မည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ရွှေတိဂုံ ဘုရားတွင် ပုတီးစိပ်နေသော ဘိုးတော် တဦးက ပြောသည်။

သို့သော် ရွှေတိဂုံ ဂေါပကအဖွဲ့ကြီးအနေဖြင့် အလှူရှင်များကို မည်သို့ မည်ပုံ ဆက်သွယ်မလဲ ဆိုသည်ကို ဘိုးတော်မဟုတ်သော အများပြည်သူ လူအပေါင်းက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။

(မိုးမခသတင်းကို ဇီးကွက်မျက်ပြူး နှမ်းဖြူးသည်)


ဂျာနယ်မှာပါတဲ့ သတင်းဖတ်ရန် 
မိုးမခမှာပါတဲ့ ဂျာနယ်သတင်း အပိုင်းအစများ ဖတ်ရန်

Wednesday, January 26, 2011

မီးလောင်လျှင် ထွက်မပြေးဘဲ အသေခံပါ


ဒီနေ့ ထုတ် မြန်မာ့အလင်း စာမျက်နှာ ၁၀ အောက်ဆုံးမှာ ဖော်ပြထားတာပါ။

"မီးလောင်ရင် ထွက်မပြေးနဲ့ ။ အသေခံလိုက်ပါ" တဲ့။

မီးသတ်ဌာနက ကြော်ငြာ ထည့်ထားတယ်။
စိတ် တည်တည်ငြိမ်ငြိမ်ထားပြီး အသေခံပါ ဆိုပဲ။


(ဇာနည်ဝင်းပေးပို့သည်)

စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဖိုးသူတော်အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်

အပြည့်အစုံသို့

မြန်မာအမျိုးသားအချို့ မကြာမီ လိင်ပြောင်းရန်စိတ်ကူးထား

အသစ်ဖြစ်ပေါ်လာမည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် မြန်မာနှိင်ငံအတွင်းမှ အမျိုးသားအချို့ လိင်စိတ်ပြောင်းလဲ ကျင့်သုံးကြရန် စီစဉ်နေကြကြောင်း၊ မြန်မာမိန်းမလျာများကွန်ယက် မှ ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေ မူကြမ်းတွင် လိင်ဒွိဟ ဖြစ်နေသူများကို စစ်မှုထမ်းစေသည့် အကြောင်း ထည့်သွင်း ထားခြင်းမရှိသည့် အတွက် ယခုကဲ့သို့ လိင်စိတ် ပြောင်းလဲကြရန် စီစဉ်ကြခြင်း ဖြစ်နိုင်ကြောင်း မိန်းမလျာ ကွန်ယက်တည်ထောင်သူ တစ်ဦးက ပြောပြသည်။

အဆိုပါ လိင်စိတ် ပြောင်းလဲလိုသည့် အမျိုးသားများ အနီးကပ် လေ့လာနိုင်စေရန်အတွက် မိန်းမလျာများ နေပုံထိုင်ပုံ နှင့် ပတ်သက်၍ ကွန်ယက်မှ သင်တန်းများ မကြာမီ ဖွင့်လှစ်ပို့ချသွားရန်စီစဉ်ထားကြောင်း

၎င်းက ထပ်လောင်း ပြောကြားသွားသည်။

(ကွီကွီပေးပို့သည်)

HIV လူနာများကို မဖြူဖြူသင်း လက်မခံတော့ဟု သိရ

ရန်ကုန်တိုင်း တောင်ဒဂုံရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာတွင် လူနာများ လက်မခံတော့ကြောင်း Myanmar Times က ရေးသားဖော်ပြသည်။

သို့ဖြစ်၍ အိပ်ခ်ျအိုင်ဗီ ပိုးရှိ လူနာများ သွားရောက် ဆက်သွယ်နိုင်သည့် ၀န်ဆောင်မှုဌာနများအား ရေးသား ဖော်ပြလိုက်ရပါသည်ဟု Myanmar Times က ရေးသားထားပြီး၊ ဆေးရုံ ဆေးခန်း ဆယ်ခု၏ အမည်များကို ဖော်ပြထားသည်ကို တွေ့ရသည်။

(ဇာနည်ဝင်း လက်တို့သည်)


သတင်း အပြည့်အစုံသို့ ..

Tuesday, January 25, 2011

ကား ... ပြ ... ပွဲ


(Photo: Irrawaddy & Freaking News)

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဦးပိုင် ကားပြပွဲမှာ မော်ဒယ် တဦးက ပုံတွင် ပြထားတဲ့အတိုင်း အစွမ်းကုန် ကားပြသွားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီ မော်ဒယ်ကတော့ မြန်မာပြည်ကို ဈေးကွက် ချဲ့ထွင်ဖို့ စီစဉ်နေတဲ့ အိန္ဒိယနိုင်ငံ TATA မော်တော်ကား ကုမ္ပဏီက စေလွှတ်လိုက်တဲ့ မော်ဒယ်ကြီးလို့ သိရပါတယ်။ မော်ဒယ်ကြီးက သူ အခု ကားပြတာဟာ အစမ်းသဘော ကားပြတာပဲ ဖြစ်တဲ့ အကြောင်း၊ နောက်ထပ် နိုင်ငံတကာ ကားပြပွဲတွေ မြန်မာပြည်မှာ ထပ်မံ ကျင်းပတဲ့အခါ ဒီထက် ပိုပြီးတော့ ကားပြမှာ ဖြစ်တဲ့အကြောင်း၊ မြန်မာမော်ဒယ်ဂဲ များအနေနဲ့ နောင်ကျင်းပမယ့် ကားပြပွဲတွေမှာ အစွမ်းကုန် ကားပြနိုင်ကြဖို့ နမူနာ ကားပြတာ ဖြစ်တဲ့ အကြောင်း ပြောကြားသွားပါတယ်။


သတင်း အပြည့်အစုံသို့

My Name is တမတ်သား

မင်းတြားဂျီးက စက်ရုပ် ၃၀၀ ကျော် တီထွင်ထားတယ် တဲ့။ လွှတ်တော် ၃ ခုမှာ သွားထားမယ်လို့  သိရတယ်။ လူစကား ပြောတတ်တယ်၊ ခြိမ်းခြောက်တတ်တယ်၊ သခင့်အမိန့် ကို နာခံတတ်တယ် တဲ့- အဲဒီ စက်ရုပ်တွေက။

စက်ရုပ် ဆိုပေမယ့် သင်တန်း တက်ရတယ်။ တချို့ က အင်္ဂလိပ် စပီကလင် ဆိုလား၊ စပါကလင် ဆိုလား၊ အဲဒီ သင်တန်း တက်ရတယ် တဲ့။ "ဟဲလို - မိုင်နိမ်းအစ် စ် တမတ်သား" ဆိုပြီး သင်တန်းမှာ အပြန်အလှန် ပြောဆို လေ့ကျင့်တာကို ကြားခဲ့တယ်လို့  သိရပါတယ်။

(လက်တို့သူ - ဂျော်ဒီး)

Monday, January 24, 2011

အကယ်ဒမီ ဆုပေးပွဲသို့ ဂေါ်ဇီလာများ တက်ရောက်

ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော် ပွဲဈေးတန်းတွင် ကျင်းပသော စူပါ ကော်ဖီမစ် ရောင်းချပွဲနှင့်အတူ အရန်ပွဲစဉ်တခု အဖြစ် ထည့်သွင်း ကျင်းပသည့် အကယ်ဒမီ ဆုပေးပွဲသို့ ဂေါ်ဇီလာ ဇနီးမောင်နှံများ တက်ရောက်ကြသည်ကို မြန်မာ့ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားသည်။

မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ရာတွင် ဂေါ်ဇီလာ ဇနီးမောင်နှံများ ရောက်ရှိလာပုံ၊ ဂေါ်ဇီလာများ လမ်းလျှောက်နေပုံနှင့် ဂေါ်ဇီလာများကို ပြည်သူလူထုက အံ့သြစွာ ၀ိုင်းကြည့်နေပုံ များကို ပြသသွားပြီး၊ မြန်မာပြည်တလွှားနှင့် ကမ္ဘာအရပ်ရပ်မှ ရုပ်မြင်သံကြားကြည့် မြန်မာ ပရိသတ်များ ရှင်းလင်းစွာ သိရှိစေရန် အတွက် ဂေါ်ဇီလာများ၏ လှုပ်ရှားနေပုံများကို ထုတ်လွှင့်သည့် အခါ ဂေါ်ဇီလာ ဟု ထင်ထင်ရှားရှား စာတန်း ထိုးသွားခဲ့သည်ကို တွေ့မြင်ရပါသည်။


Burmese Classic မှရယူသည်

အကယ်ဒမီ ပေးပွဲတွင် လက်ကိုင်ဖုန်း မသုံးရ

(Photo: Zarny Win)

နေပြည်တော် အကယ်ဒမီဆု ပေးပွဲကြီးသို့ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်း မပြုရဟူသည့် ထူးဆန်းဖွယ် ညွှန်ကြားချက်တရပ်ကို တွေ့ရသည်။ ထိုနည်းတူ ကင်မရာများလည်း ယူဆောင်ခွင့် မပြုပေ။

အထက်ပါ ထူးဆန်းသော ညွှန်ကြားချက် အတိုင်း၊ အဆိုပါ အကယ်ဒမီ ပေးပွဲကြီး၌ မည်သူ တဦးတယောက်မျှ လက်ကိုင်ဖုန်းများ သုံးစွဲခြင်း မရှိသည်ကိုလည်းကောင်း၊ မည်သူမျှ ရုပ်ရှင်၊ ရုပ်သေ ကင်မရာများဖြင့် ရိုက်ကူး မှတ်တမ်း တင်ခြင်း မရှိသည်ကို လည်းကောင်း မြန်မာ့ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ရာတွင် တွေ့မြင်ရပါသည်။



လက်ကိုင်ဖုန်း မပြောပါ


မည်သူမျှ လက်ကိုင်ဖုန်း မပြောကြပါ

မည်သူမျှ ကင်မရာ ယူဆောင်မလာပါ

(MRTV မှ ထုတ်လွှင့်ချက် ရုပ်သံကို Burmese Classic မှ ရယူသည်)

အထက်ပါ သတင်းကို ဓာတ်ပုံ သီးသန့်ဖြင့် ဖတ်ရှုရန်..

Sunday, January 23, 2011

မြန်မာပြည်သို့ တရားမ၀င် ခိုးဝင်လာသည့် အမေရိကန် လင်းတ နှစ်ကောင်အား ပြည်နှင်ဒဏ်ပေး

(Photo: popular)

မြန်မာနိုင်ငံ အတွင်းသို့ လေကြောင်းမှ ခိုးဝင်ကာ ညောင်လေးပင်မြို့ ရပ်ကွက် တခုအတွင်း ဧည့်စာရင်း မတိုင်ကြားဘဲ ညအိပ်နေထိုင်ခဲ့သော အမေရိကန် နိုင်ငံသား လင်းတ နှစ်ကောင်အား ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လင်းတ နှစ်ကောင်သည် အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း ပြည်ဝင်ခွင့် ဗီဇာ မပါရှိဘဲ မြန်မာ့ လေပိုင်နက် အတွင်းသို့ တရားမ၀င် ခိုးဝင်ခဲ့သည့် အတွက် သတင်းရလျှင်ရချင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေး ဌာန တို့က အဆိုပါ လင်းတများ တည်းခိုရာ နေအိမ်သို့ သွားရောက်ကာ ခေတ္တ ခေါ်ယူ ထိန်းသိမ်းခဲ့သည်။ သို့သော် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှုပြီး အဆိုပါ အမေရိကန် နိုင်ငံသား လင်းတ နှစ်ကောင်အား တစုံတရာ ဖမ်းဆီး အပြစ်ပေး အရေးယူခြင်း မပြုဘဲ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သတင်းရရှိသည်။

သို့ရာတွင် အဆိုပါ နိုင်ငံခြားသား လင်းတများကို လက်ခံတည်းခိုခွင့် ပြုခဲ့သည့် ညောင်လေးပင်မြို့မှ အိမ်ရှင်များကိုမူ ဧည့်စာရင်း တိုင်ကြားမှု မပြုသည့်အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။


သတင်း အပြည့်အစုံသို့

အမျိုးသားများကို ဝှေးသင်းမည်ဟု အိုက်စလန် အမျိုးသမီး ၀န်ကြီးချုပ်ပြော

(Photo: Independent)

ဝှေးသင်းခံရမည် ဟူသော သတင်းကြောင့် အိုင်စလန်ရှိ နိုင်ငံရေးသမား အမျိုးသား အားလုံး ထိတ်လန့်နေကြသည်။

အိုက်စလန် ၀န်ကြီးချုပ် မြန်မာ အမျိုးသမီးကြီး ကျော်ဝဏ္ဏ သိက္ခာဓရ ဒေါ်တီ (Johanna Sigurdardottir)က နိုင်ငံရေးတွင် ‘ဝှေးစေ့ ကြီးစိုးတဲ့ခေတ်’ (age of testosterone) ကို အဆုံးသတ်ပစ်ဖို့ ကြွေးကြော် လိုက်သောကြောင့် ဖြစ်သည်။ အမျိုးသားများကို ဝှေးသင်းမည်ဟု ကြွေးကြော်ကာ Challange လုပ်လိုက်သော အဆိုပါ မြန်မာ အမျိုးသမီးကြီးကို တကမ္ဘာလုံးက ကြောက်ရွံ့ အံ့သြနေကြကြောင်း သတင်းရရှိသည်။

သူမ၏ ကြွေးကြော်ချက်အတိုင်းသာ အတည်ဖြစ်လာပါက အိုက်စလန်တွင် ဖြတ်ဖောက်ချုပ်လုပ်ငန်းများ ဆောင်ရွက်ပေးသည့် ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များ စီးပွားဖြောင့်လာနိုင်ပြီး အိုက်စလန် နိုင်ငံရေး စင်မြင့်တွင် ဖြတ်ဖောက်ချုပ်များကို မြင်တွေ့ရဖွယ် ရှိနေသည်။


အိုက်စလန် ၀န်ကြီးချုပ်အကြောင်း မောက္ခတွင် ဖတ်ရန် ...

Thursday, January 20, 2011

အမတ်မင်းများ လွှတ်တော်သို့ ကိုယ်လုံးတီးတက်ရောက်ကြရမည်

မကြာမီ လွှတ်တော်တက်ကြမယ့် အမတ်မင်းများ အနေနဲ့ အမတ်ကြီး ၀တ်စုံကိုယ်စီ ဆင်မြန်းပြီး လွှတ်တော် တက်ရောက်ကြရမယ်လို့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အမိန့်တော်ဟောင်းကို ပယ်ဖျက်ပြီး အမိန့်တော်သစ် တရပ်ကို ကြွက်ပြေး မင်းနေပြည်တော်က ထုတ်ပြန်လိုက်ပါတယ်။ (အမတ်ကြီး ၀တ်စုံ သတင်းဖော်ပြပြီး)(ပြန်ဖတ်ရန်)

အမတ်မင်းတွေအနေနဲ့ အမတ်ကြီး ၀တ်ရုံ ပွပွတွေ ၀တ်ထားရင်.. ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ တွေကို အဲဒီ ၀တ်ရုံ ပွပွတွေ အတွင်းမှာ အလွယ်တကူ လျှို့ဝှက် သယ်ဆောင် လာနိုင်တဲ့ အတွက် ယခုအခါ အမတ်ကြီး ၀တ်စုံများကို ၀တ်ဆင်ခွင့် မပြုတော့ဘဲ အ၀တ်ဗလာ ကိုယ်လုံးတီးနဲ့ လွှတ်တော် တက်ရောက်ကြရမယ်လို့ အမိန့်ချမှတ်တဲ့ အကြောင်း၊ သူတို့ထံ ပေးပို့တဲ့ အမိန့်တော် အသစ်ထဲ မှာ ဖော်ပြထားတယ်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု စမ်းချောင်းမြို့နယ် လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင်က ပြောပြပါတယ်။

ဒါဟာ လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုကြတာတွေ တိုက်ရိုက် ပေါက်ကြားမှာ စိုးတဲ့အတွက် အမတ်မင်းတွေ အပေါ် လုံခြုံရေးတွေ တင်းကျပ်ထားလိုက်တဲ့ ကန့်သတ်ချုပ်ချယ်မှု ဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။

“ဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါ လုံခြုံရေးကို တင်းကျပ်တဲ့ သဘောထား ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းကင်မရာတို့၊ အသံဖမ်းစက်တို့ ဘာတို့ ယူသွားမယ်ဆိုရင် Recording လုပ်တဲ့ကိစ္စတွေ၊ လွှတ်တော်အတွင်းမှာ ပြောကြဆိုကြတဲ့ ကိစ္စတွေ၊ အဲဒါတွေ အပြင်ကို တိုက်ရိုက်ကြီး ပြန်မရောက်အောင် ထိန်းချုပ်တဲ့ သဘောထားတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဲဒီ ပစ္စည်းတွေကို အမတ်ကြီး ၀တ်စုံတွေထဲမှာ လျှို့ဝှက် မသယ်ယူနိုင်အောင် ကိုယ်တုံးလုံး လွှတ်တော် တက်ခိုင်းတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ကုန်းဘောင်ခေတ် မြန်မာ့ လွှတ်တော်အတွင်းမှာ အဲဒီ ပစ္စည်းတွေကို လက်ညှိုးထောင် ခေါင်းညိတ်ကြတဲ့ အမတ်ကြီးများက သုံးစွဲခြင်း လုံးဝ မပြုခဲ့ကြဖူးတဲ့ အတွက် ရှေးမူ မပျက် အစဉ်အလာ ထိန်းသိမ်းကြဖို့ ဒီ အမိန့်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။“

ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်ကို တက်ဖို့အတွက် ရွေးကောက်ခံထားရတဲ့ အမတ်မင်းတွေ အနေနဲ့ လာမယ့် ၂၇ ရက်နေ့မှာ တူညီ ကိုယ်လုံးတီး ၀တ်စုံတွေ ၀တ်ဆင်ပြီးတော့ နေပြည်တော်ရှိ လွှတ်တော်ထဲ ရှေးမူမပျက် နွားလှည်းစီးပြီး အရောက်သွားကြရမှာ ဖြစ်ပါတယ်။
-

ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ အသံဖမ်းစက်နဲ့ ကင်မရာ

အသုံးပြုခြင်းမရှိတဲ့ ကုန်းဘောင်ခေတ် မြန်မာလွှတ်တော်
(Photo: WikiMyanmar)

သတင်း အပြည့်အစုံသို့

ပညာဒါနကျောင်းများ ဖွင့်ခွင့်မပြု၊ ဇိမ်ခန်းများ ဖွင့်ခွင့်ပြု

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်တွင် တည်ရှိသော "အမေ့အိမ် ပညာဒါန" အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ဖွင့်လှစ်ခွင့် မပြုဘဲ တားမြစ်လိုက်ပြီး၊ အနှိပ်ခန်းများ၊ ကေတီဗီများနှင့် ဇိမ်ခန်းများကိုမူ အခြေအနေ မပျက် ဆက်လက် ဖွင့်လှစ်ခွင့် ပြုလိုက်သည်။

စစ်တမ်းတခုအရ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်သူ မိန်းကလေး အများစုမှာ လှိုင်သာယာ မြို့နယ်တွင် နေထိုင်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ တိုင်းပြည်၏ အဆင်တန်ဆာ ဖြစ်သော အဆိုပါ ဇိမ်လုပ်ငန်းများ မပျောက်ကွယ်စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးကို အနာဂတ်တွင် မထိခိုက်စေရန် အတွက် လှိုင်သာယာ မြို့နယ်အတွင်း ပညာဒါန သင်တန်းများ ဖွင့်လှစ်ကာ အသိပညာ မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို အာဏာပိုင်များက မလိုလားခြင်း ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပညာဒါန သင်တန်းကို ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်း ပညာရေး ၀န်ထမ်းတဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည် ကောင်းကျိုး အတွက် ဆောင်ရွက်သည့် ကောင်းမှု လုပ်ငန်းဟူသမျှကို လုပ်ကိုင်ခွင့် မပြုဘဲ ပိတ်ပင်လေ့ရှိပြီး မကောင်းမှု ဒုစရိုက် လုပ်ငန်း မျိုးစုံကိုမူ အာဏာပိုင်များက လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသည်။-

(Screen Shot fr Youtube)

သတင်း အပြည့်အစုံသို့

ယာဉ်တိုက်မှုကင်းမဲ့ဇုန်၌ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း လုံးဝ မရှိ

ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် မီးပွိုင့် (ကုန်သည်ကြီးများ ဟိုတယ်အနီး) ယာဉ်တိုက်မှုကင်းမဲ့ဇုန်အတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က အရှိန်ပြင်းစွာ မောင်းနှင်လာသည့် PRADO မော်တော်ကားတစီးက အငှားယာဉ် တစီးအား နောက်မှ ဝင်တိုက်မှုတခု
လုံးဝ မဖြစ်ပွားခဲ့ပေ။ ယာဉ်တိုက်မှု ကင်းမဲ့ ဇုန်အတွင်း ယာဉ်တိုက်မှု ကင်းရှင်းစွာဖြင့် မည်သည့် ယာဉ်တိုက်မှုမျှ မဖြစ်ပွားခဲ့သဖြင့် အတိုက်မခံရသည့် တက္ကစီ အငှားယာဉ်သည် ဘာမှ မဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

(Photo: the Voice)

Ref: The Voice News-

Wednesday, January 19, 2011

သက်မွန်မြင့် မှော်ဆေးသောက်သဖြင့် နာရီ၊ လက်စွပ်တို့ ရရှိ

-မှော်အတတ်ပညာဖြင့် ဖော်စပ်ထားသည့် ဆေးလုံးကို သောက်သဖြင့် မင်းသမီး သက်မွန်မြင့် လက်ဝတ်လက်စားများ ရရှိသွားပုံကို ယနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဆေးမသောက်မီပုံ နှင့် ဆေးသောက်ပြီးပုံကို ယှဉ်တွဲ ပြထားရာ နာရီ၊ လက်စွပ်တို့ ရရှိသဖြင့် ပြုံးပျော်နေသော သက်မွန်မြင့်ကို ချစ်စဖွယ် မြင်ကြရလေသည်။

စိတ်ဖိစီးနေချိန် နံနက်ခင်းတွင် ထိုဆေးသောက်လိုက်သဖြင့် “ပျော်ရွှင်ခြင်းတို့ ပြည့်ဝသည့် နေ့ ရက်” ဖြစ်ပေါ်လာသည်ဟု မင်းသမီး၏ ပြောကြားချက်ကိုလည်း ဂျာနယ်တွင် တွေ့ရသည်။ 


(Myanmar Post)

မှော်ဆရာတို့ အထူး ဖော်စပ်ထားသော ထိုဆေး၏ တန်ဘိုးကို မသိရသေးပေ။ 

(ဇာနည်ဝင်း ပေးပို့ သည်)

အီး-ပုလိပ် ဆိုသည်မှာ

အီး-ပုလိပ် (e-Police) ဆိုသည်မှာ မည်သို့သော ပုလိပ်၊ အဘယ်သို့သော ရဲဖြစ်ကြောင်း ပေါ်ပြူလာ မြန်မာတွင် ရေးသား ဖော်ပြချက်ကို တွေ့ရသည်။ 

(Photo: Wikimedia & Best B2B)

လမ်းဘေးတွင် အီးအီးပါသောကြောင့် လည်းကောင်း၊ နေရာတကာ ချီးထုတ်ကျသောကြောင့် လည်းကောင်း "အီး-ပုလိပ်" ဟု အမည်တွင်သည့် အဆိုပါ ရဲများကို ဘဲဥဟု လူအများက ခေါ်ကြောင်း သိရပြီး စပါယ်ယာများက နေ့စဉ် ပူဇော် ပသ ကြရသည်။ 

(ပေါ်ပြူလာတွင် ရှုစားရန်) -

မြန်မာအမျိုးသမီးငယ်များ လုံခြုံစွာ ၀တ်ဆင်ရမည်ကို မနှစ်သက်

ယနေ့ ခေတ် မြန်မာသမီးပျိုတို့  ၀တ်စား ဆင်ယင်ရာတွင် ပခုံးသား နှင့် လက်မောင်းသားများကို သူ့ ထက်ငါ အပြိုင်အဆိုင် ဖော်ပြနေကြသည်။ 

ဇန်န၀ါရီ ၁၉ ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်ရှိ ပုံတပုံတွင် ၇၀ ရာခိုင်နှုန်းခန့် သော အမျိုးသမီးတို့ က ထိုသို့  ဖော်ပြခြင်းကို လိုလားကြောင်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့် ကသာ လုံလုံခြုံခြုံ ၀တ်ဆင်ကြောင်း တွေ့ရသည်။  

ဖော်ပြလိုသော အမျိုးသမီးတို့ က ငယ်ရွယ်သူများ၊ ဆံပင်တိုသူများ ဖြစ်သည်။ ရှေးရိုးဆန်သော အမျိုးသမီးတို့ က ရင့်ကျက်နေသူများ၊ ဆံပင်ရှည်သူများဖြစ်ကြောင်း တွေ့ ရသည်။  
ပုံတွင် ပါရှိသော ရှေးရိုးဆန်သူ အမျိုးသမီးမှာ ၀ါရင့် အဆိုတော် မေခလာ ဖြစ်သည်။
ခေတ်ပေါ် လုံမငယ်တို့ ၏ အမည်များကို စုံစမ်းဆဲ ဖြစ်သည်။

မြန်မာအမျိုးသမီးတို့ ၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူများကို ဆက်သွယ် မေးမြန်းသောအခါ အလွန် စိတ်ဝင်စားကြကြောင်း တွေ့ရသည်။ သို့ သော်လည်း BSN အတွက် ရေးမည့် သတင်းဖြစ်သောကြောင့် မှတ်ချက် တစုံတရာ ပေးရန် အသည်းအသန် ငြင်းဆန်ကြသည်။

(Photo: Myanmar Post)

 (ဇာနည်ဝင်း ပေးပို့ သည်)  

Tuesday, January 18, 2011

မြန်မာမိကျောင်းတကောင် အမေရိကန်တွင် ခိုလှုံခွင့် ရရှိ

(Photo: Myanmar Post)

ယနေ့ ခေတ်တွင် ဒုက္ခသည် အတုအပ များပြားလှသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရသွားသူမှာ အမှန်အကန် ဒုက္ခသည်ဖြစ်သည်။  

ထို ဒုက္ခသည်မှာ မိကျောင်းတကောင် ဖြစ်နေသောကြောင့် တကမ္ဘာလုံးကသာမက အဂါဂြိုဟ်မှ ဂြိုဟ်သားများကပင် ပန်းကန်ပြားပျံဖြင့် တဖွဲဖွဲ လာရောက်ပြီး သတင်းယူနေကြသည်။  
ထို ဒုက္ခသည်၏ မူလ နေရာဟောင်း နေပြည်တော်သို့လည်း အဂါဂြိုဟ် စာနယ်ဇင်းသမားများ အပြည့် တင်ဆောင်ထားသည့် ပန်းကန်ပြားပျံများ သွားရောက်သောကြောင့် လုံခြုံရေး အထူး တင်းကျပ်ထားသည်။ (သတင်း ဖော်ပြပြီး Click Here)  

စကြ၀ဠာတခုလုံးမှ သတင်းသမားများ စိတ်ဝင်စားနေသော ထို ဒုက္ခသည် မိကျောင်းမှာ နေပြည်တော်မှ ပြေးလာသူဖြစ်သည်ဟု နေပြည်တော်ရေးရာ ကျွမ်းကျင်သူ သတင်းထောက် နရီလင်းလက်က အတည်ပြုသည်။  

“မိကျောင်းက နေပြည်တော်ဇာတိပါ။ ကြပ်ပြေးကပေါ့နော်။ ဟိုတလောက ဆင်နီရှင်-ဆင်ညိုရှင်ဘွဲ့ခံ မင်းတြားရူးကြီးက ဗေဒင်ဆရာအကြံပေးလို့  သူ မြင်မြင်သမျှကို ရွှေချဖို့ ရွှေရောင်သုတ်ဖို့ အမိန့် ပေးတာ မှတ်မိတယ် မဟုတ်လား။ ဒီမိကျောင်းလည်း ရွှေရောင် အသုတ်ခံရတယ်။ အဲ - ဆေးပျက်မှာစိုးလို့ ရွှေရောင် ဆေးမင်ကြောင် ထိုးပေးလိုက်တာ” ဟု သူက ပြောသည်။ 

နေပြည်တော်မှ ထွက်ပြေးရသည့် အကြောင်းရင်းကိုလည်း နရီလင်းလက်က အသေးစိတ် ရှင်းပြသည်။ 
 “အဲဒါ ရွှေရောင်ထိုးပြီးတော့ မိကျောင်းက အရမ်း လှသွားတယ်ပေါ့နော် သူတို့ အမြင်မှာ။ အထူးသဖြင့် ဒေါ်ကွိုင်ကွိုင်က သိပ် ကြိုက်တာ တဲ့။ အရေခွံခွာပြီး စလင်းဘက် ချုပ်လိုက်ရင် ပိုပြီး လန်းမယ်ဟေ့လို့  ဒေါ်ကွိုင်ကွိုင် ပြောတာကို မိကျောင်းက ကြားသွားပြီး ပြေးလိုက်တာ တန်းနေတာပဲ။ အခု ယူအက်စ် ရောက်သွားပြီဆိုတာ သတင်းထဲ ပါလာမှ သိရတယ်” ဟု ဆိုသည်။  

အမေရိကန်ရောက် ဆူရှီ နှင့် ကဗျာဆရာ အန်ကယ်သာ က “ဟုတ်တယ်။ လိမ္မော်ရောင်မိကျောင်း ဆိုပြီး သတင်းတွေမှာ ပါလာတယ်။ တကယ်တော့ ရွှေရောင်ပါ။ အမေရိကန်တွေက အရောင်တွေကို ခွဲခြားသိတဲ့ကောင်တွေ မဟုတ်ဘူး။ ပြီးတော့ အမေရိကန်တွေက ဒီကောင့်ကို မြင်တာနဲ့ အလန့် ထညက် ဖြစ်သွားကြတယ်။ ဒါဟာ ဒီနိုင်ငံမှာ အသားအရောင် ခွဲခြားမှု ပပျောက်ဖို့ နေနေသာသာ ခွဲခြားမှုတွေ အပြင်းအထန် ရှိနေဆဲ ဆိုတာကို ပြတာပဲ” ဟု ရှင်းပြသည်။  

ထိုမိကျောင်းက သဘောကောင်းသူဖြစ်သည်ဟုလည်း အန်ကယ်သာက ဆိုသည်။ 
 “ဒီငနဲ မြန်မာပြည်ကလာတော့ မြန်မာ့စတိုင်ကို ထိန်းထားတယ်။ လူတွေ့ရင် ဟက်ဟက်ပက်ပက် ပြုံးပြတာပဲ။ ဒါပေမယ့် အမေရိကန်တွေက သူ့ အပြုံးကို နားမလည်ဘူးဗျ။ မိကျောင်းက ပါးစပ်ဖြဲပြတယ်၊ ကြောက်တယ် ဆိုပြီး ထွက်ပြေးကြတာ။ ကောင်းရောဗျာ၊ ဟားဟားဟား” ဟု အန်ကယ်သာက ရယ်ရယ်မောမော ပြောပြသည်။  

ထို ဒုက္ခသည် မိကျောင်းသည် အမေရိကန်တွင် ခိုလှုံခွင့် မရခင်က ဒုက္ခသည်စခန်းများ တည်ရှိရာ ထိုင်းမြန်မာနယ်စပ် မြ၀တီ၊ မဲဆောက် စသည့် မြို့များ အနီးတွင် ကျက်စားခဲ့သည်။ 
ရွှေရောင် မိကျောင်းသားရေ စလင်းဘက် အလိုရှိသူ ဒေါ်ကွိုင်ကွိုင်၏ အမိန့် ဖြင့် မြ၀တီ၊ မဲဆောက်လမ်းကို ပိတ်ဆို့ ပြီး မိကျောင်း ရှာပုံတော်ဖွင့်ခဲ့သော်လည်း အောင်မြင်မှု မရပေ။  

နယ်စပ် ပိတ်သဖြင့် မြ၀တီ၊ မဲဆောက် ကုန်သွယ်ရေး ရပ်တန့် သွားခြင်းကြောင့် တနေ့ လျှင် ဘတ်သန်းပေါင်း ကိုးရာကျော် ဆုံးရှုံးရသည်ဟု ထိုင်းနိုင်ငံ တပ်ခရိုင် ကုန်သည်ကြီးများအသင်းက ဆိုသည်။ 

ရွှေရောင် မိကျောင်း ယူအက်စ်တွင် ခိုလှုံခွင့် ရသည်ကို ဒေါ်ကွိုင်ကွိုင် မသိသေးသဖြင့် မြ၀တီ၊ မဲဆောက်လမ်းကြောင်း ပြန်ဖွင့်ရန် အမိန့်  မထုတ်သေးကြောင်း သိရသည်။

သတင်းဖတ်ရန်

(ဇာနည်ဝင်း ပေးပို့ သည်။) -

တို့အလံ သင်ခန်းစာ ဖြတ်ညှပ်ကပ် သင်ကြားမည်

(Photo: Shwedarling)

ပြောင်းလဲလိုက်သော နိုင်ငံတော်အလံသစ်အတွက် အခြေခံပညာကျောင်းသင်ခန်းစာများတွင် အလံသစ် အကြောင်း သင်ကြားပို့ချရန် ရှိနေသည်။ သို့သော် အလံသစ် သင်ခန်းစာ ပါရှိသည့် ကျောင်းစာအုပ်များကို အသစ်ရိုက်နှိပ် ထုတ်ဝေခြင်း မရှိပေ။ အစိုးရ အနေဖြင့် ကျောင်းသူ ကျောင်းသားများ၏ ပညာရေး တိုးတက် မြင့်မားစေရန် စိတ်ဆန္ဒ အလျင်းမရှိသဖြင့် ပညာရေး
ဝန်ကြီးဌာနတွင် ကျောင်းသုံးစာအုပ်များ  အသစ် ရိုက်နှိပ် ထုတ်ဝေရန် ပိုက်ဆံမရှိဖြစ်နေသည်။

ထို့ကြောင့် ဒုတိယတန်း မြန်မာစာဘာသာရပ်တွင် ပြဋ္ဌာန်းထားသော တို့အလံသင်ခန်းစာ အဟောင်းအား ကတ်ကြေးဖြင့် ဖြတ်ထုတ်ပြီးနောက်၊ ထိုစာရွက် နေရာတွင် ကျောင်းသုံးစာအုပ် အရောင်းဆိုင်များတွင် ဖြန့်ဝေပေးထားသည့် တို့အလံ သင်ခန်းစာအသစ် စာရွက်ကို ဖြတ်ညှပ်ပြီး ကော်ဖြင့်ကပ်၍ သင်ကြားကြရမည် ဟု အမှတ်(၃) အခြေခံ ပညာဦးစီးဌာန ရန်ကုန်တိုင်းက အခြေခံပညာ ကျောင်းများသို့ ညွှန်ကြား ထားသည်ဟု Eleven Media Group က သတင်း ရေးသား ဖော်ပြသည်။


(Eleven News)

 သတင်းအပြည့်အစုံသို့

ရန်ကုန်မြို့ ၂၉လမ်း(အောက်)ရှိ တိုက်တလုံး နံရံပြိုကျမှုရဲ့ အကြောင်းရင်း (နောက်ဆက်တွဲ သတင်းအပြည့်အစုံ)

ဇန်န၀ါရီလ ၉ ရက်နေ့ နေလယ်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်း(မဟာဗန္ဓုလလမ်း နှင့် ကုန်သည်လမ်းကြား)ရှိ တိုက်အမှတ် ၂၄တွင် တိုက်ရှေ့ နံရံပြိုကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း Eleven Media Group က မကြာသေးမီက သတင်းတပုဒ် တင်ပြသွားသည်။

(Photo: Eleven)

''နေ့လယ် ၁၁ နာရီ ၂၅ မိနစ် ၀န်းကျင်မှာ ဖြစ်ခဲ့တာပါ။ တိုက်အောက် ပလက်ဖောင်းနားမှာ ထိုင်နေတဲ့ အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးပေါ်ကို တိုက်နံရံက ပြိုကျခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်''ဟု ၂၉ လမ်းတွင် နေထိုင်သူတစ်ဦးက EMG သို့ပြောကြားသည်။

''ဘေးတိုက်က တိုက်အသစ်ဆောက်ဖို့ ဖြိုဖျက်ပြီးပါပြီ။ ဖြိုပြီးသွားတော့ ဒီတိုက်ရဲ့ ရှေ့နံရံတစ်ခုက ဒီအတိုင်း ကျန်ခဲ့တာပါ။ အခု ပြိုတယ်ဆိုတာကလည်း အဲဒီ နံရံတစ်ခုတည်း ပြိုတာ ဖြစ်ပါတယ်'' ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက EMG ကို ရှင်းပြသည်။ အဆိုပါ တိုက်ဘေးရှိ ၂၉ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် အဆောက်အအုံဟောင်းကို ဖြိုဖျက်ပြီး အဆောက်အအုံသစ် ဆောက်လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်တစ်ခု ရှိကြောင်းနှင့် တိုက်အမှတ် ၂၄ သည် လူနေထိုင်ဆဲ အဆောက်အအုံ တစ်လုံး ဖြစ်ကြောင်း EMG က ဖော်ပြသည်။
အဆိုပါ တိုက်ပြိုကျသည့် သတင်းကို တင်ပြသွားသော်လည်း ပြိုကျရခြင်း နောက်ကွယ်မှ အကြောင်းရင်းကို မူ ဖော်ပြထားခြင်း မရှိပေ။

စာပေစိစစ်ရေးမှ ဖြတ်တောက်လိုက်သည့် EMG ၏ မူရင်း အောက်ဆုံး စာပိုဒ်မှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း ပြည်တွင်း သတင်းထောက်တဦးက လက်တို့ထားသည်။


“အမှန်ဆို ဒီအဆောက်အအုံတွေက ဖျက်သင့်နေပြီ။ သူ့ဘေးက အရင် ဖြိုဖျက်ထားပြီး တိုက်နဲ့ အခုပြိုကျတဲ့ တိုက်က သက်တမ်း အတူတူပဲ။ အဲဒီတိုက်မှာ ပူပူနွေးနွေး ခြင်္သေ့ပါတီက လွှတ်တော်အမတ် တယောက်နေတော့ ဘယ်သူမှ မဖျက်ရဲ ကြဘူး။ မဖျက်ရဲဘဲ ဒီအတိုင်းထားတော့ ပြိုတာပေါ့” ဟု ပြိုကျခဲ့သည့်တိုက် အနီးတွင် နေထိုင်သူ တဦးကပြောသည်။

သတင်း အပြည့်အစုံ ...

(ပန်းသီးစားသူများ ပေးပို့သည်)

Monday, January 17, 2011

လွှတ်တော်တက် အမတ်မင်းအားလုံး အမတ်ကြီးဝတ်စုံများ ၀တ်ဆင်ရမည်

ဇန်န၀ါရီ ၃၁ တွင် ကျင်းပမည့် လွှတ်တော် တက်ရောက်မည့် အမတ်မင်းများ အားလုံးသည် အမတ်ကြီး
ဝတ်စုံ များဖြစ်သည့် ဗောင်း၊ နားဋောင်း၊ သိုးရင်းအင်္ကျင်္ီ၊ တောင်ရှည်ပုဆိုး တို့ကို ၀တ်ဆင် ကြရမည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။


ထို့ပြင် အမတ်မင်းများ အားလုံးသည် အမတ်ကြီးများ၏ ဂုဏ်ဒြပ်နှင့် လျော်ညီအောင် နှုတ်ခမ်းမွေးကော့ကော့ ထားကြရမည်ဟုလည်း အဆိုပါ အမိန့်တွင် ဖော်ပြပါရှိသည်။ နှုတ်ခမ်းမွေး မရှိသော အမတ်များအနေဖြင့် နှုတ်ခမ်းမွေးအတု တင်ဆင်ကြရမည် ဟု ဆိုသည်။

ကုန်းဘောင်ခေတ် မြန်မာ့လွှတ်တော်အတွင်း မျက်မှန်တပ် အမတ်ကြီးများ တက်ရောက်ခဲ့သော ထုံးစံ မရှိသဖြင့် ယခု လွှတ်တော် တက်ရောက်မည့် အမတ်များအနေဖြင့်လည်း မျက်မှန်တပ်ဆင်သူများ ဖြစ်ပါက မျက်မှန်မတပ်ဘဲ လွှတ်တော်တက်ရမည်ဟု အမိန့်တွင် တွေ့ရသည်။ အဆိုပါ အမတ်များမှာ မျက်မမြင် ပုဏ္ဏားများကဲ့သို့ စမ်းတ၀ါးဝါး လမ်းလျှောက် ကြရဖွယ် ရှိသည်။

အဆိုပါ အမိန့်ကြောင့် အမတ်များအားလုံး ဇာတ်ထဲမှ အမတ်ကြီး ၀တ်စုံများကို အလုအယက် ငှားရမ်းနေကြသဖြင့် ဇာတ်သဘင်များ အလုပ်ဖြစ်နေကြောင်း သိရသည်။ မကြာသေးမီက ရာဇပလ္လင်တခု ကိုလည်း လွှတ်တော်အတွင်း ပြောင်းရွှေ့ခဲ့သည်ဟု သတင်းတပုဒ်က ဆိုသည်။
(Click Here)

(Pictures: Myanmar Bookshop)

သတင်း အပြည့်အစုံ ...

Twitter သည် မြန်မာစကားဖြစ်ပြီး၊ Twitter တည်ထောင်သူမှာ မြန်မာလူမျိုးဖြစ်

ယခု ရေပန်းစားနေသည့် Twitter "တွစ်တာ" သည် "တွတ်တာ"၏ သိုးဆောင်း အသံဖြစ်သည်။
ထိုဝေါဟာရသည် မြန်မာစကား "တွတ်တီးတွတ်တာ" မှ ဆင်းသက်သည်ဟု Twitter ကို တည်ထောင်သူ မြန်မာအမျိုးသမီးကြီး ဒေါ်စီ (Jack Dorsey)က Burma Strange News ကို ပြောပြသည်။


(Twitter's Logo)

"ဒီအတိုင်းဆိုရင် မြန်မာစကားဟာ ကမ္ဘာသုံးဖြစ်လာမှာ ၁၂၀% သေချာတယ်" ဟု မြန်မာ အိုင်တီ ဘလော်ဂါတဦးက ပြောသည်။

အိုင်တီ လောကတွင် မြန်မာလူမျိုးများ၏ အောင်မြင်မှုကို အသိအမှတ်ပြုရန်နှင့် မြန်မာစကား ကမ္ဘာသို့ ထိုးဖောက်ခြင်းကို အသိအမှတ်ပြုရန် Twitter ကို အသုံးပြုလိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာလူမျိုးတဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အားပေးမှုကို မိမိလည်း ခံယူလိုပါကြောင်း၊ သူမ၏ Facebook ကို စိတ်မ၀င်စားဘဲ "တွတ်တီးတွတ်တာ" ကို အားပေးသည့် အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်း မြန်မာအမျိုးသမီးငယ် မဇကာပေါက် (Mark Zuckerberg)က ၀မ်းနည်းစွာ ပြောသည်။ နောင်တွင် အားပေးမှုခံရ စေရန်အတွက် Social Network Service အသစ်များ ဆောင်ရွက်သည့်အခါ မြန်မာအမည် ပေးသွားမည် ဖြစ်ကြောင်း  သူမက ဆက်လက် ပြောသွားသည်။

(ပန်းသီးစားသူများ definition ဖွင့်ဆိုသည်)

ပို့စ်မော်ဒန် ကရင်ဒုံးယိမ်း

(Source: yeyintnge)

Sunday, January 16, 2011

ရန်ကုန်မြို့တွင် Night ကလပ်များပိတ်၊ Dayကလပ်များဖွင့်

ရန်ကုန်မြို့ရှိ ညကလပ် (Night Club) တချို့ အထူးစီမံချက်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားခံရပြီး
နေ့ကလပ် (Day Club) တခုကို အထူးစီမံကိန်းဖြင့် ဖွင့်လှစ် လိုက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးရှိ JJ ကလပ်၊ Global Future ကလပ် နှင့် တိရစ္ဆာန်ရုံအနီးရှိ IQ ကလပ်များကို အထူးစီမံချက်ဖြင့် ပိတ်ထားခံရခြင်း ဖြစ်ကြောင်း JJ ညကလပ်သို့ အပတ်စဉ် သွားလေ့ရှိသူတဦးက ပြောသည်။


(Photo: Brent Lewin)

အဆိုပါ အပိတ်ခံထားရသော ညကလပ်များသည် လူအစည်ကားဆုံး ညကလပ်များဖြစ်သည်။ ရန်ကုန်မြို့တွင် ပိုင်အိုးနီးယား၊ DJ Bar ၊ ကဖီးလေဘယ်၊ V6 စသော ကလပ်များသည် လူကြီးသားသမီးများ အဓိက သွားရောက်သည့် ကလပ်များဖြစ်ပြီး JJ ၊ Global Future ၊  IQ ၊ YGN စသော ကလပ်များသည် အဆိုပါ ကလပ်များထက် ဈေးနှုန်းသင့်တင့်သောကြောင့် လာရောက်သူများပြားသည်ဟု သိရှိရသည်။ ယခု အသစ် ဖွင့်လှစ်လိုက်သော နေ့ကလပ်မှာမူ ၁၀ ရက် ကခုန်ရန်အတွက် ငွေကျပ် တသောင်းခွဲသာ ပေးရကြောင်း
သိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရန်ကုန်နှင့် မန္တလေးမြို့ ရှိ Day Club (နေ့ကလပ်) နှင့် ညကလပ် များကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ စီမံချက်ဖြင့် ယာယီပိတ်ခဲ့ဖူးသည်။ ယခု ၂၀၁၁ နှစ်ဦးပိုင်းတွင်မူ ညကလပ်များကိုသာ ပိတ်ခြင်းဖြစ်ပြီး Day Club တခုကိုမူ စစ်အစိုးရ အရာရှိကြီးများ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေ့ကလပ်ကို ဘားအံမြို့အထိ တိုးချဲ့ ဖွင့်လှစ် ခဲ့သည်။


အသစ်ဖွင့်လှစ်လိုက်သည့် နေ့ကလပ်မြင်ကွင်း (HRM)

ဘားအံအထိ တို့ချဲ့လိုက်တဲ့ နေ့ကလပ် (yeyintnge)
(အက သင်တန်းမှူးကို စင်မြင့် ညာဘက်တွင် တွေ့ရသည်) 

တောင်ကိုးရီးယား အရာရှိတဦး အကြားအမြင်ရ

အိန္ဒိယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအ၀င် သင်္ဘောသား ၂၁ ဦး ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား ၈ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦးပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိန္ဒိယသမုဒ္ဒရာထဲမှာ ပင်လယ်ဓါးမြတွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သင်္ဘော အခုဘယ်မှာရောက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့  ဘာမှ တိတိကျကျ မသိပေမဲ့ သင်္ဘောပေါ်မှပါသွားသူတွေ ထိခိုက်မှု တစုံတရာမရှိဘူးလို့  ကနားစီး ထိပ်တန်း သိဒ္ဓိအောင် ဘိုးတော် ဖြစ်တဲ့ အကြားအမြင်ရ တောင်ကိုးရီးယား အရာရှိတဦးက ပြောဆိုသွားပါတယ်။


(Snippet from VOA News)

သတင်းအပြည့်အစုံသို့

ယာဉ်စီးသူများ ပုဆိုးမကျွတ်စေရန် ခါးပတ်ဥပဒေ ပြဌာန်း

မော်တော်ယာဉ်တိုင်းတွင် ခါးပတ်တပ်ဆင် အသုံးပြုရန်အတွက် “ခါးပတ်ဥပဒေ” တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
(Photo: Flicker)

ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ရသော်လည်း ယာဉ်ပေါ်ပါသူများက ခါးပတ် ပတ်ထားလျှင် ပုဆိုးကျွတ်ကျမှု  နည်းပါးစေနိုင်မည် ဖြစ်ကြောင်း သိရသည်။ “၁၉၆၄ တုန်းက ကားတွဲစီးတာ မရှိသေးတဲ့အတွက် အဲဒီတုန်းက ထုတ်တဲ့ မော်တော်ယာဉ် ဥပဒေမှာ ဒီ ခါးပတ်ဥပဒေ မပါသေးဘူး။ အခုတော့ ကားတွယ် စီးသူတွေ များလာတော့ တွယ်စီးသူတွေရဲ့ ပုဆိုးတွေ မကျွတ်စေဖို့ ကားစီးသူတွေ အားလုံး မဖြစ်မနေ ခါးပတ်ပတ်ကြရမယ့် ဒီဥပဒေကို ထုတ်ပြန်တာပါ” ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါ ဥပဒေအရ လိုင်းကားများတွင် ဂက်စ်အိုးများပေါ် ထိုင်လိုက်ကြရသော ခရီးသည်များ၊ သံဘားတန်းကို ကိုင်ကာ မတ်တပ်ရပ်စီးရသော ခရီးသည်များနှင့် အပေါက်ဝမှတွယ်စီးသော ခရီးသည်များ အားလုံး ခါးပတ်များကို ပတ်ထားကြရန် လိုအပ်ကြောင်း သိရှိရပါသည်။

ယခုအခါ ခရီးသွား သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ တွင် ခရီးသည် အဆမတန် တင်မှုကြောင့် ကားတွယ်စီးသူများ များလာကြောင်း၊ နောင်တွင် မိန်းကလေးများပါ ကားတွယ် စီးလာနိုင်ကြောင်း၊ ယောက်ျားလေးများ ပုဆိုးကျွတ်လျှင် ကြီးမားသော ပြသနာမဟုတ်ဟု ယူဆလိုက ယူဆနိုင်သော်လည်း၊ မိန်းကလေးများ ထမီကျွတ်လျှင် မသင့်တော်သဖြင့် ဤဥပဒေကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ်  စီးနင်းရာတွင် ခရီးသည်များ အားလုံး ခါးပတ်ပတ်ရခြင်းမှာ အခြေခံလိုအပ်ချက် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။


သတင်းအပြည့်အစုံသို့

(ပေါ်ဦး ပေးပို့သည်)

Wireless လျှပ်စစ်မီတာများ တပ်ဆင်တော့မည်


(Photo: MMdailyNews)
လျှပ်စစ် မီတာစာရေးများ အနေဖြင့် ရပ်ကွက်အတွင်းမှ လူနေအိမ်များ၊ တိုက်ခန်းများသို့ ကိုယ်တိုင်ကိုယ်ကျ မီတာ လာဖတ်ရန် မလိုသည့် အဝေးထိန်း Wireless စနစ်သုံး လျှပ်စစ်မီတာပုံးများကို မြန်မာပြည်တွင် ပထမဦးဆုံး အဖြစ် စတင်ထုတ်လုပ်နေပြီး မကြာခင် ပြည်တွင်း၌ လက်ရှိ အသုံးပြုနေသော မီတာပုံးများ နေရာတွင် ပြောင်းလဲ အစားထိုး၍ ကျယ်ပြန့်စွာ အသုံးပြုသွားဖွယ် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ Wireless စနစ်သုံး အီလက်ထရောနစ် မီတာပုံးများကို မန္တလေး တိုင်း၊ ရတနာပုံ ဆိုက်ဘာစီးတီးရှိ Fisca Security & Electrical Engineering Co., Ltd မှ ယခုအခါ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး မကြာမီ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိရန် စီစဉ်သွားမည်ဟု ကြားသိရသည်။

အဆိုပါ အီလက်ထရောနစ် မီတာပုံး များကို လက်ရှိ အသုံးပြုနေသော မီတာပုံးများ နေရာတွင် ထား၍ အသုံးပြုရမည် ဖြစ်ပြီး မီတာ စာရေးများ အနေဖြင့် မီတာပုံးအသီးသီးတွင် ညွှန်ပြမည့် မီတာ ယူနစ်များကို လျှပ်စစ်ရုံးမှ နေ၍ Wireless စိတ်မှန်းဖြင့် ထင်သလို ရေးသား ကောက်ခံသွားမည်ဟု သိရသည်။ သို့သော်
အဝေးထိန်း Wireless မီတာဖတ် စနစ်သို့ ပြောင်းလဲ သုံးစွဲရမည့် ကာလအပိုင်းအခြားကိုမူ ယခု သတင်းရေးသားပြီးချိန် အထိ မသိရသေးပါ။


(Photo: MMdailyNews)

အထက်ပါ သတင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ ပြည်သူများ၏ အမြင်ကို တောင်းခံကြည့်ရာ လက်ရှိမီတာပုံးများ နေရာတွင် ပြောင်းလဲ၍ မီတာပုံး အမျိုးအစား အသစ်များ ပြောင်းလဲ အသုံးပြုမည် ဆိုပါက ပြည်သူများဘက်မှ မည်သည့် ပိုက်ဆံမျှ ထပ်မပေးရလျှင်တော့ အထူး ကန့်ကွက်ရန် မရှိကြောင်း၊ သို့သော် မီတာ စာရေးများ အနေဖြင့် သူတို့စိတ်မှာထင်သလို  စိတ်မှန်းဖြင့် အဝေးထိန်း Wireless စနစ်ကို အသုံးပြီုး ပေါက်တတ်ကရ မီတာယူနစ်တွေ ရေးသား ကောက်ခံမည်ကို စိုးရိမ်ကြောင်း၊  မိမိတို့အမှန်တကယ် သုံးစွဲသော လျှပ်စစ်မီတာ ယူနစ်ထက် ပိုများသော မီတာယူနစ်များကို စိတ်မှန်းဖြင့် တွက်ချက် ကောက်ခံမည် ဆိုပါက လျှပ်စစ်မီတာခများ ဈေးကြီးရသည့်အထဲ ယူနစ်တွေ ပိုတက်ပြီး မီတာခတွေ ပိုပေးရမှာကို ပူပန်မိကြောင်း ပြည်သူ အချို့က ပြောဆိုကြသည်။

Saturday, January 15, 2011

လင်္ကာဒီပ အမတ်ကြီးက တမ္ပဒီပတိုင်းမှ ရောင်စုံဆင်များရှင်အား မျက်ကြည်လွှာ လှူဒါန်း

မကြာသေးမီက မြမ္မာပူရ၊ တမ္ပဒီပတိုင်း သို့ အလည်အပတ် လာရောက်ခဲ့သော လင်္ကာဒီပ သိန်းခိုကျွန်း၏ အမတ်ကြီး မာဝိန္န သီလ၀ က ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော၊ စစ်တိုင်းကြီး ၁၄ တိုင်းကို အစိုးရသော ထီးဖြူဆောင်း နယ်စားပယ်စား ပဒေသရာဇ်များ၏ အရှင်၊ ဇမ္ဗူ့သီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ စသော နယ်ပယ်ကလေးများ ၀န်းရံလျက်ရှိသည့် နေပြည်တော်ပြည့်ရှင်။ ဆင်ဖြူသခင်၊ ဆင်နီသခင်၊ ဆင်ညိုသခင်၊ ဆင်ပြာသခင်၊ ဆင်ခရမ်းရောင် သခင်၊ ဆင်မဲနယ် သခင်၊ ဆင်စိမ်း သခင်၊ ဆင်ဝါ သခင်၊ ဆင်လိမ္မော်သခင်၊ ဆင်မဲသခင်၊ ရောင်စုံဆင်များရှင်၊ ကြံ့အပေါင်းနှင့် ဖွတ်အပေါင်းတို့၏ ဘုရင်၊ ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း၊ ကျောက်စိမ်းတွင်း၊ သံတွင်း၊ ကြေးနီတွင်း၊ရေနံတွင်း၊ သဘာဝဓါတ်ငွေ့ တွင်းများ နှင့်တကွ အလုံးစုံသော တွင်းအောင်း သတ္တ၀ါ အပေါင်းတို့၏ သခင်၊ ဘ၀ရှင်၊ နာနာဘာဝရှင် မင်းတြားကြီးထံသို့ မျက်ကြည်လွှာတစုံ ဆက်ကပ် လှူဒါန်း သွားကြောင်း သတင်းရရှိသည်။

(Photo: Flicker)

လင်္ကာဒီပ မင်းစိုးရာဇာများသည် တမီကျားသူပုန်များကို အမြင်စူးရှစွာဖြင့် နှိမ်နင်းနိုင်ခဲ့သည် ဖြစ်ရာ တမ္ပဒီပ မင်းစိုးရာဇာများကိုလည်း ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးအား ယခု ရက်ပိုင်းအတွင်း ထိုးစစ်ဆင် နှိမ်နင်းရာတွင် သူတို့နည်းတူ စူးရှစွာဖြင့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေရန် ရည်ရွယ်ပြီး မေတ္တာ ဂရုဏာ ရှေ့ထားကာ ယခုကဲ့သို့ မျက်ကြည်လွှာများ လှူဒါန်း ဒါန ပြုသွားခြင်း ဖြစ်ကြောင်း သိရသည်။ တမ္ပဒီပ ဆင်ရောင်စုံရှင် အနေဖြင့်လည်း မကြာမီ မျက်စိ အစားထိုး ကုသဖွယ် ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

(ဇာနည်မာန် လက်တို့သည်)


သတင်းအပြည့်အစုံ

ထူးဆန်းသော ပို့စ်မော်ဒန် အကသင်တန်းကြီး

ဗီဒီယိုကို Human Rights Myanmar က ရပါတယ်။

ရန်ကုန်မြို့တွင် ထူးဆန်းသော ကပွဲ သဘင်ကြီး ပါဝင်သည့် ပို့စ်မော်ဒန် အကသင်တန်းကြီး တခုကို တမူထူးခြားစွာ ဖွင်လှစ်သင်ကြား၊ ဆင်ယင် ကျင်းပခဲ့သည်။ သင်တန်းပို့ချသူ၏ ညွှန်ကြားချက် အတိုင်း စင်အောက်က အဖိုးကြီး အဖွားကြီးများပါ ထူးဆန်းစွာ ကခုန်ကြသည်။ မြန်မာ့သမိုင်းတွင် ရာစုနှစ်များစွာ အတွင်း အထူးဆန်းဆုံး ပို့စ်မော်ဒန် ကပွဲကြီးဟု ပြောစမှတ်ပြုကြ၏။

"စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာ စောင့်သိ ရိုသေတဲ့ စိတ်ဓာတ်၊ တိုင်းတပါးကို အထင်ကြီးသော မှီခိုအားထားလိုသော စိတ်ဓာတ်များ ကင်းဝေးပြီး မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု၊ မိမိတို့၏ ပြည်တွင်းအားကို ယုံကြည်မှု၊ ... နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်လိုမှု စတဲ့ စိတ်ဓာတ်အင်အားတွေကို နိုင်ငံသားတိုင်းက ပိုင်ဆိုင်ထားဖို့"  အတွက်လည်းကောင်း
"ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းပြီး စိတ်ဓာတ်နူးညံ့သိမ်မွေ့တဲ့ မိမိလူမျိုးရဲ့ မွန်မြတ်တဲ့ ဓလေ့ စရိုက်ကို ဂုဏ်ယူနိုင်ကြဖို့" အတွက်လည်းကောင်း အကသင်တန်းကြီးကို ဖွင့်လှစ်ရကြောင်း စစ်အစိုးရ တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်သည့် အဆိုပါ ထူးဆန်းသော ပို့စ်မော်ဒန် အကသင်တန်းကြီး နှင့် ပို့စ်မော်ဒန် "မရက်ပ်တရက်ပ် မဟစ်ဟော့တဟော့ ကပွဲကြီး" ဖွင့်ပွဲ မိန့်ခွန်းတွင် တွေ့ရသည်။

စစ်အစိုးရသည် ယခင်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ဆိုကရေးတီး အကပြိုင်ပွဲများဖြင့် အခြောက်များကို မင်းသားအက ကစေခြင်းများ ပြုလုပ်ခဲ့သော်လည်း၊ ယခုအခါတွင် ပြည်သူများအား ဘာသာတရား ကိုင်းရှိုင်းစေရန်အတွက် ယခုကဲ့သို့ ပို့စ်မော်ဒန် အကများကို ကခုန်စေကြောင်း တွေ့ရသည်။


ဒီ BS News သတင်းကို မောက္ခပညာရေးမဂ္ဂဇင်းကလည်း ကိုးကား ဖော်ပြထားတာ တွေ့ရပါတယ်။