Friday, January 13, 2012

နိုင်ငံတော်သမ္မတအား ဘကြီးစိန်ဘွဲ့ အပ်နှင်း ဂုဏ်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်သည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစ​ဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့်ရရှိစေရေး အတွက် လည်းကောင်း၊ ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် နိုင်ငံရေးအကျဉ်းသား အများစုကို၊ ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အတွက် ၀မ်းသာမဆုံး ဖြစ်ကြရသည့် မြန်မာပြည်သူ များစွာတို့က- သမ္မတကြီးအား "အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဘကြီးစိန်" ဘွဲ့ဖြင့် အပ်နှင်း ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း သိရသည်။ 

ယခုအခါ ပြည်သူများ အနေဖြင့် ယခင် ခေါ်ဝေါ် သုံးစွဲနေသော "ပြောင်ကြီး" အမည်ကို လျှော့ချ အသုံးပြုလျက် ရှိကြပြီး၊ သမ္မတကြီးအား "ဘကြီးစိန်"ဟု ခေါ်ဝေါ်လျက် ရှိကြကြောင်း သတင်းရရှိသည်။

Tuesday, January 10, 2012

အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က အနုပညာရှင်များကို စည်သူဘွဲ့ အပ်နှင်း

(Photo: Mizuri.com)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် သည် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)၊ နေ့ထူး နေ့မြတ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MIIC) ညီလာခန်းမ၌ နံနက်(၈)နာရီခွဲက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းကျင်းပခဲ့ကြောင်း သိရပြီး ယင်းသို့ ဘွဲ့များအပ်နှင်းရာတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် (၂+/၂ဝ၁၂)ဖြင့်စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူ ၃ဝ ဦးရှိသည့်အနက် ယခုနှစ်အတွက် အနုပညာရှင် ၂ ဦးပါဝင် ကြောင်း သိရှိရသည်။

အဆိုပါ အနုပညာရှင် နှစ်ဦးမှာ စည်သူလွင် နှင့် ခန့်စည်သူ တို့ ဖြစ်ကြောင်း သိရပြီး၊ နောင်နှစ်များတွင် သရေစာ ရောင်းချသူများကို သရေစည်သူဘွဲ့၊ သရေအိတ် ချုပ်လုပ်သူများကို မဟာသရေ စည်သူဘွဲ့များ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


(Photo: Shwedarling.com)


မှတ်ချက်။    ။ အသံထွက်အတိုင်း စာလုံးပေါင်းထားခြင်း ဖြစ်ပြီး၊ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းအရ- သရေစာ= သွားရေစာ/ သရေအိတ်= သားရေအိတ် ဖြစ်ပါသည်။

Sunday, January 8, 2012

ဝန်ကြီးနှစ်ပါး အစာအဆိပ်သင့် ရောဂါကြောင့် ရာထူးမှ အနားယူ

ပြည်ထောင်စု ၀န်ကြီး တစ်ပါးနှင့် တိုင်းဒေသ ၀န်းကြီးချုပ်တစ်ပါးတို့ အစားအသောက် မှားယွင်းကာ အစာအဆိပ်သင့် ဝေဒနာ အပြင်းအထန် ခံစားရပြီး ကျန်းမာရေး အလွန်ဆိုးရွားသော လက္ခဏာမျာ ပေါ်ပေါက်လာသဖြင့် တာဝန်များ ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိတော့ကြောင်း ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားချက်များ အရ သိရသည်။


မည်သို့သော ထူးဆန်းသည့် အစားအစာမျိုးကို မည်သည့် အတိုင်းအတာအထိ အတိုင်းထက် အလွန် အဆမတန် မြိန်ရှက်စွာ စားသောက်မိခြင်းကြောင့် ယခုကဲ့သို့ အထက်လန်အောက်လျှော ဖြစ်ကာ အစာအဆိပ်သင့်ပြီး တာဝန်မထမ်းဆောင်နိုင်သည်အထိ ကျန်းမာရေး ဆိုးရွားသွားရကြောင်းကိုမူ သတင်းစာက ရှင်းလင်းစွာ ဖော်ပြခြင်းမရှိပေ။

Read More ...

Wednesday, January 4, 2012

ထိုင်းနှင့် စင်ကာပူတွင် ငွေကြေးစနစ် ပြောင်းလဲအသုံးပြု

ထိုင်းနိုင်ငံတွင် လက်ရှိ လည်ပတ် သုံးစွဲနေသည့် ငွေကြေးစနစ်ကို ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။

ယခင်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ (Thai baht, บาท, sign: ฿; code: THB)ကို သုံးစွဲခဲ့သော်လည်း မကြာမီရက်ပိုင်းမှ စ၍ (Thai baht) အစား (Thai Bakhs)ကို ပြောင်းလဲ အသုံးနေကြောင်း မြန်မာရုပ်ရှင် ဇာတ်လမ်းတို တစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခု အရ သိရသည်။


(Courtesy: youtube)

တစ်ချိန်တည်းတွင် စင်ကာပူနိုင်ငံကလည်း ထိုင်းနိုင်ငံကို အားကျပြီး စင်ကာပူငွေကြေးကို ပြောင်းလဲလိုက်သည်။ ယခင် အသုံးပြုနေသည့် စင်ကာပူဒေါ်လာ Singapore dollar (sign: $; code: SGD)ကို ဖျက်သိမ်းပြီး၊ Singaporian dollar ကို ပြောင်းလဲ သုံးစွဲနေကြောင်း အထက်ပါ ဇာတ်လမ်းတိုအရ သိရသည်။

ထိုကဲ့သို့ ငွေကြေးစနစ် ရုတ်တရက် ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် စင်ကာပူနိုင်ငံသား Singaporean များလည်း အမည်ပြောင်းသွားသည်။ မကြာမီ ရက်ပိုင်းအတွင်း၊ ငွေကြေးစနစ်နှင့်အတူ  အမည်ပြောင်းလဲ ခံလိုက်ရသော Singaporean ၏ အမည်သစ်မှာ Singaporian ဖြစ်သည်။

4th January

(လွတ်လပ်ရေးနေ့)



 ပထမဆုံး မြန်မာ့ လွတ်လပ်ရေးနေ့ အခမ်းအနား ရုပ်ရှင်မှတ်တမ်း (Source: ယူကျု)



ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ....
(အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၊ ၁၃-၇-၁၉၄၇)





(Source: ယူကျု)



Monday, January 2, 2012

လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း

ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတော်
Democratic Peoples' Republic of Koyokaya (DPRK)
(မြောက်ကိုးရိုးကားယား နိုင်ငံ- North Koyokaya)

အတုမရှိခေါင်းဆောင်ကြီးရုံး
ကြေညာချက်အမှတ် (၃/ချုချေ-၁၀၁)


အကြောင်းအရာ။     ။လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း

ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ (DPRK)အစိုးရ သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော လောကပါလ ဒီမိုကရေစီ သဘောတရားနှင့် အညီ မြောက်ကိုးရိုးကားယား ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သနားဂရုဏာ ရှေ့ထားပြီး စိုးမိုး အုပ်ချုပ်လျက်ရှိရာ- ကိုးရိုးကားယားနိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက် ကျူးလွန် ခြင်းကြောင့် ထောင်သွင်းအကျဉ်းကျခံနေရသော တိုင်းသူပြည်သားများကို ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ကွယ်လွန်သူ ချစ်လှစွာသော ခေါင်းဆောင်ကြီး၏ အရိုက်အရာကို ရာသက်ပန် ဆက်ခံသော အတုမရှိခေါင်းဆောင်ကြီးက သနားကြင်နာခြင်းကြီးစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

(၁) တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ် ထာဝရ ထက်ကျော်လွန် ကျခံနေရသူများကို ထောင်ဒဏ် ထာဝရ သို့လည်းကောင်း၊

(၂) ထောင်ဒဏ် နှစ် တစ်သောင်း ကျခံနေရသူများကို ထောင်ဒဏ် နှစ် ငါးထောင်သို့ လည်းကောင်း၊

(၃) ထောင်ဒဏ် နှစ်တစ်ထောင် ကျခံနေရသူများကို လေးပုံတစ်ပုံ လျှော့ရက်သတ်မှတ်ကာ ထောင်ဒဏ် နှစ်ခုနစ်ရာ့ ငါးဆယ်သို့လည်းကောင်း၊

အသီးသီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
-
အထက်ဖော်ပြပါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ အနက်မှ ထောင်ဒဏ် အနည်းဆုံး နှစ်ပေါင်း ခုနစ်ရာ့ငါးဆယ် ကျခံထားပြီးသူများအား၊ ကွယ်လွန်သူ ချစ်သော ခေါင်းဆောင်ကြီး ဒေါ်ခင်ချိုအေး၏ ဖခင်ကြီး မွေးသက္ကရာဇ်ကို အခြေခံ တွက်ချက်ထားသော ကိုးရိုးကားယား ချုချေ-သက္ကရာဇ် ၁၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၃၂) ရက်နေ့မှ စတင်ကာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။   

(ပုံ)
ဒေါ်ခင်ချိုအုန်း
အတုမရှိခေါင်းဆောင်ကြီး
ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK)

Sunday, January 1, 2012

မြန်မာအမျိုးသမီးငယ် တစ်ဦး မြောက်ကိုးရီးယား ခေါင်းဆောင်သစ် ဖြစ်လာ

မြောက်ကိုးရီးယား အမျိုးသမီး ခေါင်းဆောင်သစ်- ခင်ချိုအုန်း (ဓာတ်ပုံ-၀ီကီ)

အသစ် ၂၇ နှစ် (သို့မဟုတ်) ၂၈ နှစ် အရွယ်ရှိ ပျိုမြစ် နုပျို ချောမောသော မြန်မာ အမျိုးသမီးငယ် တစ်ဦး ဒီမိုကရေစီ စနစ် ကျင့်သုံးသော ဒီမိုကရက်တစ် ကိုးရီးယား ပြည်သူ့ သမ္မတ နိုင်ငံ (မြောက်ကိုးရီးယား နိုင်ငံ)၏ အတုမရှိ ခေါင်းဆောင်ကြီး ဖြစ်လာကြောင်း သတင်းရရှိသည်။

အဆိုပါ အတုမရှိ ခေါင်းဆောင်ကြီး ဖြစ်သော မြန်မာအမျိုးငယ်၏ အမည်မှာ ခင်ချိုအုန်း (Kim Jong-un) ဖြစ်ပြီး၊ မြောက်ကိုးရီးယား၏ ချစ်လှစွာသော ကွယ်လွန်သူ ခေါင်းဆောင် အမျိုးသမီးကြီး ခင်ချိုအေး (Kim Jong Il) ၏ သမီးငယ် ဖြစ်သည်။


ကွယ်လွန်သူ ခေါင်းဆောင်ကြီး- ဒေါ်ခင်ချိုအေး (ဓာတ်ပုံ-အက်ဖ်ဘီ)

ဒေါ်ခင်ချိုအေး ကွယ်လွန်ပြီးနောက် သမီးငယ် ခင်ချိုအုန်း အနေဖြင့် ဒီမိုကရေစီ ထုံးတမ်း စဉ်လာနှင့် အညီ ထီနန်းဆက်ခံခြင်း ဖြစ်ကြောင်း မြောက်ကိုးရီးယား မီဒီယာများက ဖြော်ပသည်။

ခေါင်းဆောင်ကြီး ဒေါ်ခင်ချိုအေးသည် သူမကွယ်လွန်မီက သမီးကြီးဖြစ်သူ ခင်ချိုနန်း (Kim Jong-nam)ကို ထီးနန်း အရိုက်အရာ လွှဲအပ်ရန် ငြင်းပယ်ခဲ့ပြီး သမီးငယ် ခင်ချိုအုန်းကိုသာ အာဏာလွှဲအပ်ရန် လျာထားခဲ့ကြောင်းလည်း သိရသည်။


သမီးကြီး- ခင်ချိုနန်း (ဓာတ်ပုံ-စီအဲန်အေ)

ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက် ရှိသည့် မြောက်ကိုးရီးယား နိုင်ငံသည် ကမ္ဘာပေါ်တွင် ပျော်ရွှင်စရာ အကောင်းဆုံးသော နိုင်ငံ တစ်ခုထဲတွင် အပါအ၀င် ဖြစ်ကြောင်း မြောက်ကိုးရီးယားနိုင်ငံက တရားဝင် ထုတ်ပြန်သော သုတေသန စစ်တမ်းတစ်ခုက ပြဆိုသည်။ စိတ်ဆင်းရဲစရာ အကောင်းဆုံး နိုင်ငံမှာ အမေရိကန် ဖြစ်ကြောင်း အဆိုပါ သုတေသန အရ သိရသည်။

မြောက်ကိုးရီးယား တို့၏ အထက်ဖော်ပြပါ သုတေသန မှန်ကန်ဖွယ် ရှိကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဟားဗတ် တက္ကသိုလ် ကျောင်းဆင်း၊ ကာတွန်းဆရာ အော်ပီကျယ်က ပြောသည်။

"ညအချိန်ရိုက်ထားတဲ့ အာရှတိုက် ဂြိုဟ်တု ဓာတ်ပုံကြည့်တော့ မြောက်ကိုးရီးယား တစ်နိုင်ငံလုံး မှောင်မဲနေတာပဲဗျ။ ဒီတော့ လျှပ်စစ်မီး လာတဲ့ အချိန်တိုင်းမှာ မြောက်ကိုးရီးယား ပြည်သူတွေ ထ-ထ ပြီး ပျော်ကြမယ့် ပုံပဲ။ ဒါကြောင့် ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်မှာပါ" ဟု ဆရာ အော်ပီကျယ်က သုံးသပ်သည်။


လျှပ်စစ်မီးမရှိသဖြင့် တစ်နိုင်ငံလုံးမှောင်မဲနေသော မြောက်ကိုးရီးယား နိုင်ငံကို
လျှပ်စစ်မီး လင်းထိန်နေသည့် တောင်ကိုးရီးယားနှင့် အတူ တွေ့ရပုံ (ဓာတ်ပုံ-၀ီကီ)

မြောက်ကိုးရီးယား မြို့တော်တွင် ခေတ်မီ တိုးတက်သော နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် တိုက်အမြင့်ကြီး များစွာ ဆောက်လုပ်ထားသည်။ သို့သော် လမ်းမကြီးများပေါ်တွင် ဖြတ်သန်းမောင်းနှင် နေသည့် ကားများ အလွန်ရှားပါးသည်။ လူအများစုမှာ လမ်းလျှောက်၍ ဖြစ်စေ၊ စက်ဘီးစီး၍ ဖြစ်စေ သွားလာကြကြောင်း မြောက်ကိုးရီးယားသို့ သွားရောက်လည်ပတ်ဖူးသူ များက ပြောဆိုကြသည်။

သို့ရာတွင်- မြောက်ကိုးရီးယား ပြည်သူတို့ ယခုကဲ့သို့ ကားမစီးဘဲ လမ်းလျှောက်ကြခြင်းမှာ ခေါင်းဆောင်ကြီး၏ လမ်းညွှန်မှုအတိုင်း ကျန်းမာရေးနှင့် ညီညွတ်စေရန် လေ့ကျင့် လမ်းလျှောက်နေကြခြင်းသာ ဖြစ်ကြောင်း မြောက်ကိုးရီးယား တာဝန်ရှိသူများက တုန့်ပြန် ပြောဆိုကြသည်။


မော်တော်ယဉ်များစွာ ရှုပ်ထွေးကျပ်တောက်နေသည့် မြောက်ကိုးရီးယား မြို့တော် ပြုံးယမ်း လမ်းမကြီးတစ်ခုတွင် လမ်းပြပုလိပ်က လမ်းပြနေစဉ် (ဗီဒီယို- ယူကျုမှ)။
(လမ်းပေါ်တွင် လမ်းပြစရာ မော်တော်ယဉ်များကို မတွေ့ရဘဲ တွန်းလှည်းသာ တွေ့ရသည်)