Sunday, July 31, 2011

မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ချီးကျူးရန် စီစဉ်နေ


ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင် မြန်မာပြည်သူ တို့၏ စိတ်သဘောထား ကောင်းမြတ်မှုနှင့် အားကစားကို ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ သည်။

အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။

အိုမန်အသင်းက မြန်မာထက် သာကြောင်း မြန်မာပရိတ်သတ်များက ကြိုတင် သဘောပေါက်ထား၍ ပွဲပြီးဆုံးသည်အထိ ကန်ခွင့်မပေးခဲ့။ မြန်မာကွင်း၌ ကန်ခွင့်ရချိန်အတွင်း အိုမန်အသင်းကို အမော မဖေါက်စေလို။ မြန်မာပရိတ်သတ်ကြီးက သူတို့သောက်ရန် ၀ယ်ယူထားသော ရေဘူးများကို သူတို့မသောက်ပဲ အိုမန်ဘောလုံးသမားတို့ သောက်ရန် တက်တက်ကြွကြွဖြင့် စွန့်လွှတ်လှူဒန်းခဲ့ကြသည်။

တချို့ပရိတ်သတ်များကလည်း ၄င်းတို့အိမ်က ယူဆောင်လာခဲ့ကြသော ထီးများကို အိုမန်အသင်းသားတို့ ကွင်းအလယ်၌ နေပူမှာစိုးသဖြင့် လှမ်း၍ ပစ်ပေးခဲ့ကြသည်။ တချို့ကလည်း အိမ်အပြန် ခြေဗလာဖြင့် ပြန်မည်ဟု ဆုံးဖြတ်ပြီး ကိုယ်တိုင်စီးလာသည့် ဖိနပ်များကိုချွတ်၍ ပစ်ပေးခဲ့ကြ၏။ အိုမန်အသင်း ဘောလုံးပွဲပြီးသည်အထိ ဆက်၍ကန်စရာ မလိုတော့ကြောင်း၊ ဘောကန်ဖိနပ်များကို လဲ၍ ကွင်းအလယ်၌ သက်သက်သာသာ နေကြပါရန်လည်း ဟစ်အော် တောင်းပန်ခဲ့ကြ၏။ မြန်မာအသင်းအနေနှင့်လည်း ဆက်၍ ကန်လျှင် ရှုံးမည့်အတူတူ စောစောနားသော် စောစောသက်သာသည်ဟု စေတနာထားပြီး ဘောပွဲကို ရပ်နားကြရန် လေးဘက်လေးတန် စင်ပေါ်က အော်ဟစ် အသနားခံခဲ့ကြသည်။

အိုမန်ဘောသမားများအတွက် မြန်မာ့ကွမ်းကို မိတ်ဆက်ပေးသည့် အနေနှင့်လည်း ကွမ်းထုပ်များ၊ ကွမ်းဘူးများအပြင် ဗိုက်ဆာနေသူတို့ အသင့်စားသုံးနိုင်ရန် မြန်မာအစားအသောက်များကိုပါ ကွင်းပတ်ပတ်လည်က ပစ်ချပေးခဲ့ကြလေသည်။ မြန်မာပြည်တွင်းဖြစ် အုတ်နီခဲများ၏ အရည်အသွေးကို အချိန်ရတုန်းရခိုက် လေ့လာသွားစေချင်သည့် သဘောဖြင့်လည်း ရသမျှအုတ်ခဲအကျိုးအပဲ့တို့ကို အိုမန်ဘောသမားများထံ အရောက်ပေးပို့ခဲ့ကြသည်။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလည်း ဤမျှစေတနာကြီးမား သဘောထား ကောင်းလှသည့် မြန်မာပရိတ်သတ်ကြီးအား ကွင်းအလည်ကို ထွက်ကာ ရှိခိုးဦးခိုက် ကျေးဇူးတင်ခဲ့သည်။ လုံခြုံရေး ရဲများကလည်း ပရိတ်သတ်ကြီး၏ အားပေးမှုကို ထောက်ခံသည့်အနေဖြင့် ဘောလုံးကွင်းအနှံ့  ချီတက်ပြခဲ့ကြသည်။

သို့သော် လူကိုသေကျေစေနိုင်သည့် ဓါးရှည်၊ ဓါးကောက်များကို နိုင်ငံတော်အလံတွင် ထည့်သွင်း အသုံးပြုထားသည့် အိုမန်နိုင်ငံမှ ဘောသမားများသည် မြန်မာပရိတ်သတ်၏ မေတ္တာစေတနာကို လုံးဝ သဘော မပေါက်ခဲ့။ ၄င်းတို့အား တိုက်ခိုက်သည်ဟု တဘက်သတ် စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ဖီဖါခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည်လည်း မြန်မာ့ယဉ်ကျေးမှုကို လုံးဝ နားမလည်။ မြန်မာတို့အား အရေးယူမည့်သဘော ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အစာရေစာနှင့်  လက်ဆောင် ပစ္စည်းများ ပေးခဲ့ကြသည်ကိစ္စကို စုံစမ်းစစ်ဆေးမည်ဟုပင် မရှက်မရွံ့ ထုတ်ဖေါ်ပြောဆိုခဲ့လေသည်။

မြန်မာတို့သည် အားကစားစိတ်ဓါတ် ပြင်းထန်ကြသူများဖြစ်ကြောင်း ကမ္ဘာက ကောင်းကောင်း မသိ။ ပေးထားသည့် နာမည်ကိုယ်၌က “အားကစား” ။ အားသည့်အခါတိုင်း ကစားသည်ဟု အဓိပ္ဗါယ်ရသည်ကို နိုင်ငံတကာက နားမလည်ကြ။ ဤမျှ အဓိပ္ဗါယ်လေးနက်ပေါ်လွင်သည့် နာမည်ကို ပေးပြီး အားကစား၏ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို သဘောမပေါက်ကြ။

အိုမန်ဘောလုံးပွဲ အဖြစ်အပျက်ကြောင့် ယခုဆိုလျှင် မြန်မာတမျိုးသားလုံးက အားကစားလောက တခုလုံးကို စွန့်လွှတ်ပစ်ရန်အထိပင် စဉ်းစားပြောဆို နေကြလေပြီ။ နောက်ဆုံးရရှိသော သတင်းများအရ နေပြည်တော်အရပ်တွင် ကြီးကြီးမားမား တည်ဆောက်ထားသည့် ပြည်သူ့လွှတ်တော်အတွင်း သမ္မတကြီးအပါအ၀င် တိုင်းပြည်ခေါင်းဆောင်များက ဘောလုံးကိစ္စ အရေးပေါ်လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနေသည်ဟု သိရသည်။

မြန်မာစစ်ခေါင်းဆောင်များကလည်း ဘောလုံးကန်သည့်နိုင်ငံများ အားလုံးကို စစ်ရေးအရ တုံ့ပြန်သွားဖို့ ဒေါသတကြီး အဆိုတင်သွင်း နေကြသည်ဟု ဆိုသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားကြတော့ပဲ ဘောလုံးအကြောင်း ကိုသာ နေ့ရောညပါ ဆွေးနွေးပြောဆိုနေကြကြောင်း၊ အစိုးရနှင့် အရာရာ သဘောထား ကွဲလွဲနေကြသော်လည်း ဘောလုံးကိစ္စ၌ တထပ်တည်း ဆန္ဒရှိနေသဖြင့် ဘောလုံးကို အခြေခံ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။

(BLUE SKY FOREST ဘလော့မှ ကူးယူ ဖော်ပြပါသည်)

ဦးဇော်ဇော် လန်ကွတ်တီ ၀တ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လန်ကွတ်တီ ၀တ်ရတော့မည့် အနေအထားတွင် ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောဆိုလိုက်သည်။


မြန်မာ-အိုမန် ဘောလုံးပွဲတွင် ဖြစ်ပျက်ခဲ့သော မြန်မာပရိသတ်၏ အပြုအမူကြောင့် ဖီဖာက အရေးယူ ဒဏ်ရိုက်ရန် စတင် ဆောင်ရွက် နေပြီ ဖြစ်ပြီး၊ ဘောလုံးကွင်း အတွင်း ပစ္စည်းတစ်ခုကျလျှင် ဒဏ်ငွေ ဒေါ်လာ ငါးထောင် ဒဏ်ရိုက်ခံရမည် ဖြစ်သဖြင့်၊ ကျရောက်သည့် ပစ္စည်း အရေအတွက် အတိုင်း ဒဏ်ငွေ ပေးဆောင်လိုက်ပါက ဘောလုံးဥက္ကဌ ဦးဇော်ဇော်တွင် ၀တ်စရာ လန်ကွတ်တီပဲ ကျန်တော့မည် ဖြစ်ကြောင်း ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်သော ဦးဇော်ဇော်ပင်လျှင် လန်ကွတ်တီ ၀တ်ရတော့မည် ဖြစ်သဖြင့်၊ မြန်မာ့ ဘောလုံးလောကအတွက် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ကမ္ဘာအရပ်ရပ်မှ ဘောလုံးပရိသတ်များ အနေဖြင့် မြန်မာ့ လက်ရွေးစင် ဘောလုံး တစ်သင်းလုံး လန်ကွတ်တီဖြင့် ဘောလုံး ကန်ကြသည်ကို မြင်တွေ့ရဖွယ် ရှိပြီး ဘောလုံးအစား အုန်းသီးကို အစားထိုး ကန်ကျောက်မည်ဟု ယူဆရကြောင်း၊  ၄င်းက သုံးသပ်သွားသည်။


Read More ...

Friday, July 29, 2011

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာပြည်တွင်ကျင်းပတော့မည် မဟုတ်

၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။

ယမန်နေ့က မြန်မာ့မြေတွင် ဖြစ်ပွားခဲ့သော အရုပ်ဆိုး အကျည်းတန်သည့် အိုမန်-မြန်မာ ဘောလုံးပွဲကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဘောလုံးပွဲစဉ်များကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်များ ဆုံးရှုံးနိုင်ဖွယ် ရှိကြောင်း သတင်းအချို့ ထွက်ပေါ်အပြီး၊ အဆိုပါ သတင်း အချက်အလက်ကို တွေ့ရခြင်း ဖြစ်သည်။

၂၀၁၃ တွင် မြန်မာနိုင်ငံ နေပြည်တော်၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပတော့မည် မဟုတ်သော်လည်း "အာရှ အားကစား ပွဲတော်" ကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ပ မီဒီယာ တစ်ခုက ရေးသားသည်။



အဆိုပါ အားကစားပွဲမှာ "ဆီးဂိမ်း" (SEA Games- Southeast Asian Games) ဟု အမည်ရသော်လည်း အရှေ့တောင်အာရှနှင့် သက်ဆိုင်ခြင်း မရှိဟု သိရသည်။

သို့သော် မြန်မာပြည်တွင် ကျင်းပမည့် "အာရှအားကစားပွဲတော်" တွင် တရုတ်၊ အိန္ဒိယ၊ ဂျပန် အစရှိသည့် နိုင်ငံများ အပါအ၀င် အာရှတိုက် နိုင်ငံပေါင်းများစွာ ပါဝင် ယှဉ်ပြိုင်ကြမည် မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံများသာ သီးသန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သဖြင့် မကြုံစဖူး ထူးခြားလှသည့် အာရှ အားကစားပွဲတော် ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည့်အစုံသို့ ...

ငွေကျပ် ၅၅ သိန်းဖြင့် ကိုယ်ပိုင်ကား စီးလိုပါသလား? ၃၃ နှစ်တော့ စောင့်ရမည်


ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် အစီးရေ ၃၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အထွေထွေ အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် လျှောက်ထားသူ အရေအတွက် လေးသောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်၊ တစ်နှစ်လျှင် အစီးရေ ၁၂၀၀ နှုန်းဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နောင်လာမည့် ၃၃ နှစ် နှင့် လေးလ အကြာတွင် အစီးရေ လေးသောင်း ပြည့်မီနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်နှစ်ပေါင်း ၃၃ နှစ်ကျော် ကြာသော အချိန်တွင် လျှောက်ထားသူ အားလုံး လက်ဝယ်သို့ မော်တော်ကားများ ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ၀ယ်ယူလိုသူများ စိတ်ရှည် သည်းခံကာ စောင့်ဆိုင်း ပေးကြစေလိုကြောင်း၊ တစ်လလျှင် အစီးရေ ၁၀၀ (တစ်နှစ် အစီး ၁၂၀၀) နှုန်းဖြင့် ရောင်းချပေးမှုကို တန်းစီ စောင့်ဆိုင်းပါက မိမိတို့၏ သားသမီး မြေးမြစ်တို့ ခေတ်တွင် ၀ယ်ယူနိုင်ကြမှာ ဖြစ်ကြောင်း၊ ဦးအေးသောင်းက ပြောသည်။

အဆိုပါ မော်တော်ယာဉ်များကို ၂၀၁၀ ပြည့်နှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။


အပြည့်အစုံသို့ ...

ဟစ်တလာက သူ လိပ်ခေါင်းမထွက်ဟု ငြင်းဆို


မြန်မာပြည်သူများအကြား ယခုတလော အလွန် ရေပန်းစားနေသည့် အထက်ပါ ဗီဒီယိုကလစ်နှင့် ပတ်သက်၍ ကွယ်လွန်သူ ဂျာမနီအာဏာရှင်ကြီး ဟစ်တလာက သူမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

ဗီဒီယိုထဲတွင် နာဇီခေါင်းဆောင်ကြီးက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ၏ အပြစ်အနာအဆာများနှင့် ပတ်သက်၍ ဆဲဆို မာန်မဲ ထားပြီး၊ သူ မြန်မာပြည် ရောက်ရှိစဉ်အတွင်း တယ်လီဖုန်း အော်ပြောရသဖြင့် လိပ်ခေါင်းထွက်သွားဖူးကြောင်း၊ ထို့ပြင် ဖုန်း Bill ဆောင်ရန် သုံးနာရီခန့် မတ်တပ်ရပ် စောင့်ဆိုင်းရင်း မအောင့်နိုင်တော့ သဖြင့် နောက်ဆုံးတွင် ချီးထွက်သွားခဲ့ကြောင်း ကြိမ်းမောင်း ဟိန်းဟောက်ထားသည်။

သူသော် ငရဲပြည်ရောက်နေသော ဟစ်တလာက ထိုကဲ့သို့ ပြောဆိုသူမှာ ဟစ်တလာ အတုဖြစ်ကြောင်း၊ သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မြန်မာပြည်တွင် အီးမထွက်ခဲ့ဖူးသလို၊ မြန်မာပြည်တွင် လိပ်ခေါင်းထွက်ခြင်းလည်း မရှိခဲ့ဖူးကြောင်း ငြင်းဆိုသည်။

လိပ်ခေါင်းထွက်ပြီး အီးထွက်သူမှာ သူ့အမည်နှင့် ခပ်ဆင်ဆင် တူသည့် "ဟစ်တာလာ" ဖြစ်ကြောင်း၊ အမည် ဆင်တူခြင်းသာ ဖြစ်ကြောင်း၊ ဗီဒီယိုကြည့် မြန်မာပရိသတ်များ အနေဖြင့် သူ့အပေါ် အထင်အမြင် မလွဲမှား ကြစေလိုကြောင်း၊ အီးထွက်သူ- လိပ်ခေါင်းထွက်သူမှာ "တ၀မ်းပူ ရေးချ-တာ... ဟစ် တာ လာ" ဆိုသူသာ ဖြစ်သည်ဟု သိရှိ မှတ်သားကြ စေလိုကြောင်း၊ သူ လုံးဝ မဟုတ်ကြောင်း၊ နာဇီခေါင်းဆောင်ကြီး ဟစ်တလာ က အကြောက်အကန် ငြင်းဆိုသွားသည်။


(Screen-shot from You Tube)

Read More...

Thursday, July 28, 2011

မြန်မာ-အိုမန် ဘောလုံးပွဲအတွင်း ထူးဆန်းသော မိုးများ ရွာသွန်း


မြန်မာ-အိုမန် ဘောလုံးပွဲ၊ ထူးဆန်းသော မိုးကြောင့် ခေါင်းပေါက်သွားသူ တစ်ဦး
(Courtesy: The Voice Weekly)

မိုးရွာလျှင် အိုမန်နှင့် ပွဲတွင် မြန်မာ အလားအလာ ကောင်းသည်ဟု စင်ကာပူနိုင်ငံသား ဘောလုံးနည်းပြ ဆီဗာဂျီကက သုံးသပ်ခဲ့သည်။

ယနေ့ယှဉ်ပြိုင်သော ဘောလုံးပွဲတွင် သုဝဏ္ဏကွင်းအတွင်း အလွန်ထူးဆန်းသော မိုးများ ဖြစ်သည့် ကျောက်ခဲမိုး၊ ဖိနပ်မိုး၊ ရေဗူးမိုး၊ အရက်ပုလင်းမိုးများ ရွာသွန်းခဲ့ပြီး ပွဲပျက်သွားသည်ဟု သတင်းရရှိသည်။

သို့သော် အဆိုပါ ထူးဆန်းသော မိုးမှာ အိုမန်က မြန်မာအသင်းဘက်သို့ နှစ်ဂိုး သွင်းပြီးမှသာ ရွာသွန်းသော မိုးဖြစ်သဖြင့် ဆီဗာဂျီ ဟောကိန်းထုတ်ခဲ့သော အဖြေ မထွက်ပေါ် နိုင်ခဲ့ပေ။

"ပွဲစကတည်းက အဲဒီ ထူးဆန်းတဲ့ မိုး ရွာရမှာဗျ။ ဒါမှ ကိုယ့်ဘက်ကို တစ်ဂိုးမှ အသွင်းမခံရခင် ပွဲပျက်သွားမှာ။ ရလာဒ်က ၀-၀ နဲ့ ပွဲပျက်မှာ ဆိုတော့ အရှုံးပေးခံရတယ် ဆိုရင်တောင် သရေလို့ ပြောလို့ရပါတယ်။ အခုတော့ မိုးရွာတာ နောက်ကျလို့ မြန်မာတွေ နှစ်ဂိုး အသွင်းခံရတာ ဖြစ်ပါတယ်" ဟု ဆာဗာဂျီက ပြောသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျွန်တော် ကြိုတင် ဟောကိန်းထုတ်ခဲ့သလို ဖိနပ်မိုး၊ ခဲမိုး၊ ရေသန့်ဗူး၊ ပုလင်း မိုးတွေကြောင့် အိုမန်အသင်း ဒုက္ခ လှလှတွေ့သွားတာကတော့ အမှန်ပါပဲ" ဟု ဆာဗာဂျီက ဆက်ပြောပြီး သူ့ဟောကိန်း မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။


ကြောက်စဖွယ် မိုးသီး မိုးပေါက်များ (Courtesy: The Voice Weekly)

A World Cup qualifier between Myanmar and Oman was abandoned on Thursday after angry fans hurled rocks and glass bottles at the referee, the visiting coach Paul Le Guen and one of his players, witnesses said (Read More...).

Wednesday, July 27, 2011

မိုးရွာလျှင် အိုမန်ကို မြန်မာနိုင်မည်ဟု စင်ကာပူနိုင်ငံသား နည်းပြ ပြောဆို

(Photo: Soccer Myanmar)

မနက်ဖြန် ဇူလိုင်လ ၂၈ ရက်၊ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်မည့် မြန်မာ-အိုမန် ဘောလုံးပွဲစဉ်အတွင်း မိုးရွာသွန်းပါက မြန်မာ ဘောလုံး အသင်းအတွက် အခြေအနေ ကောင်းနိုင်ကြောင်း၊ ဥဿာယူနိုက်တက် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူထားသူ စင်ကာပူနိုင်ငံသား ဆီဗာဂျီက ပြောဆိုလိုက်သည်။

"အိုမန်တွေ အတွက် မိုးရွာမယ်ဆိုရင် အခက်တွေ့ သွားနိုင်ပါတယ်၊ ဘောလုံးကွင်းထဲ ရေ၀ပ်နေရင် သူတို့ ဘောလုံး ကောင်းကောင်း ကန်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆီဗာဂျီက မှတ်ချက် ပြုခဲ့ပြီး၊ အိုမန် ကစားသမားများ မိုးရေထဲ ချော်လဲပြီး ခြေခေါက်ခြင်း၊ ခြေကျိုးခြင်းများ ဖြစ်ပေါ်မှုကို အသုံးချပြီး၊ မြန်မာအသင်း အနေဖြင့် ဦးဆောင်ဂိုးသာ ရရှိအောင် ကစားနိုင်မည် ဆိုပါက မနက်ဖြန် ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ဆင့်ပင် တက်ရောက် သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း အားကစား သတင်းတစ်ပုဒ်တွင် တွေ့ရသည် (ဖတ်ရှုရန်)။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အိုမန်နှင့် ပထမ အကျော့ အဝေးကွင်း ယှဉ်ပြိုင်ခဲ့ရာ ၀-၂ ဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်း ရှုံးနိမ့်ခဲ့ရမှုမှာ အိုမန်၏ ရာသီဥတု အလွန်ပူပြင်းပြီး၊ အပူချိန် မြင့်မားသည့်ဒဏ်ကို မြန်မာ ကစားသမားများ ခံနိုင်ရည် မရှိမှုနှင့်လည်း ဆက်စပ်နေကြောင်း သတင်းတစ်ပုဒ်က ဆိုသည် (ဆက်စပ် ဖတ်ရှုရန်)။

မြန်မာအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအဆင့်တွင် မွန်ဂိုးလီးယားအသင်းကို အဝေးကွင်း ပထမအကျော့ ပွဲစဉ် တွင် ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ အိမ်ကွင်း ဒုတိယ အကျော့တွင် ၂-၀ ဖြင့် အနိုင်ရကာ ဒုတိယအဆင့်ကို တက်လမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်ထက် လွန်စွာ မြင့်မားသော မွန်ဂိုးလီးယား ကုန်းပြင်မြင့်ရှိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရသည့် အတွက် မြန်မာ ဘောလုံးသမားများ အသက်ရှုမ၀ ဖြစ်ကာ၊ ရှုံးနိမ့်ရခြင်း ဖြစ်ပြီး၊ ဒုတိယ ပွဲစဉ်တွင် မြန်မာပြည်၏ အပူဒဏ်ကို မခံနိုင်ခြင်းကြောင့် အေးသောဒေသမှ မွန်ဂိုးလီးယားတို့ ရှုံးနိမ့်ရခြင်း ဖြစ်ကြောင်း BSN အားကစား သတင်းထောက်က သုံးသပ်ထားသည်။

Tuesday, July 26, 2011

ဝန်ကြီး ဦးအောင်ကြည် နှလုံးအောင့်ခြင်း ဝေဒနာ ခံစားရ

(Photo: BBC Burmese)

ယမန်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည် ရုတ်တရက် နှလုံးအောင့်သော ဝေဒနာ ဖြစ်ပေါ်ခံစားရကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ "အတွင်းအား" ကို မခံနိုင်သောကြောင့် ယခုကဲ့သို့ ဦးအောင်ကြည် ရင်ဘတ် အောင့်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဝေဒနာ ပြင်းထန် လွန်းသောကြောင့် ၀န်ကြီး ဦးအောင်ကြည်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသည်။

"ဒေါ်စုရဲ့ အတွင်းအားက အတော်ပြင်းတယ်ဗျ။ ကျွန်တော့် ပါဝါလောက်နဲ့ မခံနိုင်ဘူး။ ရင်ဘတ်တော်တော် အောင့်သွားတယ်။ စူးပြီး အောင့်တာ" ဟု တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များကို ဦးအောင်ကြည်က ပြောသည်။ "ဒီပုံစံ အတိုင်းဆိုရင် နှလုံးစက် တပ်ထားတဲ့ သမ္မတကြီး အနေနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ဦးမယ် မထင်ဘူး" ဟု ၄င်းက ဆက်လက် ပြောကြားသွားသည်။


Read More...

ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ တွေ့ရှိ

ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ သတင်း (Click)

ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။

မူရင်း သတင်း (Click)

အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။

မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ
 Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။

မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

@KZT

ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည်။


ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည် ဟူသော ကြော်ငြာ စာရွက်များ ရန်ကုန်တွင် လိုက်ကပ်နေကြောင်း သတင်းရရှိသည်။

"သင့်အား တပ်မတော်မှ အလိုရှိသည်" ဟူသော ဆိုင်းဘုတ်များ နောက်ပိုင်း ယခုကဲ့သို့ "ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည်" ဟူသော ကြော်ငြာများကို တွေ့ရခြင်း ဖြစ်သည်။ ယခု အလိုရှိနေသော ဖောက်ခွဲရေး သမားများကို မည်သည့် နေရာများတွင် တာဝန်ထမ်းဆောင် စေမည် ဆိုသည်ကိုမူ မသိရပေ။


@KZT

Read More...

Tuesday, July 19, 2011

အာဇာနည်နေ့ သမိုင်းအကျဉ်း


အာဇာနည်နေ့ သမိုင်းအကျဉ်း။
မောင်အေးစိုး (YouTube) တင်ထားတဲ့သူက စေတနာအရင်းခံနဲ့ ဖန်တီးပြီး တင်ပေးထားတာပါ။
(ဧရာဝတီဘလော့ကနေ ပြန်လည် မျှဝေပါတယ်)

၁၉ ဇူလိုင် ... မမေ့နိုင်...

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ဘ၀ တစိတ်တဒေသ ရုပ်ရှင်မှတ်တမ်း (Credit: ဒေါင်းတမန်)

အဖေ...
တေးဆို- လေးဖြူ
(မောင်ဖိုးထောင် တင်ဆက်သည်)

Sunday, July 17, 2011

မြန်မာလေတပ်တွင် တိုက်လေယာဉ် အမျိုးအစားသစ်များ ထုတ်လုပ်သုံးစွဲ နေသလော

မြန်မာ့တပ်မတော်တွင် လက်နက်ငယ်များမှ စ၍ ဒုံးကျည်များ အလယ် နျူကလီးယားအဆုံး လက်နက်မျိုးစုံကို
လျှို့ဝှက်စီမံကိန်းများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့ရာတွင် ဒုံးကျည်ထုတ်လုပ်မှုနှင့် နျူကလီးယား စီမံကိန်းများမှာ ကနဦး အဆင့်တွင်သာ ရှိသေးကြောင်း အဆိုပါ သတင်းများက ဆိုသည်။

ဤအခြေအနေတွင် မြန်မာ့ လေတပ်မတော်၌ ကမ္ဘာပေါ်တွင် မရှိသေးသော တိုက်လေယာဉ် အမျိုးအစားသစ် တစ်မျိုးကို အသုံးပြုနေကြောင်း သတင်းဌာနတစ်ခု၏ ရေးသား ဖော်ပြချက် တစ်ရပ် ထွက်ပေါ်လာသည်။ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်ရာတွင် အဆိုပါ လေယာဉ် အမျိုးအစားသစ်ကို သုံးစွဲခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် တွေ့ရခြင်း ဖြစ်သည်။


လေယာဉ်မှာ MiG- 26 ဖြစ်ကြောင်း သိရသည်။ MiG-26 ကို ရုရှားလုပ် MiG လေယာဉ် အမျိုးအစားများ စာရင်း (ဒီမှာရှုပါ) တွင် မတွေ့ရပေ။ အဆိုပါ လေယာဉ်မှာ ကမ္ဘာပေါ်တွင် မရှိသေးသော လေယာဉ် အမျိုးအစား ဖြစ်နေခြင်းကြောင့် မြန်မာ့လေတပ်မတော် အနေဖြင့် MiG-26 လေယာဉ်ကို လျှို့ဝှက် စီမံကိန်းဖြင့် ကိုယ်တိုင် ထုတ်လုပ် သုံးစွဲနေခြင်းပေလောဟု မြန်မာ့ စစ်ရေး အကဲခတ်များက သုံးသပ်နေကြသည်။

@PTA

Read More...

ထူးခြားတာကတော့ မြင်တဲ့ အတိုင်းပါပဲ

(Photo: Zaw Myint Thein)

ဂူအောင်းပြီး အတွင်းအား ကျင့်နေတော့ လောကကြီးမှာ ဘာတွေ ဖြစ်ပျက်နေသလဲ တကယ်မသိပါ။ အပြင်လောက ပြန်ရောက်လာတော့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရပါတယ်။ ဖေ့ဘွတ်နဲ့ ဘလော့တွေမှာ ပြန့်နေပြီး၊ လူတိုင်းသိနေလောက်တဲ့ ကိစ္စဖြစ်ပေမဲ့၊ တောကတက်လာတဲ့ ဇီးကွက်မျက်ပြူးကတော့ ခုမှ သိလို့ ခုမှပဲ မှတ်တမ်းတင်လိုက် ပါတယ်။ ဓာတ်ပုံတွေက အများကြီးပါ။ ဓာတ်ပုံတွေကို ဇာတ်လမ်းပမာနဲ့ တကွ အောက်က လင့်ခ်တွေမှာ သွားကြည့်ကြတာပေါ့။

ဖေ့ဘွတ် လင့်ခ် 
ဧရာဝတီဘလော့မှာ ပြန်လည် ဖော်ပြချက်

Saturday, July 16, 2011

မြန်မာပြည်တွင် လွန်ခဲ့သော နှစ်တစ်ရာကျော် ကတည်းက မြေအောက်ရထား စနစ် ကျင့်သုံးလျက်ရှိ

လန်ဒန်မြေအောက်ဘူတာရုံ (Photo: wikipedia)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကတည်းက မြေအောက်ရထား များ ပြေးဆွဲလျက် ရှိကြောင်း ပြည်တွင်း သတင်း ဂျာနယ် တစ်ခုတွင် ဖော်ပြချက်အရ သိရသည်။

"နှစ် ၁၀၀ ကျော် သက်တမ်းရှိ မြေအောက် ဘူတာရုံ ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ" ဟု ခေါင်းစဉ်တပ်ထားသော သတင်းတစ်ပုဒ်တွင် အဆိုပါ မြေအောက်ရထား ဘူတာရုံ အကြောင်းကို တွေ့ရခြင်း ဖြစ်သည်။ ရန်ကုန် မြေအောက်ရထားဘူတာ များမှာ လူသိမများလှသော်လည်း၊ ရန်ကုန်မြို့တွင်းမှ မြေအောက် အိမ်သာများမှာမူ ညစ်ပတ်နံစော်မှုကြောင့် နာမည်ကြီးသည်။


ရန်ကုန် မြေအောက်ရထား ဘူတာရုံ သတင်း

@ဗညား

Read More ..

ဦးသိန်းစိန် ၀န်ကြီးချုပ် ပြန်လုပ်မည်

(Photo: AP)

ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာ များအား ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ပြန်လည် ချုပ်ကိုင်တော့ မည် ဖြစ်ကြောင်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့ ပြန်လည်ချုပ်ကိုင် လိုက်ခြင်းကြောင်း ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များ မလိုအပ်တော့ပေ။ ထို့ကြောင့် ၄င်းတို့၏ နေရာကို ကိုယ်စားပြုရန် လက်ရှိသမ္မတ ဦးသိန်းစိန်က ၀န်ကြီးချုပ် အဖြစ် ပြန်လည် တာဝန်ယူမည် ဖြစ်ကြောင်း မြန်မာသတင်းဌာန တစ်ခုက ရေးသားသည်။

အစိုးရအဖွဲ့သစ် ခေါင်းဆောင် ဦးသိန်းစိန်မှာ နိုင်ငံတော် သမ္မတ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သဖြင့် ဦးသိန်းစိန်အား ၀န်ကြီးချုပ် ဟုလည်းကောင်း၊ သမ္မတ ဟု လည်းကောင်း ရာထူးနှစ်မျိုး ဖြင့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။


@F.E.F.F Media

Read More ...

ကျွန်ုပ် နှင့် ဂန္ဓာရီခရီး

ကပ္ပလီပင်လယ်ပြင်၊ တစ်ခုသော ကျွန်းစု၊ ကျောက်ဂူတစ်ခု အနီး။
ဂန္ဓာရီခရီး လှည့်လည်နေသော ဇီးကွက်မျက်ပြူး ၀ိုင်ဖိုင် အတွင်းအား ကျင့်နေသည်။

သူ့ဘေးတွင်ကား အင်တာနက် ချိတ်ဆက်လို့ မရသည့် လက်တော့ တစ်လုံး …

ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လျက်…

ဒီရက်များအတွင်း ကချင်ဒေသ ပဋိပက္ခအကြောင်း၊ ရှမ်းပြည်တိုက်ပွဲများ၊ ဗုံးကွဲမှု သတင်းများ၊ ဒေါ်စု ရဲ့ ခရီးစဉ်၊ မောင်ထိပ်ကွက်အမှု၊ ၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီး ဒေါ်ရင်လတ် (ခေါ်) ဒေါ်ရင်လှ ၀န်ကြီးချုပ် ဖြစ်သွားတဲ့သတင်း၊ တောင်ပိုင်းဆူဒန် လွတ်လပ်ရေး၊ အာကာသ လွန်းပျံယာဉ် နောက်ဆုံး ခရီးစဉ်… ဘာဆို ဘာမှ မသိခဲ့။

မြန်မာနှင့် နိုင်ငံတကာမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို သိဖို့ ဇီးကွက်မျက်ပြူးအတွက် အလိုအပ်ဆုံးကား ၀ိုင်ဖိုင်။
ဤကျွန်းတွင်
ဝိုင်ဖိုင်မရှိ။ ဝေဖာတော့ ၀ယ်စားလို့ ရသည်။

ဇီးကွက်မျက်ပြူးကား အတွင်းအား ကျင့်လျက်…


ဇီးကွက်မျက်ပြူး အတွင်းအား ကျင့်သည့် ကျောက်ဂူ (ဓာတ်ပုံ-Sky People)

ဒိုင်နိုဆောဥ…

မိုးကြိုးသွား…

အနှစ်တစ်ထောင် ကင်းမြီးကောက်…

နတ်ဆေးဂမုန်း…

အတွင်းအား ကျင့်ဖို့ ဒါတွေ လိုသည်ဟု တရုတ်သိုင်း ၀တ္ထုတစ်ပုဒ်က ဆိုသည်… ။

ဒိုင်နိုဆောဥကို ရှာမတွေ့။ လိပ်ဥတွေ့လို့ ဆားနှင့် တို့စားလိုက်သည်။
အနှစ်တစ်ထောင် ကင်းမြီးကောက်တော့ မတွေ့၊ ကင်းခြေများတစ်ကောင် တွေ့သည်။ ကိုက်မည် စိုးသဖြင့် ဘလိတ်ဓားဖြင့် အပိုင်းပိုင်းဖြတ်တောက်ကာ အောင်နိုင်လိုက်၏။ နတ်ဆေးဂမုန်းအစား ကန်စွန်းဥ တွေ့သဖြင့် ပြုတ်စားပြီးပြီ။

နောက်ဆုံးတော့ မိုးကြိုးသွားဟု ယူဆရသည့် ကျောက်တုံး သေးသေးလေးကို ကိုင်ကာ ၀ိုင်ဖိုင် အတွင်းအား စကျင့်တော့သည်။

ကျင့်စဉ် အဆင့် ၁…
အာရုံကို နှာခေါင်းဝတွင် စုထားလိုက်သည်။ အတွင်းအား စ ၀င်လာသလို ခံစားရသည်။

ကျင့်စဉ် အဆင့် ၂ …
လျှပ်စစ်ဖြင့် တို့လိုက်သလို တွန့်သွားသည်။ အင်တာနက် အတွင်းအား စပိ ၁ ကီလိုဘိုက်ပါ စက္ကန့်…. ၂ ကီလိုဘိုက်ပါ စက္ကန့်…. ၃ ကီလိုဘိုက်ပါ စက္ကန့်… အတွင်းအား စပိတွေ တရွေ့ရွှေ့ တက်လာသည်…

ကျင့်စဉ် အဆင့် ၃ နှင့် ၄…
ဝိုင်ဖိုင် အတွင်းအားများ ပြည့်မီစ ပြုပြီထင်ရသည်။ အဆင့် ၅ ရောက်ပြီး အတွင်းအား ကျင့်စဉ် ပြီးမြောက်ရန် တစ်ဆင့်သာ လိုတော့၏။ ဇီးကွက်မျက်ပြူးကား ၀ိုင်ဖိုင် အတွင်းအား ရတော့မည် အသိဖြင့် ၀မ်းသာ ပီတိ ဖြစ်လျက်.... ။

“တော့်.. ကိုဇီးကွက်”


အသံတစ်ခုကား မိုးကြိုးပစ်သလို မြည်ဟီးသွားသည်။ ပြီးမြောက်ခါနီး အတွင်းအား ကျင့်စဉ်လဲ တစ်စစီ ပျက်သုဉ်းသွား၏။ မဒမ်ဇီးကွက်ကား ဇီးကွက်မျက်ပြူး ရှေ့မှောက် ခါးထောက်ကာ ရောက်နေပါရောလား။

“အော .. လက်စသတ်တော့ ကျောက်ဂူရှေ့မှာ ထိုင်ပြီး၊ ဇော်ဂျီ ၀က်သိုင်း အတွင်းအား ကျင့်နေတာကိုး၊ တော်က ကျုပ်နဲ့ ဝေးရာမှာ သူယောင်မယ်တွေနဲ့ ပျော်ပါးချင်လို့ ဒီလို လျှောက်သွားနေတာ မဟုတ်လား။
ပြောလေ.. မှန်မှန်။ ဒီလို လုပ်လို့မရဘူး။ လာ- ပြန်လိုက်ခဲ့။ ဟေ့ သူယောင်မယ်တွေ.. ကျုပ်ယောက်ျားကို လာထိမယ်မကြံနဲ့၊ ပါးကျိုးသွားမယ်.. ဘာမှတ်သလဲ၊ ကြာကူလီ သူယောင်မယ်တွေ”


မဒမ်ဇီးကွက် ကား သူထင်ရာ မြင်ရာတွေ ဇွတ် လျှောက်ပြောပြီး ဇီးကွက်မျက်ပြူးကို ထိုကျွန်းပေါ်မှ ဆွဲခေါ်သွားတော့သည်။ ၀ိုင်ဖိုင် အတွင်းအား ကျင့်စဉ်ကား တပိုင်းတစ.. မပြီးမပြတ်။

(အင်တာနက်နှင့် ဝေးနေသော ဂန္ဓာရီ ခရီးစဉ်အတွင်း ပို့စ်အသစ်များ မတင်နိုင်ခဲ့ခြင်းအတွက် BSN ပရိသတ်များ အားလုံးကို တောင်းပန် အပ်ပါသည်။)

Friday, July 15, 2011

မငိုပါနဲ့တော့ ဇီးကွက်မျက်ပြူး

ဇီးကွက်ကြီး

မဒမ်ပြူးရဲ့အမျက်တော်ရှလို့ မဲဇာအပို့ခံရပြီလား?
ဒါမှမဟုတ် အမေစုနဲ့ဘုရားဖူးထွက်နေလား?

စိတ်ပူနေသည်
အပြစ်အားလုံးခွင့်လွှတ်သည်
အမြန်ပြန်လာပါ
လွှတ်တော်မတက်ရလဲ ဝမ်းမနည်းပါဘူး


ပရလောကသားများ