Saturday, July 16, 2011

ကျွန်ုပ် နှင့် ဂန္ဓာရီခရီး

ကပ္ပလီပင်လယ်ပြင်၊ တစ်ခုသော ကျွန်းစု၊ ကျောက်ဂူတစ်ခု အနီး။
ဂန္ဓာရီခရီး လှည့်လည်နေသော ဇီးကွက်မျက်ပြူး ၀ိုင်ဖိုင် အတွင်းအား ကျင့်နေသည်။

သူ့ဘေးတွင်ကား အင်တာနက် ချိတ်ဆက်လို့ မရသည့် လက်တော့ တစ်လုံး …

ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လျက်…

ဒီရက်များအတွင်း ကချင်ဒေသ ပဋိပက္ခအကြောင်း၊ ရှမ်းပြည်တိုက်ပွဲများ၊ ဗုံးကွဲမှု သတင်းများ၊ ဒေါ်စု ရဲ့ ခရီးစဉ်၊ မောင်ထိပ်ကွက်အမှု၊ ၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီး ဒေါ်ရင်လတ် (ခေါ်) ဒေါ်ရင်လှ ၀န်ကြီးချုပ် ဖြစ်သွားတဲ့သတင်း၊ တောင်ပိုင်းဆူဒန် လွတ်လပ်ရေး၊ အာကာသ လွန်းပျံယာဉ် နောက်ဆုံး ခရီးစဉ်… ဘာဆို ဘာမှ မသိခဲ့။

မြန်မာနှင့် နိုင်ငံတကာမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို သိဖို့ ဇီးကွက်မျက်ပြူးအတွက် အလိုအပ်ဆုံးကား ၀ိုင်ဖိုင်။
ဤကျွန်းတွင်
ဝိုင်ဖိုင်မရှိ။ ဝေဖာတော့ ၀ယ်စားလို့ ရသည်။

ဇီးကွက်မျက်ပြူးကား အတွင်းအား ကျင့်လျက်…


ဇီးကွက်မျက်ပြူး အတွင်းအား ကျင့်သည့် ကျောက်ဂူ (ဓာတ်ပုံ-Sky People)

ဒိုင်နိုဆောဥ…

မိုးကြိုးသွား…

အနှစ်တစ်ထောင် ကင်းမြီးကောက်…

နတ်ဆေးဂမုန်း…

အတွင်းအား ကျင့်ဖို့ ဒါတွေ လိုသည်ဟု တရုတ်သိုင်း ၀တ္ထုတစ်ပုဒ်က ဆိုသည်… ။

ဒိုင်နိုဆောဥကို ရှာမတွေ့။ လိပ်ဥတွေ့လို့ ဆားနှင့် တို့စားလိုက်သည်။
အနှစ်တစ်ထောင် ကင်းမြီးကောက်တော့ မတွေ့၊ ကင်းခြေများတစ်ကောင် တွေ့သည်။ ကိုက်မည် စိုးသဖြင့် ဘလိတ်ဓားဖြင့် အပိုင်းပိုင်းဖြတ်တောက်ကာ အောင်နိုင်လိုက်၏။ နတ်ဆေးဂမုန်းအစား ကန်စွန်းဥ တွေ့သဖြင့် ပြုတ်စားပြီးပြီ။

နောက်ဆုံးတော့ မိုးကြိုးသွားဟု ယူဆရသည့် ကျောက်တုံး သေးသေးလေးကို ကိုင်ကာ ၀ိုင်ဖိုင် အတွင်းအား စကျင့်တော့သည်။

ကျင့်စဉ် အဆင့် ၁…
အာရုံကို နှာခေါင်းဝတွင် စုထားလိုက်သည်။ အတွင်းအား စ ၀င်လာသလို ခံစားရသည်။

ကျင့်စဉ် အဆင့် ၂ …
လျှပ်စစ်ဖြင့် တို့လိုက်သလို တွန့်သွားသည်။ အင်တာနက် အတွင်းအား စပိ ၁ ကီလိုဘိုက်ပါ စက္ကန့်…. ၂ ကီလိုဘိုက်ပါ စက္ကန့်…. ၃ ကီလိုဘိုက်ပါ စက္ကန့်… အတွင်းအား စပိတွေ တရွေ့ရွှေ့ တက်လာသည်…

ကျင့်စဉ် အဆင့် ၃ နှင့် ၄…
ဝိုင်ဖိုင် အတွင်းအားများ ပြည့်မီစ ပြုပြီထင်ရသည်။ အဆင့် ၅ ရောက်ပြီး အတွင်းအား ကျင့်စဉ် ပြီးမြောက်ရန် တစ်ဆင့်သာ လိုတော့၏။ ဇီးကွက်မျက်ပြူးကား ၀ိုင်ဖိုင် အတွင်းအား ရတော့မည် အသိဖြင့် ၀မ်းသာ ပီတိ ဖြစ်လျက်.... ။

“တော့်.. ကိုဇီးကွက်”


အသံတစ်ခုကား မိုးကြိုးပစ်သလို မြည်ဟီးသွားသည်။ ပြီးမြောက်ခါနီး အတွင်းအား ကျင့်စဉ်လဲ တစ်စစီ ပျက်သုဉ်းသွား၏။ မဒမ်ဇီးကွက်ကား ဇီးကွက်မျက်ပြူး ရှေ့မှောက် ခါးထောက်ကာ ရောက်နေပါရောလား။

“အော .. လက်စသတ်တော့ ကျောက်ဂူရှေ့မှာ ထိုင်ပြီး၊ ဇော်ဂျီ ၀က်သိုင်း အတွင်းအား ကျင့်နေတာကိုး၊ တော်က ကျုပ်နဲ့ ဝေးရာမှာ သူယောင်မယ်တွေနဲ့ ပျော်ပါးချင်လို့ ဒီလို လျှောက်သွားနေတာ မဟုတ်လား။
ပြောလေ.. မှန်မှန်။ ဒီလို လုပ်လို့မရဘူး။ လာ- ပြန်လိုက်ခဲ့။ ဟေ့ သူယောင်မယ်တွေ.. ကျုပ်ယောက်ျားကို လာထိမယ်မကြံနဲ့၊ ပါးကျိုးသွားမယ်.. ဘာမှတ်သလဲ၊ ကြာကူလီ သူယောင်မယ်တွေ”


မဒမ်ဇီးကွက် ကား သူထင်ရာ မြင်ရာတွေ ဇွတ် လျှောက်ပြောပြီး ဇီးကွက်မျက်ပြူးကို ထိုကျွန်းပေါ်မှ ဆွဲခေါ်သွားတော့သည်။ ၀ိုင်ဖိုင် အတွင်းအား ကျင့်စဉ်ကား တပိုင်းတစ.. မပြီးမပြတ်။

(အင်တာနက်နှင့် ဝေးနေသော ဂန္ဓာရီ ခရီးစဉ်အတွင်း ပို့စ်အသစ်များ မတင်နိုင်ခဲ့ခြင်းအတွက် BSN ပရိသတ်များ အားလုံးကို တောင်းပန် အပ်ပါသည်။)

8 comments:

  1. I am waiting for your news everyday but you lost. Glad to see you again Mr. Owl.

    ReplyDelete
  2. စာကလေးJuly 16, 2011 at 8:51 AM

    ဘာများဖြစ်နေလည်းလို့ဗျာ... စိတ်ပူလိုက်ရတာ၊ ငှက်လောကကိုများ တိတ်တဆိတ်စွန့်ခွာသွားပြီလားလို့

    ReplyDelete
  3. Return of Mr Owl

    ReplyDelete
  4. ဇီးကွက် ငှက်မုဆိုးတွေနဲ့တွေ့ပြီး လှောင်အိမ်ထဲ ရောက်သွားပြီလား
    ဒါမှမဟုတ် Angry Birds ကစားနေတာလား

    ReplyDelete
  5. လင်ရှောက်ယူJuly 16, 2011 at 11:20 PM

    သိုင်းလောက ကိုများ ကျောခိုင်းသွားပြီလားလို့ စိတ်ပူလိုက်ရတာ။ အခုလို အတွင်းအားကျင့်စဉ်သစ်တွေ ကျင့်ကြံပေါက်မြောက်ပြီးပြန်လာတာကို သိုင်းလောကကြီးက ကြိုဆိုပါတယ်။ ခါတိုင်းလိုပဲ ခွေးရိုက်တုတ်သိုင်း.။နဲ့ မွှေ့ရမ်းပါအုံး.

    ReplyDelete
  6. ဟွန်း.....နဲတောင်နဲသေးတယ်
    ဒင်းကဒီလိုအချိုးမျိုးချိုးလို့ကတော့မုန်လာဥနီလိုအပိုင်းပိုင်းပြတ်သွားမယ်
    မဒမ်ပြူးကိုများလျှော့တွက်လို့

    ဒီတစ်ခါ ၀ိုင်ဖိုင်အတွင်းအားကျင့်ချင်ရင် ကင်းမြီးကောက်ထောင်ပြီးကျင့်
    အဲဒါ ကက်ကင်းပဲ မဒမ်ပြူးရှာလို့မတွေ့တော့ဘူးမှတ်

    ReplyDelete
  7. Wow, you really came back. Was hoping for new posts.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။