Friday, December 31, 2010

၂၀၁၁ မြန်မာပြည်မှာ ဘာတွေ ထူးခြား ပြောင်းလဲ လာမလဲ ...

Quotable Quote of 2010

၂၀၁၀ ထူးခြား ဖြစ်စဉ် .....

သတ္တ၀ါ နှစ်မျိုး၊ တိုင်းပြည်နှစ်ခု၊ ထူးဆန်း သတင်း နှစ်ပုဒ် နဲ့ 
ခေါင်းနှစ်လုံး မတရားသူကြီးများ

(ထူးဆန်း သတင်း)

၂၀၁၀ ပြည့်နှစ် အတွင်းမှာ ထူးထူးခြားခြား ဦးခေါင်းနှစ်လုံးပါတဲ့ လူသတ္တ၀ါနဲ့ နွားသတ္တ၀ါ၊ သတ္တ၀ါ နှစ်မျိုး ကို နိုင်ငံ နှစ်နိုင်ငံ၊ နေရာဒေသ နှစ်ခုမှာ နှစ်လစီခြားပြီး မွေးဖွားခဲ့တဲ့ သတင်း နှစ်ပုဒ်ကို တွေ့ရပါတယ်။

တစ်ပုဒ်က အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ သတင်းပါ။ ဦး ခေါင်းနှစ်လုံးပါတဲ့ လူထူးဆန်းကလေး တစ်ယောက် မကြာသေးမီ ဒီဇင်ဘာ ၂၂ ရက်က မွေးဖွားခဲ့ပါတယ်။


သတင်း အပြည့်အစုံ ဖတ်ကြည့်ပါ .. 

နောက်တစ်ပုဒ်က မြန်မာနိုင်ငံကပါ။ ခေါင်းနှစ်လုံးပါတဲ့ နွားထူးဆန်းလေး တစ်ကောင် မွေးဖွားခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က မွေးဖွားခဲ့ပါတယ်။


သတင်း အပြည့်အစုံ ဖတ်ကြည့်ပါ ..

ဦးခေါင်းနှစ်လုံး သတင်းဟာ ခုမှပဲ ထူးတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဦးခေါင်းနှစ်လုံးပါတဲ့ မြင်း ပေါ်နေတာ ကြာလှပါပြီ။ ဘုရားကျောင်းကန် ရောက်ဖူးတဲ့ မြန်မာလူမျိုးတိုင်း မြင်ဖူးကြပါတယ်။
ကောသလ အိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းပါ။


အဓိပ္ပါယ်ကတော့ ဦးခေါင်းနှစ်လုံးပါတဲ့ တရားသူကြီးများပါတဲ့။ ဒီတော့ ခေါင်းနှစ်လုံးပါပြီး တောင်းရမ်းစားသောက်ကာ မတရားသဖြင့် တရားစီရင်နေကြတဲ့ ခေါင်းနှစ်လုံး တရားသူကြီးတွေ မြန်မာပြည်မှာ ပေါ်နေတာ ကြာလှပြီမို့ ဒီ ခေါင်းနှစ်လုံး သတင်းတွေဟာ တစ်ကယ်တော့ ထူးဆန်းတဲ့ သတင်းတွေ လို့ မြန်မာ ပြည်သူတွေ အတွက်တော့ မဆိုနိုင်ကြောင်းပါ ခင်ဗျား။

Thursday, December 30, 2010

မြန်မာနိုင်ငံ၌ ချမ်းသာကြွယ်ဝသူ တနေ့တခြား များပြားလာ

တိုင်းပြည်အတွင်း အလွန် ချမ်းသာ ကြွယ်ဝသော သူဌေးကြီးများ တနေ့တခြား ပေါများလာခြင်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းကို ကျော်လွန်၍ ကမ္ဘာ့ အချမ်းသာဆုံးသော နိုင်ငံတနိုင်ငံ အဖြစ်သို့ တနေ့တခြား ရောက်ရှိလာကြောင်း ရန်ကုန်မြို့ထုတ် Messenger သတင်းဂျာနယ်တွင် ရေးသားဖော်ပြချက် အရ သိရသည်။


မြန်မာနိုင်ငံသည် တနှစ်လျှင်ရရှိသော တဦးချင်း ၀င်ငွေ (GDP per Capita) အဆမတန် မြင့်မားသည့် ကမ္ဘာပေါ်တွင် အလွန် အချမ်းသာ အကြွယ်ဝဆုံးသော နိုင်ငံအဖြစ်  ရပ်တည်လျက် ရှိရာ အာဆီယံ နိုင်ငံများအတွင်း အချမ်းသာဆုံး နိုင်ငံများ ဖြစ်ကြသော လာအို နိုင်ငံ၏ GDP per Capita  ၉၆၄ ဒေါ်လာ နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ GDP per Capita  ၈၀၅ ဒေါ်လာ ထက်လည်းကောင်း၊ အာရှတိုက်တွင် အချမ်းသာဆုံး နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ GDP per Capita  ၆၄၁ ဒေါ်လာ ထက် လည်းကောင်း၊ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ ထိပ်သီး စာရင်းဝင် ဖြစ်သည့် ဆိုမာလီယာနိုင်ငံ၏ GDP per Capita ဒေါ်လာ ၆၀၀ ထက် လည်းကောင်း၊ နိမ့်ကျသည့် တနှစ်တာ တဦးချင်း ၀င်ငွေဖြစ်သော GDP per Capita ၅၇၁ ဒေါ်လာ  (တစ်လ ပျမ်းမျှ တဦးချင်း ၀င်ငွေ = ၄၇ ဒေါ်လာ) ဖြင့် ချမ်းသာမှု သရဖူကို ဆောင်းပြီး ကမ္ဘာ့အလယ်တွင် သူဌေးနိုင်ငံအဖြစ် ငွါးငွါးစွင့်စွင့် ရပ်တည်လျက် ရှိသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံသည် ၄င်း၏ ချမ်းသာကြွယ်ဝမှုများကို အသိအမှတ်ပြုခံရသည့် အနေဖြင့် မဆလ အစိုးရ လက်ထက် ၁၉၈၇ မှစ၍ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံများ စာရင်းတွင် ထည့်သွင်းခြင်း ခံခဲ့ရရာ ယနေ့ အချိန်အခါတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးအဖြစ် ချီတက်လျက် ရှိပြီး ယခင်ကထက် ပို၍ ချမ်းသာ ကြွယ်ဝလာကာ ကမ္ဘာ့ ထိပ်သီး သူဌေးနိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဆိုမာလီယာ တို့ထက်ပင် ပို၍ ချမ်းသာ ကြွယ်ဝနေပြီ ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။

သတင်းများ ဖတ်ရှုရန်

မီဒီယာများတွင် နိုင်ငံခြား စကားလုံးများ ကြားညှပ် ထည့်သုံးခြင်းကို တားမြစ်

လက်ရှိ ထုတ်ဝေလျက် ရှိသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာ အသီးသီးတွင် နိုင်ငံခြား စကားလုံးများ ကြားညှပ် အသုံးပြု ဖော်ပြခြင်းကို တားမြစ်လိုက်ကြောင်း မြန်မာနိုင်ငံထုတ် True News ဂျာနယ်တွင် ရေးသား ဖော်ပြသည်။


ထိုသို့ တားမြစ်လိုက်သည့်အတွက် မီဒီယာများ အနေဖြင့် နောက်နောင် စာရေးသားရာတွင် မော်တော်ကား ဟူသော ဝေါဟာရအစား နိုင်ငံခြား စကားလုံး မဟုတ်သည့် "လေးဘီးတပ်၍ ကုန်းပေါ်တွင် သွားသော စက်တပ် လှည်းယာဉ်" ဟု လည်းကောင်း၊ မော်တော်ဆိုင်ကယ် အစား "ဖင်ကြားတွင် ညှပ်၍ စီးနင်းရသော စက်တပ် နှစ်ဘီးတပ် ယာဉ်" ဟု လည်းကောင်း၊ ဘရိတ် အစား "ရွေ့လျားခြင်းကို ရပ်တန့်စေသော ကိရိယာ" ဟုလည်းကောင်း၊ ပြောင်းလဲ ခေါ်ဝေါ်ရေးသား ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းများ ဖတ်ရှုရန်

ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများမှာ ဓာတ်တိုင်များကို ကားများက တိုက်မိခြင်းကြောင့် ဖြစ်

ရန်ကုန်မြို့တော်အတွင်း မကြာခဏ သို့မဟုတ် ရံဖန်ရံခါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ရခြင်းမှာ လျှပ်စစ် ဓာတ်တိုင်များကို မော်တော်ကားများက မကြာခဏ တိုက်မိသဖြင့် ဓာတ်တိုင် ကျိုးမှုများ ဖြစ်ပေါ်ရခြင်း ကြောင့် ဖြစ်ကြောင်း စောင့်ကြည့် သတင်းဂျာနယ်တွင် ရေးသား ဖော်ပြချက် အရ သိရ သည်။ လွန်ခဲ့သော ၂၂ နှစ် ကာလအတွင်း ရန်ကုန်တိုင်းအတွင်း ဓာတ်တိုင်ကို ကားဖြင့် ၀င်တိုက်မှု ဖြစ်စဉ်ပေါင်း အကြိမ် ၂၂ သန်းကျော် ဖြစ်ပွားခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ပေးရေး ရုံး မှတ်တမ်းများ အရ လေ့လာ တွေ့ရှိရသည်။

သတင်းများ ဖတ်ရှုရန်

Wednesday, December 29, 2010

မြန်မာ ယောက်ျားလေးအချို့ ဘရာစီယာ ၀တ်ဆင်လျက်ရှိ

"လှလှပပ ပြင်ပြင်ဆင်ဆင်" ဆိုတဲ့ စကားဟာ မိန်းကလေးတွေကိုသာ ရည်ညွှန်းခဲ့ပေမဲ့ အခုအချိန် မှာတော့ ယောက်ျားလေး တွေနဲ့ပါ သက်ဆိုင်လာပါတယ် လို့ The Voice ဂျာနယ်မှာ ရေးသား ထားပါတယ်။


ယောက်ျားလေးတွေ အလှပြင်လာတာနဲ့ ပတ်သက်လို့ ယုဇန ပလာစတာရှိ ကြေးရူပါ အလှပြင်ဆိုင် ဖွင့်ထားသူက "အခု နောက်ပိုင်း ယောက်ျားလေးတွေ ပိုပြီး အလှပြင်လာ ကြပါတယ်။ ကျွန်မ ဆိုင်မှာတော့ အလှပြင်တဲ့ ယောက်ျားလေးတွေ သုံးဖို့ မိတ်ကပ်၊ နှုတ်ခမ်းနီ က စပြီး၊ ဘရာစီယာ အလယ်၊ သူတို့ သုံးစွဲဖို့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အထိ ရောင်းချ ပေးနေပါတယ်" လို့ ဆိုပါတယ်။

အသက် ၂၁ နှစ် အရွယ်ရှိ မစုမိုး ကတော့ "ကျွန်မ သူငယ်ချင်း တွေထဲမှာ Spa အမြဲသွားတဲ့ ကောင်လေး တွေ ရှိတယ်။ ကောင်မလေးတွေလို နုနုရွရွ လှအောင်လို့လေ၊ သူငယ်ချင်း ကောင်လေး တစ်ယောက်ဆို ထိုင်းကို သွားပြီး ဖြတ်ဖောက်ချုပ် လုပ်လိုက်တာ Operation မအောင်မြင်လို့ ပြတ်သွားတယ် ကြားတယ်၊ ပေါက်မပေါက်တော့ မသိဘူး၊ သိန်း ၄၀ လောက် ကုန်သွားတယ် ပြောတာပဲ" လို့ ပြောပြပါတယ်။

"ခုခေတ်က အရင်လို ယောက်ျားလေးတွေကို ဘော်ဒီ တောင့်မတောင့် မကြည့်ကြတော့ဘူး၊ ယောက်ျားလေးတွေ- အ၀တ်အစား၊ ဖိနပ်၊ မိတ်ကပ်၊ ဆံပင်၊ နှုတ်ခမ်းနီ၊ လိုင်နာ၊ အိုင်းရှဲဒိုး၊ ဘော်လီ၊ ပင်တီတွေ ဘယ်လို ပြင်ထားတယ်၊ ဘယ်လို ၀တ်စားတယ် ဆိုတာလောက်ပဲ ကြည့်ကြတော့တယ်။ ဆိုတော့ ကျွန်တော် အလှကုန်တွေ သုံးပါတယ်။ ဖြတ်ဖောက်ချုပ် မလုပ်ဘဲ မိန်းမ ယူဖြစ်ရင်တော့ မိန်းမနဲ့ မှန်တင်ခုံ လုရမယ်" လို့ ပြောသူကတော့ အသက် ၂၀ အရွယ် ကိုလေယာဉ် ပါ။

အသက် ၂၇ နှစ် အရွယ် ကိုပိန်ချုံးကျော်က- ယောက်ျားလေးတွေ အနေနဲ့ မိန်းကလေးတွေလို ပြင်ဆင် လာကြခြင်းဟာ အခုခေတ်မှာ ယောက်ျားလေးတွေ အလုပ်မရဘဲ မိန်းကလေးတွေချည်း အလုပ်ခန့်တာ ခံနေရတဲ့ အတွက် အလုပ်ရှင်တွေကို ညုတုတု ဆွဲဆောင်နိုင်ဖို့ မိန်းကလေး စတိုင် ပြောင်းလဲ လာကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

"ကျွန်မ မောင်လေးဆို ဆံပင်ကို ကောက်လိုက်၊ မကြိုက်ရင် ဖြောင့်လိုက်၊ ရင်ကြီးအောင် လုပ်လိုက်၊ တင်ကော့အောင် လုပ်လိုက်၊ စုံနေတာပဲ။ သူသုံးတဲ့ အလှကုန် ပစ္စည်းတွေကလဲ ကျွန်မထက်တောင် များသေးတယ်" လို့ ဆိုသူကတော့ အသက် ၂၃ နှစ် အရွယ် မအိမ်မာ ပါ။

အသက် ၂၃ နှစ် အရွယ်ရှိ ကိုမောင်မောင်ပြုတ် က၊ သူ့ရဲ့ ညီမလေးနဲ့ အတူ ရင်သားအလှ၊ တင်သား အလှ ပြုပြင်ရေးတွေ သွားလုပ်ပါတယ်တဲ့။ ဒီလို- ယောက်ျားလေးတွေ အလှအပအတွက် သီးသန့် အချိန်ပေး ပြုလုပ်တာနဲ့ ပတ်သက်လို့ ကိုကြယ်ထူးပြုတ်က "ဆံပင် ပေါင်းတင်တာတို့၊ မျက်နှာ ပေါင်းတင်တာတို့၊ ရင်အလှ တင်အလှ ခြေသလုံးအလှ ပြုပြင်တာတို့၊ ခြေသည်း လက်သည်း ပန်းဖော် အလှပြင်တာတို့ ဆိုင်မှာ သွားလုပ်ဖြစ်တယ်။ မိန်းကလေးလို မျက်နှာလေး နုနုရွရွနဲ့ အရေးကြီး အစိတ် အပိုင်းတွေ တောင့်တောင့်လေး နဲ့ လန်းလန်းလေး ဖြစ်သွားတော့ နေလို့ ထိုင်လို့ ကောင်းတာပေါ့ရှင်.. (အဲ.. မှားသွားလို့.. ဘွာတေး) .... ဗျာ.... " လို့ ပြောပြ သွားခဲ့ပါတယ်။

သတင်း အပြည့်အစုံကို ဖတ်ရှုရန်

Tuesday, December 28, 2010

Myanglish သင်ခန်းစာ ပို့ချချက်


Globalization ဖြစ်စဉ်နဲ့အတူ ကမ္ဘာကြီးဟာ ရွာဖြစ်သွားပါပြီ။
ကမ္ဘာတလွှား ပြောဆို ဆက်ဆံ ကြတဲ့အခါ အင်္ဂလိပ်ဘာသာ စကားဟာ အရေးကြီးလာပါတယ်။
ဒီလိုနဲ့ ရေမြေဒေသကို လိုက်ပြီးတော့ အင်္ဂလိပ်စကား ပြောဆိုမှု ဟာ အသွင်ပြောင်းလဲသွားမှုနဲ့အတူ
အိန္ဒိယနိုင်ငံမှာ ပြောတဲ့ Inglish၊ စင်ကာပူမှာ ပြောတဲ့ Singlish၊ စသည်ဖြင့် ကွဲပြားသွားပါတယ်။
ဒီကနေ့ အစီအစဉ်မှာတော့ မြန်မာတွေပြောကြတဲ့ Myanglish ဘာသာစကား သင်ခန်းစာကို တင်ဆက် ထားပါတယ်။

ရည်ညွန်း။

နှစ်သစ်ကူးတွင် မြန်မာသံရုံး ၀န်ထမ်းများ အလွန်ပျော်ရွှင်လျက်ရှိ

(ပေးစာ)

နှစ်ကုန်တော့မယ်ဆိုရင်တော့ နိုင်ငံအရပ်ရပ်မှာရှိတဲ့ ၀န်ထမ်းတွေဟာ အရမ်းကို ပျော်ရွှင်ကြပါတယ်။ အကြောင်းကတော့ ဒီဇင်ဘာလမှာ လစာအပြင် ၁၃ လမြောက် လစာလို့ တင်စားခေါ်ဝေါကြတဲ့ bonus များရရှိလို့ပါပဲ။

စင်ကာပူနိုင်ငံမှာလဲ ထိုနည်းတူစွာ အခြားနိုင်ငံသားများမြူးထူး ပြုံးပျော်နေကြ ၀ယ်ခြမ်းနေကြတဲ့အချိန်မှာ မြန်မာ လူမျိုးတွေကတော့ တုတ်တုတ်မမျှ မလှုပ်နိုင်ကြပါဘူး။ ဘာလို့များပါလိမ့်။ ရလာတဲ့ ၁၃ လမြောက် လစာ အပိုဆုငွေဟာ ဘာမှ မစားရ မသောက်ရပဲ အကုန်လုံး ပလုံသွားမှာ ဖြစ်တဲ့ အတွက် ကြောင့်ပါ။   မြန်မာသံရုံးမှာ ပြုတ်ပြုတ်ပြုန်းအောင် အခွန် သွားဆောင်ရမှာမို့ပါဘဲ။

အခုချိန်ဆို နိုင်ငံတကာမှာ ဟောလီးဒေး အချိန်မို့ သူတစ်ပါး နိုင်ငံသားတွေ အားတတ်သရော ခရီးသွားလက်မှတ်တွေဝယ် နေကြချိန် တို့မြန်မာတွေကတော့ သံရုံးမှာ အခွန်ဆောင်ဖို့ တန်းစီနေကြပါတယ်။ မြန်မာများ ဇွဲကောင်းလိုက်ပုံများ မနက် ၃နာရီလောက် သွားတာတောင် ကိုယ့်ရှေ့မှာ စီထားတဲ့သူ ၄ ၅ ၈ ယောက်ရှိနေပါပြီ။  မြန်မာ့ဇွဲပါဘဲဗျာ။ စလုံးမှာမက နိုင်ငံအရပ်ရပ်က အခွန်ဆောင်စနစ်ကို အွန်လိုင်း ကနေဖြစ်ဖြစ် ဘဏ်ငွေလွှဲ GIRO စနစ်နဲ့ဖြစ်ဖြစ်
လုပ်ဆောင်နေတဲ့ အတွက် အလွန်ဘဲမြန်ဆန်ပါတယ်။ ခက်တာက အခုမြန်မာသံရုံးက ပတ်စပို့သက်တမ်း တိုးဖို့ကို  ၄ ရက်လောက် ANNUAL LEAVE ကိုယူမှသာ လုပ်လို့ရမှာ ဖြစ်နေလို့  (သဘောက ၄ ခါ သွားရမယ် ပေါ့လေ) ။ တစ်နှစ်ခွင့်ရက်ထဲက ၄ ရက် အနှုတ်ခံလိုက်ရတာ မခံချိမခံသာဖြစ်နေရပါတယ်။  မြန်မာသံရုံးရဲ့ငွေစာရင်း အကောင့်ထဲကို GIRO စနစ်နဲ့လစဉ် ပေးရမယ့်အခွန်ကို ပုံမှန်အဲ့သည့်ရက်ရောက်တိုင်း အလိုအလျှောက် အခွန်ထမ်းဆောင်ခွင့်ပြုမယ်ဆိုရင် တစ်နှစ်တစ်ခါ အပုံလိုက် စုပေးရတဲ့ ပြသနာများ ၊လူများ တန်းစီပြီးပေးရတဲ့ ပြသနာများအပြင် ၊အမျိုးမျိုးသော ပြသနာများ အတော်သက်သာသွားမယ်ထင်ပါတယ်။

အခုတော့ ၁၃ လမြောက် လစာထုတ်၊ အားလုံးကို သံရုံးကိုပဲ ပုံပေး လိုက်.. ပြည်ပအလုပ်သမားတွေမှာ ခွင့်ကလေး ၄ ရက် လဲ မလုပ်ရ မကိုင်ရ ဆုံး၊  မျက်နှာကြောက နွားသရေလို  တင်းတဲ့ သံရုံးရေးရာ က ကိုကို မမတွေကိုလဲ မျက်နှာချိုသွေးပြီး အခွန်ဆောင်ရဦးမှာမို့ အချိန်ကုန် ငွေကုန် လူပန်း မသက်မသာ ဖြစ်ရပါတော့တယ်။ ကိုယ့်အခွန်ကို ကိုယ် မျက်နှာချို သွေးပြီး အခွန်ဆောင်ရတဲ့ လူမျိုးဆိုတာ မြန်မာလူမျိုးပဲ ရှိမယ် ထင်ပါတယ်ခင်ဗျာ။

(SG ရောက် မြန်မာတစ်ဦး ပေးပို့သည်)

Monday, December 27, 2010

တစ်ထောင်ကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမည်

အသစ်ထုတ်လုပ်မယ့် ၁၀၀၀ ကျပ်တန်ဖြစ်ပါတယ်
ငွေစက္ကူ အတုတွေ ပလူပျံနေတယ် သတင်းကြားလို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ
၁၀၀၀ ကျပ်တန် အသစ်တွေ ရိုက်နှိပ်ပြီး လဲလှယ်ပေးမှာဖြစ်ပါတယ်

(ကိုကြက်ဖ ပေးပို့သည်) 

ရှားပါး မြေအောက်သယံဇာတ ပစ္စည်းများ ရှာဖွေရန် တောင်ကိုရီးယား နှင့်မြန်မာ သဘောတူ


ရှာပါးလှပြီး ပြန်လည် အစားထိုးလို့ မရတဲ့ မြန်မာ့ မြေအောက် သယံဇာတ ပစ္စည်းများကို ပြုတ်ပြုတ်ပြုန်း ကုန်ခမ်းအောင် ရှာဖွေပြီး မြန်မာ့မြေတွင် အစအနမျှ မကျန်ရှိနိုင်ရန် ရည်မှန်းချက်ဖြင့် သယံဇာတများ အကုန် ထုတ်လုပ်ရန် လိုအပ်သည့်ကရိယာများကို ထောက်ပံ့ခြင်း၊ နည်းပညာကူညီခြင်းတို့ဖြင့် အရှိန်မြင့် လုပ်ဆောင်နိုင်ရန် မြန်မာအစိုးရနဲ့ တောင်ကိုရီးယားအစိုးရ ပူးပေါင်းလုပ်ဆောင် သွားမှာ ဖြစ်ကြောင်း Bloomberg Businessweek အင်တာနက်စာမျက်နှာမှာ ယနေ့ဖေါ်ပြထားပါတယ်။

ဘူမိဗေဒပညာရပ်နဲ့ ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်ရန်အတွက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နှစ်နိုင်သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်းကို တောင်ကိုရီးယား စီးပွားရေး အသိပညာဝန်ကြီးဌာနမှ ကြေညာချက် တစောင်ကို ယနေ့ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးနိုင်ငံဟာ သူတို့ နိုင်ငံတိုးတက်မှုနဲ့အတူ စွမ်းအင်နဲ့ဓါတ်သတ္တု တွေကို ပိုမိုသုံးစွဲနေပြီး သူတို့ နိုင်ငံရဲ့ အဲဒီ လိုအပ်ချက်ကို ပြည့်မှီရန်အတွက် နိုင်ငံပြင်ပကနေ သွင်းကုန်အဖြစ် အရေးတကြီး တင်သွင်း
နေပါတယ်။ သို့အတွက် သဘာဝရင်းမြစ် ပေါကြွယ်ဝပြီး ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ ငထုံငအတွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကနေ သယံဇာတတွေကို လိမ်လည် လှည့်စားကာ ရှာဖွေ ဖေါ်ထုတ်ပြီးတော့ သူတို့ နိုင်ငံ တိုးတက်ကြီးပွားရေးကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အတွက် မြန်မာ စစ်အစိုးရနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

စီးပွားရေး အသိပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါတ်ယောင်ဂျူး ခေါင်းဆောင်တဲ့ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင် ဘူဇွာ ဓနရှင်တွေဟာ စစ်ဗိုလ်ချုပ်တို့ရုံးစိုက်ရာ နေပြည်တော်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့် တွေ့ဆုံပြီး၊ မြန်မာ့ရေပြင် မြေပြင်မှာ သယံဇာတ ဘာတစ်ခုမှ မကျန်ပဲ ပြုတ်ပြုတ်ပြုန်း ကုန်ဆုံး ဇာတ်သိမ်းခြင်း ဖြစ်ပေါ်စေမယ့် သဘာဝဓါတ်ငွ့နဲ့ ဓါတ်သတ္တု ရှာဖွေရေး စီမံကိန်းများ အတွက် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သူတို့ဟာ မြန်မာလူမျိုးတွေ အတွက်တော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုပဲ လုပ်ဆောင်ကြဖို့ ဆွေးနွေး သွားကြပြီး လိုအပ်တဲ့ ကျွဲများ၊ နွားများ၊ ထွန်သွားများနဲ့ နွားလှည်းများကို ဖြည့်ဆည်း ပေးသွားမယ် လို့ ဆိုပါတယ်။

ထိုနည်းတူ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်း တခုဖြစ်တဲ့ ကိုးရီးယား ဒေဝူးစီးပွားရေး လုပ်ငန်း အုပ်စုဟာ ရခိုင် ကမ်းလွန် ပင်လင်ပြင်တွင် သဘာဝဓါတ်ငွေ့လုပ်ကွက် A1 နှင့် A3 များကို လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ သူတို့ဟာ သူတို့နိုင်ငံ တိုးတက်ရေးအတွက် အခြေခံအကျဆုံး ဖြစ်တဲ့ လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို တစမကျန် အကုန်ထုတ်ယူ သွားမှာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေ အတွက် ဘာတခုမှ ချန်ထားရစ်ခဲ့မှာ မဟုတ်ပါဘူး။ သဘာဝ ဓာတ်ငွေ့တွေ မြန်မာနိုင်ငံက အလျှံပယ် ထွက်ရှိနေပေမဲ့ မြန်မာ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသား တွေကတော့ ပုံမှန် လျှပ်စစ်မီး မရရှိတဲ့အတွက် ဖယောင်းတိုင်ထွန်းကာ စာကျက်နေကြရပါတယ်။

သတင်း အသေးစိတ် ဖတ်ရှုရန်

ကမ္ဘာဦး လူသားအစ Burmese က ဟု မြန်မာပညာရှင်များ ပြော

Burmese လူမျိုးသည် ကမ္ဘာဦးအစ ဗြဟ္မာကြီး လေးဦးမှ ဆင်းသက်ကြောင်း Burmese ပညာရှင်ကြီး နှစ်ဦးက ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ပညာရှင်ကြီး နှစ်ဦး၏ ပြောဆိုချက်သည် Burma Strange News ၏ ဒီဇင်ဘာလ ၁၄ ရက် "Evolution of မြန်မာ" ဆင့်ပွား အီကွေးရှင်း သီအိုရီပြီးနောက် ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။ (သီအိုရီ-ရှု)

အဆိုပါ ပညာရှင်ကြီးများက ကမ္ဘာဦးအစတွင် ရသ ပထ၀ီ ကမ္ဘာမြေကြီးသည် မြေဆီ ရနံ့များဖြင့် အလွန် မွှေးကြောင်း၊ ထို့ကြောင့် ဗြဟ္မာပြည်မှ ဗြဟ္မာကြီးများသည့် ကိုယ်လုံးတီးဖြင့် ကမ္ဘာမြေပေါ်သို့ ဆင်းလာပြီး မြေဆီ မြေနှစ်ကို စားကြကြောင်း ပြောပြသည်။ ထိုသို့ စားသောက်ခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားကြောင်း၊ ထိုအခါ ဗြဟ္မာကြီးများက "တ" လိုက်ရာ အလင်းရောင် ပြန်ရလာကြောင်း၊ "တ" လိုက်သည့်အခါ "လင်းလာ" သဖြင့် ထိုနေ့ကို တ-လင်းလာ (တလင်းလာ/ တနင်းလာ) နေ့ဟုခေါ်ကြောင်း၊ နောက်တစ်နေ့တွင် သူတို့ ကိုယ်မှ အင်္ဂါများ ပေါ်ထွက်လာသည်ကို တွေ့မြင်ရသဖြင့် ထိုနေ့ကို အင်္ဂါနေ့ဟု ခေါ်ကြောင်း ပညာရှင်များက ရှင်းပြသည်။ (အင်္ဂါပေါ်သည်ကို မြင်ရသည် ဆိုခြင်းကြောင့် ဗြဟ္မာကြီးများ ကိုယ်လုံးတီး ဆင်းသက်ခြင်းဖြစ်သည်ဟု သုံးသပ်ထားခြင်း ဖြစ်ပါသည်။)

ထို ကမ္ဘာဦး ဗြဟ္မာကြီးများမှ Burmese လူမျိုး ဆင်းသက်လာခြင်းကြောင့်၊ Burmese လူမျိုးသည် ကမ္ဘာဦးအစ မူလပထမ လူမျိုး ဖြစ်ကြောင်းကိုမူ ပညာရှင်များက ယခုလို ရှင်းပြသည်။

တရုတ်ပညာရှိ ဖန်ရှို ၏ မန်ရှုကျမ်းတွင်မူ မြန်မာလူမျိုးသည် မြန်မာပြည်ထဲသို့ မဆင်းသက် လာမီက ယခုတရုတ်ပြည်ထဲက "နန်ကျောင်" ဒေသတွင်  နေထိုင်ကြကြောင်း၊ သူတို့ကို ထိုစဉ်အခါက "မန်ကျောင်" လူမျိုး ဟု ခေါ်ကြောင်း၊ ဆွေးမျိုးစု အကြီးအကဲ "မောင်ကျန် (မန်ကျောင်)" က အုပ်ချုပ်သည်ကို အစွဲပြု၍ အဆိုပါအမည်ကို ခေါ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ယနေ့ တရုတ်များကမူ Burmese ကို "မြန်ကျင့်" ဟုခေါ်ကြောင်း၊ "မြန်မြန်ဆန်ဆန် ကျင့်ကြံသူ၊ ဖင်ပေါ့သောသူ" ဟု အဓိပ္ပါယ်ရကြောင်း ဘေဂျင်းတက္ကသိုလ်က ပညာရှင်တစ်ဦးက ရှင်းပြသည်။

ကာလကတ္တား တက္ကသိုလ်မှ ဒေါက်တာ အမတ်တစ်ရာ ဂေါ့ရှ် ကမူ Burmese သည် ဗြဟ္မာက ဆင်းသက်သည် ဆိုခြင်းကို မူအားဖြင့် လက်ခံပါကြောင်း၊ ဗြဟ္မာ > ဗဟ္မာ > ဗမာ  ဆင်းသက်မှုကို လက်ခံပါကြောင်း သို့သော် ဗြဟ္မာကြီးထက် ဗြဟ္မဏ ပုဏ္ဏားက ပိုမို ဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပြုသွားသည်။ Burmese ၏ အခြားအခေါ်အဝေါ် တစ်ခုဖြစ်သော Burman သည် ဗြဟ္မဏ (Brahman) ဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ဟု ပါမောက္ခကြီးက ဆိုသည်။
၎င်းက ပုဏ္ဏားသည် ပုန္န သို့မဟုတ် ဖုန်းန မှ ဆင်းသက်ကြောင်း၊ ဖုန်းကံ မြင့်သောသူဟု အဓိပ္ပါယ်ရကြောင်း၊ ထို့ကြောင့် Burmese လူမျိုးသည် ကမ္ဘာပေါ်တွင် ဖုန်းကံ အလွန်မြင့်သော လူမျိုးဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အိန္ဒိယ ပညာရှင်၏ ပြောဆိုချက်ကို မြန်မာပြည်၏ ဖုန်း ဈေးနှုန်း အဆမတန် မြင့်မားနေမှုက သက်သေပြလျက် ရှိပါသည်။

ပညာရှင်များ၏ ပြောဆိုချက် အသေးစိတ်ကို ဖတ်ရှုရန်

ကြေးမုံ သတင်းစာကို ရွှေမုံ သတင်းစာဟု အမည်ပြောင်း ထုတ်ဝေမည်

နေ့စဉ်ထုတ် ကြေးမုံ သတင်းစာကို လာမည့် ၂၀၁၁ ခုနှစ်တွင် ယခုထက်ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည့် သတင်းစာ တစောင်အဖြစ် ပြောင်းလဲ သွားမည် ဟု သိရသည်။
ယင်းသို့ ပြောင်းလဲရန်အတွက် လုပ်ငန်းလမ်းညွှန်နှင့် အနာဂတ်လမ်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို  ကြေးမုံ သတင်းစာတိုက်တွင် ကျင်းပခဲ့သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

“၂၀၁၁ ထဲမှာ  အစိုးရပိုင် သတင်းစာတွေ ထပ်ထွက်လာမှာဆိုတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာကို ပုံစံပြောင်းချင်တာလည်း ပါတယ်။ အသစ်ထုတ်မယ့် ကြေးမုံသတင်းစာကို ကြေးထက် ကောင်းတဲ့ ရွှေမုံသတင်းစာလို့ နာမည်ပြန်ပြင်ပေးပါမယ်။ ဒီလို ပြောင်းလဲပြီးတော့ တန်ဖိုးကြီးပြီး အနှစ်သာရရှိတဲ့ သတင်းစာ အဖြစ်ရပ်တည်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကလောင်ရှင် "အနှစ်သာရ" ကိုလည်း ခေါ်ထားပြီးပါပြီ။ ဖား ၁ ပိုင်း ငါး ၁ ပိုင်း စာရေးဆရာ တွေကိုလည်း နာမည်တွေ ပြောင်းထားပါတယ်။ ဖားနှစ်တို့ ငါးနှစ်တို့ဆိုပြီး ပေါက်ဖော် ပါးပါး တို့ Calendar မှာ သတ္တ၀ါတွေထပ်တိုးလို့ရအောင်ပါ။ 
ဝီစကီလစ်တည်ထောင်သူကိုလည်း ပြန်ပေးဆွဲပြီး အယ်ဒီတာလုပ်ဖို့လည်းစီစဉ်ထားပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

အဆိုပါ သတင်းစာကို ခေတ်စနစ်နှင့် ညီသည့် အသွင်သဏ္ဌာန်ရော အနှစ်သာရ ပါဝင်စေရန်၊ သတင်းစာ ပုံစံပြောင်း၍ ရေးသားချက်များ ပြောင်းလဲကာ  ထုတ်ဝေသွားရန် ဆွေးနွေးကြောင်း၊ လာမည့်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုသို့ ပုံစံ အစအဆုံး ပြောင်းလဲ ရာတွင် လူဖတ်အများဆုံး ဖြစ်သည့် သတင်းစာ၏ နောက်ဆုံးနားက စာမျက်နှာဖြစ်သည့် နာရေးသတင်းများကို ရှေးဆုံး မျက်ဖုံးသတင်းများ အဖြစ် ဓာတ်ပုံဝေေ၀ဆာဆာဖြင့် ဖော်ပြကာ စတင် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲခြင်းမှာ သတင်းစာ၏ "အစ" နှင့် "အဆုံး" ကို "အစအဆုံး" ပြောင်းလဲခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော မုန်တိုင်း တိုက်ခတ်မှုကို လေပြင်လေညင်း တိုက်ခတ်မှုဟု ရေးသားဖော်ပြခြင်း၊ ငလျင်သတင်းကို နိုင်ငံတော်အစိုးရ၏ သဘောထားဖြူစင်မှုကို မဟာ ပထ၀ီ မြေကြီးက အသိအမှတ်ပြု ကောင်းချီးပေးမှုဟု ဖော်ပြခြင်း၊  ရေကြီးခြင်း သတင်းများကို မင်းကျင့်တရား ၁၀ ပါးနှင့် အညီ ကျင့်ကြံ အားထုတ်မှုကြောင့် တိုင်းပြည်အတွင်း ရေများ ပြောလျှံကြွယ်ဝခြင်း ဟု ရေးသားဖော်ပြခြင်း၊ အနီရောင် အညိုရောင် ဆင်များကို ဆင်ဖြူဟု အရောင်အဆင်းမှားယွင်းစွာ ဖော်ပြခြင်း၊ ခေတ်အဆက်ဆက် အသုံးပြုလာသည့် အသုံးအနှုန်းဖြစ်သော ပန္နက်ချ အခမ်းအနားကို "ပန္နက်တင်" မင်္ဂလာ အခမ်းအနားဟု ဝေါဟာရ ပြောင်းပြန်ဖော်ပြခြင်း၊ "အမှားပြင်ဆင်ချက်" ကို "အမှန်ပြင်ဆင်ချက်" ဟု ဖော်ပြခြင်းများဖြင့် ပြောင်းလဲ တင်ဆက်သွားရန်  စီစဉ်ထားကြောင်း ကြေးမုံ သတင်းစာမှ ၀န်ထမ်းတဦးက ပြောသည်။

"စစ်ဗိုလ်ချုပ်တွေ ဖြတ်ဖေါက်ချုပ် လုပ်မယ့်သတင်းတွေ  ပြည်တွင်းထုတ် ဂျာနယ်တွေမှာ သဘာဝ  ဘေးအန္တရာယ် ဖြစ်တာနဲ့ချက်ချင်းဖြော်ပပေးသလို အချိန်နဲ့ တပြေးညီ ဖော်ပြနိုင်အောင်
လုပ်သွားမယ်လို့ ပြောတယ်။ ဒီအပြောင်းအလဲ သတင်းတွေကို ဖော်ပြလိုက်တော့ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရထုတ် သတင်းစာအပေါ်မှာ ပြောင်းလဲတဲ့အမြင်တခု၊ နေရာတနေရာ ပေးလာတာမျိုး ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ စစ်အစိုးရသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “ကြပ်ပြေး သတင်းစာ”နှင့် “ကြာကူလီ သတင်းစာ” တို့ကို ထပ်မံ ထုတ်ဝေသွားရန်လည်း စီစဉ်ထားသည်။

(ကိုကြက်ဖ သတင်းပေးပို့သည်)

သတင်း အပြည့်အစုံ ဖတ်ရှုရန်

ဒီရေနီ သတင်း

မြန်မာ့ပင်လယ်ပြင်ရှိ နေရာအချို့တွင်  ရေနေသတ္တ၀ါများ သေကျေ စေတတ်သည့် ဒီရေနီများ ဖြစ်ပေါ်နေခြင်းကို စမ်းသပ်မှူများ ပြုလုပ်နေကြောင်း ငါးလုပ်ငန်းဦးစီးငှာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောပါတယ်။

ဒီရေနီ

ယင်း ဒီရေနီဟာ မြန်မာနိုင်ငံ ငါးလုပ်ငန်းနှင့် မွေးးမြူရေးဌာနက လူကြီးတွေရဲ့ ၀င်ငွေကို ထိခိုက်စေတာကြောင့် ဂျပန်နိုင်ငံက ပညာရှင်ဒေါက်တာ ကာရှီမီယို၊ မြန်မာပညာရှင် ဦးမြင့်ဖေတို့ ပူးပေါင်းကာ လေ့လာမှုတွေ ပြုလုပ်နေပြီလို့ ၎င်းကပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါ ဒီရေနီ မှာ ရေငံပိုင် ဦးရှင်ကြီးကို မှန်မှန်ပူဇော်ပသခြင်း မပြုလုပ်လို့ ဖြစ်ပေါ်ရခြင်း ဖြစ်တယ်လို့
မြန်မာ ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ နဲ့ မြိတ်ကျွန်းစုတို့မှာ
တိရိစ္ဆာန် အလံနဲ့ ခေါင်ပေါင်းဝတ်လူတွေ ရောက်လာကတည်းက ဒေသခံတွေဟာ ဦးရှင်ကြီးကို ပူဇော် ပသခြင်းထက် ၎င်းတို့အား ပူဇော်ပသနေရတဲ့အတွက်  ဦးရှင်ကြီး ဒေါသထွက်သွားတဲ့အကြောင်းကို အဲဒီ ပညာရှင်များက ပူးပေါင်းလေ့လာကြမှာ ဖြစ်တယ်လို့ သိရပါတယ်

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ငှက်ကထ ဦးဟန်ထွန်းက တော့ ၎င်းရဲ့ အတွေ့အကြုံအရ ၁၉၉၇ ခုနှစ်က သပြုချိုင်မှာ ဒီရေနီ စတွေ့ခဲ့ပြီး အဆိုပါနေရာ တ၀ိုက်မှာ ငါးနဲ့ပုဇွန် ရေသတ္တ၀ါများ လုံးဝ ကွယ်ပျောက်သွားတဲ့အကြောင်း ဆွေးနွေးသွားပါတယ်။

အဲဒီလို ဒီရေနီများ ဖြစ်ပေါ်မှုကြောင့်  ရေသတ္တ၀ါ နာမည်ပါသူများလည်း အထူး တုန်လှုပ်လျက်ရှိပြီး၊ ငါးရွှေ ငါးမန်း အစရှိတဲ့ ငါးအမျိုးမျိုးနဲ့ ငါးတပိုင်း ဖားတပိုင်း နာမည်ရ စာရေးဆြာ အစရှိသူတို့မှာ နေ့ညမအား ဦးရှင်ကြီးအားပူဇော်ပသလျက် ရှိကြောင်း ၄င်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောကြားသွားပါတယ်။

(သတင်း-ကိုကြက်ဖ)

သတင်း အသေးစိတ် ဖတ်ရှုရန်

Sunday, December 26, 2010

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုမိုးဒီ ပလတ်စတစ် ဆာဂျရီ ပြုလုပ်

မြန်မာ့ နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုမိုးဒီ သည် ပလတ်စတစ် ဆာဂျရီ တစ်ခုကို အမေရိကန် ပြည်ထောင်စုတွင် အောင်မြင်စွာ ခွဲစိတ်ပြုပြင်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုမိုးဒီသည် ပလတ်စတစ် ဆာဂျရီ နည်းပညာဖြင့် သူ၏ အလွန်ဝသော ကိုယ်ခန္ဓာကို ဆလင်းဘော်ဒီ ဖြစ်အောင် ခွဲစိတ်ပြုပြင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြုပြင်နိုင်ခဲ့မှုကြောင့် အလွန်ပေါ့ပါး သွက်လက် သလို ခံစားရကြောင်း ကိုမိုးဒီက Burma Strange News သို့ ပြောပြသည်။

"ကျွန်တော်က ခုန်ဆွ ခုန်ဆွ အရမ်း ခုန်ပေါက် ချင်တာဗျ။ ဘော်ဒီက အရမ်းဝတော့ စိတ်သွားတိုင်း ကိုယ်မပါဘူး။ ခုန်ချင်သလို မခုန်နိုင်ဘူးလေ။ ဒီတော့ ဆာဂျရီလုပ်ပြီး အဆီလျှော့လိုက်တာပါ။ အခုတော့ ကျွန်တော့် အနေနဲ့ မျောက်လို ခုန်မလား၊ ဖားလို ခုန်မလား၊ ခုန်ချင်သလို ခုန်ဆွ ခုန်ဆွ လုပ်နိုင်ပြီ ဆိုတော့ ဟစ်ဟော့ ဆိုတော့မယ်ဗျာ" ဟု ကိုမိုးဒီက ပြောသည်။

ထို့ပြင် ကိုမိုးဒီသည် လူမည်းဘ၀မှ လူဖြူဘ၀ရောက်စေရန် ပလတ်စတစ် ဆာဂျရီ ပြုလုပ်ကာ တစ်ကိုယ်လုံး ဖြူပတ်ဖြူရော် ဖြစ်အောင် ပြောင်းလဲ ခဲ့သော ကမ္ဘာကျော် အဆိုတော် မိုက်ခဲကြက်ဆင်၏ အိုင်ဒီယာ ကို အားကျ မိခြင်းကြောင့်၊ ယခု ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု အတွင်း သူ၏ တစ်ကိုယ်လုံးကို အ၀ါရောင်မှ အမည်းရောင် အသားအရေ ဖြစ်စေရန် ခွဲစိတ်ပြုပြင်ခဲ့ကြောင်း သိရသည်။ လူမည်းဘ၀ ပြောင်းလဲရခြင်းမှာ မာတင်လူသာကင်း၊ နယ်လဆင် မန်ဒဲလား၊ ဒက်စမွန်တူးတူး နှင့် အိုဘားမားတို့ကို အားကျမိခြင်းကြောင့် ဖြစ်ကြောင်း ကိုမိုးဒီက ပြောသည်။

မိုက်ခဲကြက်ဆင်နှင့် မတူစွာပင်၊ ခွဲစိတ်ပြုပြင်မှု အပြီး  လူမည်းဖြစ်သွားသော ကိုမိုးဒီသည် ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ရင်း ဟစ်ဟော့ သီချင်းများကို ပေါ့ပါးသွက်လက် စွာဖြင့် ခုန်ဆွ ခုန်ဆွ သီဆိုလျက် ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ ရှမ်းစတားဂျစ် ရှေ့တွင် ရပ်လျက်ရှိသော
ယနေ့ ကိုမိုးဒီအားလူမည်းဘ၀ ပြောင်းပြီးနောက် တွေ့ရပုံ
(Photo: rateyourmusic.com)

(ကိုမိုးဒီအကြောင်း Brownboy ပေးပို့သည်)

ဝီကီပီဒိယမှာ ဖော်ပြခံရတဲ့ မြန်မာဟာသ သရုပ်ဆောင် ကိုမိုးဒီ

မိန်းကလေးများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပိုမိုပေါ်ပေါက်လာ

ပုဂ္ဂလိကဘဏ်များ လုပ်ကိုင်ခွင့် ရရှိလာသည့်အတွက် ဘဏ်လုပ်ငန်း ဆိုင်ရာများတွင် မိန်းကလေးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမို ပွင့်လန်းလာပြီး၊ ယောက်ျားလေးများ အတွက်မူ နေရာ မရှိကြောင်း ဘဏ်လုပ်ငန်းတာဝန်ရှိသူ အချို့က သုံးသပ် ပြောကြားလာသည်။
အသစ်ဖွင့်လှစ်လိုက်သည့် ဧရာဝတီဘဏ်၏
မိန်းကလေး သီးသန့် ၀န်ထမ်းများကို တွေ့ရစဉ်

လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစိုးရဘဏ်ကြီး လေးခုရှိပြီး ပုဂ္ဂလိက ပိုင်ဘဏ် ၁၉ ခုရှိကာ ထိုထဲတွင် အများ ပိုင်ဘဏ်အမျိုးအစား ငါးခု ပါဝင်သည်။

ဘဏ်များ တိုးမြှင့်ဖွင့်လှစ်လာသည့်အတွက် မိန်းကလေး ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လာသည့် နည်းတူ အတွေ့အကြုံမရှိသည့် မိန်းကလေး ၀န်ထမ်းသစ်များကိုလည်း ခန့်အပ်၍ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ရန် လိုအပ်လာပြီး အတွေ့အကြုံရှိသည့် ယောက်ျားလေးများကိုမူ လိုအပ်ခြင်း မရှိဟု ဆိုသည်။

ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ဘဏ် လေးခုမှာ ဘဏ်တစ်ခုကို ၀န်ထမ်း ၁,၀၀၀ လိုအပ်တယ်ဆိုရင် ၉၉ ရာခိုင်နှုန်းက မိန်းကလေးတွေ လိုအပ်ပြီး ၁ ရာခိုင်နှုန်းက အသက် ၆၀ ကျော် Security အဖိုးကြီး တွေကို ခန့်ရမယ်လို့ ပြဌာန်းထားပါတယ်။ ထပ်ပြောရရင် မိန်းကလေး ၉၉ ရာခိုင်နှုန်းနဲ့ ယောက်ျားလေး ၁ ရာခိုင်နှုန်းဆိုပြီး ခန့်ရ မယ်" ဟု ပြောသည်။

စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အခု ကျွန်တော်တို့ခေါ်တာက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ဘဏ်ခွဲတွေအ တွက် ကြိုခေါ်ထားတာ။ အဲဒီအတွက် လိုမှာက ဥပမာ မိန်းကလေး ၈၀ လောက်လိုတဲ့ဟာကို လျှောက်ထားတဲ့လူက ၇၀၀၊ ၈၀၀ လောက်ရှိ တယ်။ ဒီထဲမှာ မိန်းကလေးမဖြစ်ဘဲ ယောက်ျားလေး တွေ လာလျှောက်တာ ရှိဦးမယ်။ တချို့ က မိန်းမလျှာပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေး အစစ်ကိုပဲ ကျွန်တော်တို့က ခန့်ပါတယ်"ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လျက်ရှိသော်လည်း စီဘီ ဘဏ်မှ တာဝန် ရှိသူ၏ အထက်ပါ ပြောကြားချက် အရ အလုပ်လိုအပ်သူများ၏ ၁၀ ရာခိုင်နှုန်းကိုသာ အလုပ်ခန့်နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။ ထိုအထဲတွင် ယောက်ျားလေးများ အတွက် နေရာ မရှိပေ။

လောလောဆယ်တွင် မြန်မာနိုင်ငံ၌ ယောက်ျားလေးများ ရရှိနေသည့် တစ်ခုတည်းသော နေရာမှာ "ယောက်ျားလေး ရမယ်၊ ယောက်ျားလေး ရမယ်" ဟု စပါယ်ယာများက ပြောသည့် ကားတွယ်စီးရန် လိုအပ်သော ခြေဖ၀ါး တစ်ဖက် ချစရာ ခြေနင်းခုံ နေရာပဲ ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန်

Saturday, December 25, 2010

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ခရစ္စမတ် အထူးလက်ဆောင်ပေးရန် စန္ဒာကလော့ နေပြည်တော်သို့ ချီတက်လျက်ရှိ


(ဗီဒီယို သတင်း)

ခရစ္စမတ် လက်ဆောင်များ ပေးလေ့ရှိသော စန္ဒာကလော့ ဘိုးဘိုးကြီးသည် ယနေ့ ၂၀၁၀ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ခရစ္စမတ်နေ့တွင် နေပြည်တော်သို့ သွားရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရစ္စမတ်ဘိုးဘိုးကြီသည် မြန်မာပြည်မြောက်ပိုင်း ဆီးနှင်းများထူထပ်သည့် ခါကာဘိုရာဇီတောင်ထိပ်အနီးမှ သံချပ်ကာ ကားကြီးကို စီးလျက် မြန်မာပြည်ထဲသို့ ၀င်ရောက်လာကာ နေပြည်တော်သို့ ဦးတည် ချီတက် နေကြောင်း သိရသည်။ စန္ဒာကလော့တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ရှေ့ပြေး သံချပ်ကာယန္တရား ခြောက်စီး ပါဝင်ပြီး၊ သူကိုယ်တိုင်ကမူ ကြီးမားသည့် အမြောက်ကြီး ပါရှိသော သံချပ်ကာယာဉ်ကို စီးနင်းလိုက်ပါလာကြောင်း သိရသည်။

လမ်းခုလတ်တွင် မြန်မာ့တပ်မတော် အမြောက်နှင့် ဒုံးပျံ တပ်မဟာမှ သံချပ်ကာ နှစ်စီးက အမြောက်ကြီးနှစ်လက်ဖြင့် ပစ်ခတ် ဟန့်တားခဲ့သော်လည်း စန္ဒာကလော့၏ အနီးသို့ပင် အမြောက်ကျည်ဆံ ရောက်ရှိခြင်း မရှိကြောင်း သိရသည်။

စန္ဒာကလော့ ဘိုးဘိုးကြီးအနေဖြင့် ခရစ္စမတ်နေ့တွင် နေပြည်တော်သို့ မည်သည့်ကိစ္စကြောင့် ယခုကဲ့သို့ သွားရောက်ရသည့် အကြောင်းရင်းနှင့် မည်သို့သော ခရစ္စမတ် အထူး လက်ဆောင်များ ပေးမည့် အကြောင်းကိုမူ အသေအချာ မသိရသေးပေ။

အမြောက်များဖြင့် ချိန်ရွယ်ထားသည်ကို တွေ့မြင်ရသည့်အတွက် နေပြည်တော်အတွက် ခရစ္စမတ် အထူး လက်ဆောင်မှာ ချောကလက်များ မဟုတ်သည်ကတော့ သေချာကြောင်း တရုတ်ပြည်တွင် နေထိုင်သည့် မြန်မာ့စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောကြောင်း သတင်းရရှိသည်။

အင်တာနက် Connection ကျသည့် အခြေအနေကို FTTX စနစ်ဖြင့် ဆောက်ရွက်မည်



မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော အင်တာနက် အသုံးပြုရာတွင် Connection အလွန် ကျသော အခြေအနေကို မကြာမီ စတင်တော့မည့် Foolish Tortoise Telecommunication of Xenophobia (FTTX) (ခေါ်) ပြည်ပကြောက်ရွံ့ စိတ်မနှံ့ လိပ်တွား ဆက်သွယ်ရေး စနစ်ဖြင့် Connection များ ကျသည်ထက် ကျအောင် ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ FTTX စနစ်ကို လက်ရှိတွင် မန္တလေးမြို့၌ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းခန့်တွင် အကောင်အထည် ဖော်သွားဖွယ်ရှိသည်ဟု သိရသည်။

၎င်း FTTX စနစ်သည် ယခင်ပုံမှန် အသုံးပြုနေသော ဆက်သွယ်ရေး နည်းပညာနှင့် မတူဘဲ Connection လိပ်တွားတွားသည့် နည်းပညာသစ်များဖြင့် ကွန်ဒိုမီနီယံများ၊ Apartment များ၊ အိမ်ရာစီမံကိန်းများ၊ ပလာဇာများ၊ ဟိုတယ်များနှင့် ရုံးအဖွဲ့အစည်းများတွင် အလွန်လိုအပ်နေသော သတင်းဆိုင်ရာ အချက်အလက် အင်တာနက်ဝန်ဆောင်မှုများကို မြေအောက်ဖိုင်ဘာ မိလ္လာမြောင်းများမှ တစ်ဆင့် တပ်ဆင်သွားမည်ဟု သိရသည်။

“မြန်မာနိုင်ငံတွင် အခုလက်ရှိ အင်တာနက်မှာ ကြုံတွေ့နေတာကတော့ Connection ပါပဲ။ အခု FTTX စနစ်က Connection ကိစ္စကို တာဝန်ယူမယ် ဆိုတော့ ခေါင်းကိုက်စရာပါပဲ”ဟု စမ်းချောင်းမြို့နယ်မှ အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးကဆိုသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၌ ကုန်းတွင်း လိပ်တွား နယ်စပ် လမ်းလျှောက် အင်တာနက်ဆက်ကြောင်း ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-တရုတ် ကုန်းတွင်း လိပ်တွား နယ်စပ် လမ်းလျှောက် အင်တာနက် ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်းတွင်း လိပ်တွား အင်တာနက်ဆက်ကြောင်းနှင့် မြန်မာ- ထိုင်း အင်တာနက် ဆက်ကြောင်းဟူ၍ မိလ္လာပိုက်လိုင်းများ ဆက်သွယ်ထားပြီး ဖြစ်သည်။

၎င်းဆက်ကြောင်းများကို တရုတ်နိုင်ငံမှ မိုဘိုင်းနည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့်  China Telecom နှင့် အိန္ဒိယမိုဘိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Ta Ta ကုမ္ပဏီတို့က ဆောင်ရွက်နေကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အီရတ်က မြန်မာ တက္ကသိုလ် တစ်ခု

စူဠာမဏိ တက္ကသိုလ်ကို တွေ့ရစဉ်

အီရတ်နိုင်ငံ အတွင်းမှာ မြန်မာလူမျိုးတွေ တည်ထောင်ထားတဲ့ မြန်မာ့ တက္ကသိုလ်တစ်ခုကို တွေ့ရ
ပါတယ်။ တက္ကသိုလ်ရဲ့ အမည်ကတော့ မြန်မာမှု မြန်မာ့ဟန်နဲ့ အမည်ပေးထားတဲ့ "စူဠာမဏိ"
တက္ကသိုလ် ပါ။

ပုဂံခေတ် အလောင်းစည်သူမင်းကြီး သမုဒ္ဒရာကို ဖောင်စကြာနဲ့ ခရီးထွက်တော်မူရင်းက အီရတ်နိုင်ငံကို ရောက်ရှိသွားတဲ့အခါ သူ့ရဲ့ နောက်လိုက် နောက်ပါ မြန်မာလူမျိုးတွေက အဲဒီ တက္ကသိုလ်ကို တည်ထောင်ခဲ့တာ ဖြစ်တဲ့အကြောင်း၊ အီရတ်နိုင်ငံရဲ့ နီရဲပြီး ခြစ်ခြစ်တောက်နေတဲ့ မီးကျီးခဲလို ပူပြင်းတဲ့ ရာသီဥတုကို ပုဂံသားများ ခံစားရတဲ့အခါ တော်ဝင် ထီးသုံးနန်းသုံး စကားနဲ့ "သြော်- နီရဲတဲ့ ပတ္တမြားခဲလို ပါပဲလား" လို့ ငြီးတွားကြကြောင်း၊ အဲဒါကို အစွဲပြုပြီးတော့ စူဠာမဏိ တက္ကသိုလ် (စူဠ=ငယ်သော၊ မဏိ=ပတ္တမြား) လို့ အမည်ပေးခြင်း ဖြစ်ကြေင်း တက္ကသိုလ် သမိုင်းမှတ်တမ်းမှာ တွေ့ရပါတယ်။

(ညွှန်ပြသူ- Mr Sheep)

စူဠာမဏိ တက္ကသိုလ် ၀က်ဆိုက်

Friday, December 24, 2010

သိုင်း ... သိုင်း ... သိုင်းသမား ...

"ရှမ်း လူမျိုးများသည် သိုင်း (Tai) လူမျိုးစု  ဖြစ်သောကြောင့်  ..........  ရှမ်း ခေါင်းဆောင်များက  သိုင်း သူရဲကောင်း ဘုရင်ကြီးအား ရှမ်းပြည်လွတ်မြောက်ရေး တိုက်ပွဲဝင် လူထုအတွက် စံနမူနာပြပုဂ္ဂိုလ် အဖြစ် ထားချင်ကြသည်"  (မူရင်း သတ်ပုံအတိုင်း  လို့ မောက္ခ ပညာရေး မဂ္ဂဇင်းမှာ ယမန်နေ့က ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သိုင်းနိုင်ငံရဲ့ သိုင်းသမား ဘုရင်ကြီး

သိုင်းနိုင်ငံရဲ့ အဲဒီ ရှောင်လင်၊ ၀ူတန့် သိုင်းသမား  သူရဲကောင်း သိုင်း ဘုရင်ကြီးဟာ အေဒီ ၁၆၅၀ ခုနှစ်မှာ သိုင်းနိုင်ငံ မြောက်ပိုင်း၊  ချင်းမိုင်မြို့၊ ဖန်မြို့နယ် တစ်နေရာဖြစ်တဲ့ မူန်ဟန်မှာ ပျံလွန် တော်မူ ခဲ့ပါတယ်။ ပျံလွန်တော်မူချိန်မှာ သိုင်းနိုင်ငံရဲ့ သိုင်းသမား ဘုရင်ကြီးဟာ သူ့ရဲ့ နောက်လိုက် သိုင်းသမားတွေနဲ့ အတူ သူ့ရဲ့ အယုဒ္ဓယ သိုင်း အင်ပိုင်ယာကို ယိုယွင်းစပြုနေတဲ့ မြန်မာပြည်ထဲသို့ ချဲ့ထွင်ရန် အကောင်အထည် ဖော်နေဆဲ ဖြစ်တယ်လို့ သိုင်းနိုင်ငံ ဘန်ကောက်မြို့ ထုတ် "The Nation" သတင်းစာ မှာ  ရေးထား ပါတယ်။


ဘလော်ဂါများ သီချင်းဆိုရန် ဆုံးဖြတ်

(ခရစ္စမတ် အထူးလက်ဆောင်)

ယခုနှစ် ခရစ္စမတ် ကာလမှ စတင်ပြီး သီချင်းဆိုရန် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ထင်ရှားသည့် ဘလော်ဂါများက ယနေ့ ပြောဆိုလိုက်သည်။

“YouTube မှာ ပါတဲ့ သီချင်းတွေကို နားထောင်အပြီးမှာ တော်တော်လေး မခံချင်စိတ် ဖြစ်မိတယ်။ ငါတို့လည်း သီချင်းဆိုနိုင်တာပဲ လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်လိုက်တယ်” ဟု အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဆူရှီဆရာ ဘလော်ဂါတဦးက ပြောသည်။




“ဒီနေ့ကစပြီး ကျနော် သီချင်းဆိုမယ်” ဟု သူက ကျမ်းသစ္စာကျိန်ဆိုသည့် ပုံစံဖြင့် ညာဘက်လက်ဖ၀ါးကို ဖြန့် ထောင်ပြီး အလေးအနက် ဖြည့်စွက် ပြောလိုက်သည်။

သီချင်းဆိုရန် ဆုံးဖြတ်လိုက်သူ ဘလော်ဂါနောက်တဦးမှာလည်း အမေရိကန်တွင်ပင် အခြေစိုက်နေသူဖြစ်သည်။

“ကျနော်လည်း ဆိုမယ်ဗျာ။ ကမ္ဘာမြေကြီး ကျန်းမာဖို့ ကျနော် သီချင်းဆိုမှ ဖြစ်တော့မယ်” ဟု ၀ါရှင်တန်မြို့တော်တွင် အလုပ် လုပ်ကိုင်သည့် သူက ကဗျာဆန်ဆန် ကြွေးကြော်လိုက်သည်။

“ကျိန်ဆိုလည်း ကျနော် ကျိန်ရဲပါတယ်၊ ခယောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ် အဲ - ကျနော် တကယ် ဆိုတော့မှာပါ။ ဒီဆုံးဖြတ်ချက်ဟာ ကျနော့်ရဲ့ နှစ်သစ် အဓိဋ္ဌာန်၊ အင်္ဂလိပ်လိုတော့ new year resolution ပေါ့ဗျာ” ဟု ဂုဏ်ယူစွာ ပြောပြသည်။



သီချင်းဆိုရန် အကြောင်းပြချက်ဖြင့် ဘလော့လောကမှ ထွက်မသွားရေးအတွက် သူတို့၂ဦးကို တိုက်တွန်းထားသည်ဟု သြစတြေးလျ အခြေစိုက် မြန်မာဘလော်ဂါတဦးထံမှ သိရသည်။ ၎င်းသည် မြန်မာဘလော်ဂါများ အသင်းကြီး၏ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည်။


“ဘလော့ ရေးနေတုန်း သီချင်းအော်ဆိုလည်း ရပါတယ်ရှင်။ ကျမလည်း သီချင်း တအေးအေးနဲ့ ဘလော့ ရေးတဲ့သူပါ” ဟု လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်က လက်ထောက်ပြီး ပြောလိုက်သည်။

ခရစ္စမတ် ကာလတွင် ဘလော်ဂါ ၂ ဦးကို ရုတ်တရက် စိတ်ပြောင်းသွားစေသည့် YouTube မှ သီချင်းများကို အောက်ကလင့်တွေမှာရော အထက်က သတင်းတွေကြားထဲမှာပါ ဖော်ပြပေးထားပါသည်။

Jingle Belles
Merry X-mas
Jingle Cats

(ဇာနည်ဝင်း ပေးပို့ သည်။)

ဘင်္ဂလားပင်လယ်အော်အနီး ရေနွေးအိုး တည်မှုကြောင့် ဒီဇင်ဘာလကုန်အထိ မိုးရွာသွန်းနိုင်


ရန်ကုန်၊ ဘင်္ဂလားပင်လယ်အော်အနီးတွင် ရေနွေးအိုးတည်မှုများကြောင့် မိုးကောင်ကင်တွင် ရေးနွေးငွေ့များ ပြည့်နှက်နေသဖြင့် ဒီဇင်ဘာလကုန်ထိ မိုးရွာသွန်းနိုင်ခြေရှိ နေသေးကာ များပြားသော ရေခဲရေ ရောင်းသူများကြောင့်လည်း အအေးလှိုင်းဖြတ်ခြင်းကို  သုံးကြိမ်ခန့်အထိ ကြုံတွေ့နိုင်ဖွယ် ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
မိုးရွာသွန်းနိုင်မှုအခြေအနေ
မကြာသေးမီကရွာသွန်းခဲ့သော မိုးရွာမှုများသည် ဒီဇင်ဘာလပထမပတ် အတွင်းက ဖြစ်ပေါ်ခဲ့သော ကုန်းတစ်ဝက် ရေတစ်ဝက် (=ဖားသတ္တ၀ါ) မုန်တိုင်း၏အရှိန်ကြောင့် ဖြစ်ကာ ယင်းမုန်တိုင်းမှာ "ကုန်းတွင်း လမ်းလျှောက် မုန်တိုင်း" အဖြစ်နှင့် အိန္ဒိယသို့ဝင်ရောက် ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း နေ ရာကွက်ကျား မိုးရွာသွန်းမှုများရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှု များရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားပင် လယ်အော်အနီးတွင် ရေနွေးအိုးတည်သူများကြောင့် ရေနွေးငွေ့များရှိနေသေး သည့်အတွက် လာနီညာရာသီဥတုများ ၏ ထုံးစံအတိုင်း အေးပြီးစွတ်စိုသော ဆောင်းရာသီအဖြစ် ခံစားရမည်ဖြစ်ပြီး မိုးတွင်းကဲ့သို့ အဆက်မပြတ်မရွာသော် လည်း ထပ်မံ၍ မိုးရွာသွန်းမှုများရှိနေ နိုင်ကာ ဒီဇင်ဘာလကုန်မှသာ မိုးပြတ် နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့် မှန်းပြောကြားသည်။

ရှာဖတ်ရန်

ဇာဂနာ ဘာသာပြောင်းတော့မည်

ထောင်မှ လွတ်လျှင် ဘာသာပြောင်းတော့မည် ဖြစ်ကြောင်း နိုင်ငံကျော် စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာက ပြောကြားလိုက်သည်။

"..ကျနော် အပြင်ပြန်ထွက်ရင်တော့ ဗုဒ္ဓဘာသာကနေ ကျနော် တခြားဘာသာကို ပြောင်းတော့မယ် . ။ ကျနော်တို့ ဗမာပြည်ကဗျာ.. အလှူလုပ်ရင် ဖမ်းတယ်၊ တစ်ခြားဘာသာတွေက မဖမ်းဘူး . " ဟု ကိုဇာဂနာက ပြောကြောင်း မကြာသေးမီက ထောင်မှ လွတ်လာသည့် ဦးစံဘော်က ပြန်ပြောပြသည်ဟု ဒီဗွီဘီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန်

Thursday, December 23, 2010

ကျားဖြူနဲ့ ခြင်္သေ့ လယ်ပြင်တွင် ရင်ဆိုင်တွေ့သော်..

ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ စုံညီ ညီလာခံ ကျင်းပပြီး နောက် ပိုင်း ခြင်္သေ့ဂိုဏ်းက ကျားဖြူပါတီကို အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ကျားဖြူ ပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

“ခြင်္သေ့ဂိုဏ်းရဲ့ ပြည်နယ်လွှတ်တော်မှာ ၀င်ရောက် လက်ဝှေ့ထိုးတဲ့ ဒေါက်တာ စိုင်းခမ်းလှိုင်က အနိုင်ရ ကျားဖြူ အမတ်ကြီး စိုင်းမွန်းကို ရှမ်းအမဲလိုက်သေနတ်ကိုင် ခြင်္သေ့လိုက် မုဆိုးတွေကထောက်ခံမဲ ပေးတယ်ဆိုပြီး လည်ဆံမွေးဖွားဖွားကြီးနဲ့ ၀ုတ်ဝုတ်လို့ ခြင်္သေ့လို ဟိန်းဟောက်ခဲ့တယ် ” ဟု ကျားဖြူ ဗဟိုကော်မတီဝင် တဦးကပြောသည်။

ကျားဖြူ ပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက-ကွန်ဟိန်းမြို့နယ် ခြင်္သေ့ဂိုဏ်း၏ ပြည်နယ် လွှတ်တော် ၂ စိုင်းနု သည်လည်း ကြိုတင်ထည့်ထားသည့် မသမာသော အမဲကောင်များကြောင့် အနိုင်ရထားကြောင်း ကျားဖြူ ပြည်နယ်လွှတ်တော် ၂  ကိုယ်စားလှယ်လောင်း စိုင်းထွန်းကြည်တွင် သက်သေအထောက် အထားနှင့်တကွရှိသဖြင့် ကျားများ အနေဖြင့် ပြန်လည် ခုန်အုပ်ရန် အသင့် ရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ ကျားဖြူတွေဟာ ဘယ် အမဲလိုက်သေနတ်ကိုင် ခြင်္သေ့လိုက် မုဆိုးတွေနဲ့မှ မဆက်သွယ် ဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဘေးမဲ့တော ဥပဒေဘောင်ထဲကနေပဲ လှုပ်ရှား တဲ့ အတွက် ခြင်္သေံတွေအနေနဲ့ လာကိုက်ဖို့ အချက်အလက် တွေနဲ့ပြည့်စုံပါစေ။ ရင်ဆိုင်ဖို့ အဆင်သင့်ဘဲ”
ဟု ကျားဖြူ ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

ကျားနှင့် ခြင်္သေ့ လယ်ပြင်တွင် ရင်ဆိုင်မည့်ရက် အတိအကျ မသိရသေးသော်လည်း ကျားဖြူများ၏ ဥပဒေအကြံပေးအဖွဲ့က အချက်အလက်များ စုဆောင်း နေ ကြောင်း စိုင်းဆောင်ဆီကပြောသည်။

ခြင်္သေ့များက ရှမ်းပြည်တောင်ပိုင်း ကျားဖြူ အနိုင်ရ ပြည်နယ် လွှတ်တော် အမတ်ကြီး စိုင်းမွန်းအား ခြင်္သေ့ဂိုဏ်းဝင် ဒေါက်တာစိုင်းခမ်းလှိုင်မှ ခြင်္သေ့သံဖြင့် ၀ုတ်ဝုတ်ဟု ဟောင်သကဲ့သို့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခြင်္သေ့ဂိုဏ်းကလည်း အနိုင်ရ ကျားဖြူ များအား ထို့နည်းတူ ခြင်္သေ့ ဘာသာစကားဖြင့် ဟိန်းဟောက် ထားသေးသည်ဟုဆိုသည်။


သတင်း အပြည့်အစုံ ဖတ်ရှုရန်

သတိ လက်နှိပ်ဓါတ်မီးမဆောင်ရ


လက်နှိပ်ဓာတ်မီး ဆောင်ထားတယ် ဆိုရင်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းဖို့  နေပြည်တော် ဘူတာ ကနေ သင့်ကို စောင့်ကြိုနေမှာပါ။

ဒီရက်ပိုင်းအတွင်းမှာ ဂြိုဟ်သားတွေက ရောင်ခြည်သေနတ်နဲ့ တိုက်ခိုက်နိုင်တယ်လို့ စစ်အစိုးရက ယူဆနေ တာကြောင့် နေပြည်တော် ဘူတာမှာ  တင်းကြပ်စွာ စစ်ဆေးနေပြီး သံသယရှိဖွယ် ပစ္စည်းတွေကို သိမ်းဆည်း နေပါတယ်။
 အဲဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတိအထားဆုံးကတော့ လက်နှိပ်ဓါတ်မီးတွေပဲလို့ ရထားစီး ခရီးသည်တွေက ပြောကြပါတယ်။
`ရထားပေါ်မှာလည်း မီးကလည်း ကောင်းကောင်း လင်းတာ မဟုတ်။ ရန်ကုန်ရောက်ရင်လည်း လမ်းတိုင်းမှာ မီးက လင်းတာ မဟုတ်။ ဒါကြောင့် ဓါတ်မီးယူလာတာပါ။
နေပြည်တော်ဘူတာ ရောက်တော့ လက်နှိပ်ဓါတ်မီးတွေက ရောင်ခြည်သေနတ်နဲ့ တူတယ်။ ရောင်ခြည်သေနတ်လို ရောင်ခြည်တန်းတွေ ထိုးလို့ရတယ်  ဆိုပြီး အကုန် သိမ်းတော့တာပဲ´ လို့ ဓါတ်မီး အသိမ်းခံခဲ့ရတဲ့ ခရီးသည် တစ်ဦး က ပြောပါတယ်။
         
ခရီးသည်တွေကို အမျိုးသား၊ အမျိုးသမီး နှစ်တန်း ခွဲပြီး ခရီးဆောင်အိတ်တွေကို ဖွင့်ကြည့် စစ်ဆေးခြင်းနဲ့ ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးတာတွေ လုပ်တာကြောင့် ခရီးစဉ် နှောင့်နှေးပြီး စိတ် အနှောက်အယှက် ဖြစ်ကြရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

`လုံခြုံရေးအတွက် စစ်ဆေးနေပါတယ်။ ကြည်ဖြူစွာ ခံယူပါ လို့ ပြောတယ်။ ခရီးသည်တွေ လုံခြုံရေးလား သူတို့အတွက် လုံခြုံရေးလား ဆိုတာတော့ သူတို့ပဲ သိမှာပါ။ တကယ် ရောင်ခြည် သေနတ်နဲ့ ပစ်မယ့် ဂြိုဟ်သားက ပန်းကန်ပြားပျံနဲ့ လာမှာပေါ့၊ ဘယ်လိုလုပ်ရထားစီးပြီးတော့ လာမှာလဲ၊ ရထားစီးပြီး လာတယ် ဆိုကတည်းက ရောင်ခြည်နဲ့ တိုက်ခိုက်မယ့် ဂြိုဟ်သား မဟုတ်လို့ပေါ့ဗျာ ´ လို့ ခရီးသည် တစ်ဦးက ၄င်းရဲ့ ခံစားချက်ကို ပြော ပါ တယ် ။
         
နေပြည်တော်ဘူတာမှာ သိမ်းဆည်းထားတဲ့ လက်နှိပ်ဓါတ်မီးတွေ ရာဂဏန်းနဲ့ချီပြီး တွေ့ခဲ့ရကြောင်း၊ ပြန်တောင်းပေမဲ့ သိမ်းယူသွားတဲ့ ဓါတ်မီးတွေ အကုန်လုံးကို ဓါတ်မီးပြင်တဲ့ အဟောင်းဆိုင်မှာ ပြန်ရောင်းဖို့ ညွှန်ကြားခြင်း ခံထားရတဲ့အတွက်  ပြန်မပေးနိုင်ဘူးလို့ သိမ်းယူသွားသူတွေက ပြောတဲ့အကြောင်း၊  လက်နှိပ်ဓါတ်မီး ပြန်သွားတောင်းခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပြပါတယ်။

သတင်း အသေးစိတ် ဖတ်ရှုရန်

ကျောင်းသားများ အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုလျက်ရှိ

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအား မေဂျာအလိုက် စာတမ်းငယ် (Term Paper) ပြုစုရာတွင် ကိုယ်တိုင် လေ့လာ ရေးသားခြင်းမပြုကြပဲ အင်တာနက်တွင် ရှာဖွေပြီး ဖြတ်ညှပ်ကပ် ရေးသားကြရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

သို့သော် အတွေ့အကြုံမရှိသည့် ကျောင်းသားများအတွက် အင်တာနက်တွင် ပထမဦးဆုံး ရှာဖွေရသည့်အခါ မည်သို့ မည်ပုံ လုပ်ကိုင်ရမည်ကို မသိသည့်အပြင်၊ လိုင်းမကောင်းသည့်အတွက် ကွန်နက်ရှင်ခဏခဏကျခြင်းကြောင့် ဘာမှ အင်တာနက်တွင် ရှာလို့မရကြောင်း တတိယနှစ် ဓာတုဗေဒ ကျောင်းသားတစ်ဦးက ဆိုသည်။

“ဆရာမပေးတဲ့ ခေါင်းစဉ်ကို ရိုက်ထည့်လိုက်တော့ အများကြီးပေါ်လာတယ်၊ ဘယ်ဟာယူလို့ ယူရမှန်းလည်း မသိဘူး၊ တချို့ဟာတွေက ကျွန်တော်တို့လည်း နားမလည်ဘူး၊ ရှာနေတုန်း အင်တာနက်ကျသွားတာလည်းရှိတယ်၊ ဘာမှ လုပ်လို့မရတဲ့ အဆုံး အင်တာနက်ဆိုင်က ထည့်ပေးထားတဲ့ ဂိမ်းဆော့ပြီး ပြန်လာတယ်” ဟု အဆိုပါ ဓာတုဗေဒကျောင်းသားက ပြောသည်။

“အင်တာနက်က ရှာပြီးရေးမယ်ဆိုရင် ဒီလို မော်လမြိုင် ကွန်နက်ရှင်မျိုးနဲ့ စာဆယ်လုံးတောင် ရမှာ မဟုတ်ဘူး။ ဒီတော့ မနှစ်က ကျွန်တော့် အစ်ကို ရေးတဲ့ Term-Paper ကို အစအဆုံး မိတ္တူကူးပြီးတော့ ကျွန်တော့်နာမည် တပ်ပြီး တင်လိုက်တယ်” ဟု အဆိုပါ ကျောင်းသားက ပြောကြားသွားသည်။


©ကျလွန်းထော
မွန်သတင်း အေဂျင်စီ

ထိပ်ကြီးလေးထိပ်

ဒီဇင်ဘာ ၂၁ နေ့စွဲဖြင့် ဖော်ပြသော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) သတင်း တစ်ပုဒ်တွင် ရခိုင်၌ ဓည၀တီထိပ်၊ ဝေသာလီထိပ်၊ လေးမြို့ထိပ်နှင့် မြောက်ဦးထိပ် ဟူ၍ ထိပ်ကြီးလေးထိပ် ရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ (ဒီမှာ ကြည့်ပါ)

ဒီဗွီဘီပြောတဲ့ ထိပ်ကြီးလေးထိပ်

အဆိုပါ ထိပ်ကြီး လေးထိပ်မှာ တောင်ထိပ် ကြီး လေးထိပ်လား၊ ထိပ်ပြောင်သူ ဦးလေးကြီး လေးယောက်၏ ငယ်ထိပ် ကြီး လေးထိပ်လား၊ ရဲစခန်းမှ ခြေထိပ်လက်ထိပ် များလား မသဲကွဲပေ။

ရခိုင်သမိုင်းကို ရှာဖွေကြည့်သောအခါ ဒီဗွီဘီ၏ ထိပ်ကြီး လေးထိပ်ကို အောက်ပါအတိုင်း တွေ့ရသည်။

(Source: wikipedia)

(Source: wikimyanmar)

အထက်ဖော်ပြပါ သမိုင်းမှတ်တမ်း အရ ဓည၀တီထိပ် သည် အေဒီ ၃၂၇ အထိ လည်းကောင်း၊
ဝေသာလီထိပ် သည် အေဒီ ၃၂၇ မှ အေဒီ ၈၁၈ အထိ လည်းကောင်း၊ လေးမြို့ထိပ် သည် အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ အထိ တောင်ထိပ်များတွင်  ရှည်ကြာခိုင်မြဲစွာ တည်ရှိခဲ့ကြောင်း၊ ရခိုင်၏ နောက်ဆုံး ထိပ်ဖြစ်သော မြောက်ဦးထိပ် သည် အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ခုနှစ်အထိ ရခိုင်ရိုးမ တောင်ထိပ်ပေါ်တွင် တည်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အေဒီ ၁၇၈၄ မှ  စ၍ ရခိုင် သည် ကုန်းဘောင်ထိပ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပြီး၊ ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် အေဒီ ၁၈၂၄ မှ ၁၉၄၈ အထိ ကိုလိုနီထိပ် ဗြိတိသျှ အင်ပါယာ၏ ဒေသတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖဆပလထိပ် တစ်လျှောက်လုံးနှင့် တော်လှန်ရေး ကောင်စီထိပ်များတွင် ရခိုင်တိုင်း အဖြစ်တည်ရှိခဲ့ကာ၊ မဆလထိပ် ၁၉၇၄ တွင် ရခိုင်ပြည်နယ် ဖြစ်လာခဲ့သည်။

Wednesday, December 22, 2010

ငွေစက္ကူ အတုနဲ့ အစစ် ခွဲခြားနည်း

ဒီကနေ့ထုတ် ပေါ်ပြူလာ ဂျာနယ် မှာ ငွေစက္ကူအတုကို ဘယ်လို သိရှိနိုင်သလဲ ဆိုတဲ့ သတင်း တစ်ပုဒ် ပါရှိပါတယ်။ အောက်မှာ ဖော်ပြထားတာက ငွေစက္ကူအတု ကို ဘယ်လို သိနိုင်မလဲ ဆိုတာပါ။

(ငွေစက္ကူ အတု ဆိုသည်မှာ)

BS News အနေနဲ့လဲ  ငွေစက္ကူ အစစ်ကို ဘယ်လို ခွဲခြား သိနိုင်သလဲ ဆိုတဲ့ အကြောင်း ပြည်သူလုထုကို အောက်ပါအတိုင်း အသိပေး တင်ပြလိုက်ရပါတယ်။

(ငွေစက္ကူ အစစ်ဆိုသည်မှာ၊ မူရင်း ဓာတ်ပုံ- Tun Tun မှ)

Breaking News

မသမာသူ စက်ရုပ် စွမ်းအားရှင် အကြမ်းဖက်သမား သူရမ်းကား တစ်စု၏ ၁၉ ဒီဇင်ဘာ ၂၀၁၀၊ BST ညနေ ၄ နာရီခွဲခန့်တွင် စက်ရုပ်မဆန်စွာ တိုက်ခိုက်ခံရမှုကြောင့် သတိမေ့မြောသွားခဲ့သော BS News သိုးဆောင်းဘာသာ စာမျက်နှာသည် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် သတိပြန်လည် ရရှိလာကြောင်း သိရသည်။

ထိုသို့ သတိပြန်ရလာသည့်အတွက် နာရေးကူညီမှုအသင်းအား ဆက်သွယ်၍ booking တင်ထားမှုကို cancel လုပ်လိုက်ရကြောင်း သတင်းရရှိသည်။

ယခုအခါ သိုးဆောင်းဘာသာ စာမျက်နှာသည် သူ၏ ဆောင်ရွက်နေကျ ဘလော့ တာဝန်များကို ပုံမှန်အတိုင်း ဆက်လက် ထမ်းဆောင်နေပြီ ရှိကြောင်း သတင်းရရှိသည်။

(သိုးဆောင်းသတင်းထောက် သတင်းပေးပို့သည်)

မြန်မာပြည်ရှိ လေယာဉ်ကွင်းများအားလုံး ညအချိန်ဆင်းသက် နိုင်တော့မည်


မြန်မာတစ်နိုင်ငံလုံးရှိ လေယာဉ်ပြေးလမ်းမများကို နိုင်ငံတကာ အဆင့်မီ ညအချိန် လေယာဉ် ဆင်းသက်နိုင်သောလမ်းများအဖြစ် မကြာမီကာလတွင် ဖော်ဆောင်သွားရန်စီစဉ်လျက်ရှိကြောင်း လေယာဉ်ပြေးလမ်းအပိုင်းကို အဓိကတာဝန်ယူပြင်ဆင် ဆောင်ရွက်ပေးနေရသော ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ သိရသည်။

အဆိုပါ ညအချိန် လေယာဉ် ဆင်းသက်နိုင်မည့် အဆင့်မီလေယာဉ်ပြေး လမ်းများ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ပြည်တွင်းပညာရှင် များသာမက ပြည်ပမှ ပညာရှင်များပါ ပူး ပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပြေးလမ်းတလျှောက် ဖယောင်းတိုင်နှင့် ဆီမီးခွက် ထွန်းညှိမည့် လုပ်ငန်းစဉ် များကို အတိကျ မပြောနိုင် သေး ကြောင်း သိရသည်။

''လက်ရှိ နယ်မြို့တွေမှာရှိတဲ့ လေယာဉ်ပြေးလမ်းတွေဆိုရင် မီးဆလိုက် တွေ သိပ်လိုက်မမီတဲ့အတွက် ညနည်းနည်း မှောင်တာနဲ့နှင်းပိတ်တာနဲ့ဆိုရင် လေယာဉ် ဆင်းသက်ရခက်တယ်။ ဒါကြောင့် လေယာဉ်ပြေးလမ်းတလျှောက် ဖယောင်းတိုင်နဲ့ ဆီမီးခွက် ထွန်းညှိမယ့် အစီအစဉ်ကို အကောင်အထည် ဖော်ရတာပါ'' ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ယခုအခါနယ်မြို့များတွင် လေ ယာဉ်လမ်းပိုင်းပြင်ဆင်မှုများကို တိုးချဲ့ ဖောက်လုပ်ခြင်း၊ ပြေးလမ်းတလျှောက် ဆီမီးဝါ၀ါ ထွန်းညှိခြင်းများရှိပြီး များမကြာမီ ကာလတွင် လေယာဉ်အစင်းရေ ပိုမိုဆင်း သက်နိုင်တော့မည်ဖြစ်ကြောင်းကိုလည်း ကျိုင်းတုံ လေယာဉ်ကွင်း တွင် လမ်းပိုင်း ပြင်ဆင်လုပ်ကိုင်နေသော စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောကြားသွားသည်။

သတင်းရှာဖတ်ရန်

Tuesday, December 21, 2010

အမေရိကန် နာမည်ကြီးအဆိုတော် မြန်မာဇာတ်ကားသစ်တွင် သရုပ်ဆောင်မည်

မြန်မာ ဟာသ ဇာတ်ကားသစ် တစ်ခုတွင် အမေရိကန် နာမည်ကြီး rapper တစ်ဦးဖြစ်သည့် Eminem
ပါဝင် သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရသည်။
ဂီတလောကတွင် အောင်မြင်မှုများစွာ ပိုင်ဆိုင်နေသည့် Hip Hop ဂီတစတား အဆိုတော်သည် (၂၀၀၂)ခုနှစ်က ၎င်း၏ ဘ၀အကြောင်း တစိတ်တပိုင်း ထည့်သွင်းဖော်ပြထားသည့် "ရှစ်မိုင်" (8 mile) မြန်မာ ဒရမ်မာ ရုပ်ရှင်ဇာတ်ကားတွင် ဒရမ်တီးသူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ ရှစ်မိုင် လမ်းဆုံမှ ဆက်သွားလျှင် ကိုးမိုင်၊ ဆယ်မိုင်၊ စော်ဘွားကြီးကုန်း၊ မင်္ဂလာဒုံသို့ ရောက်သည်။
 
ထို့နောက်ပိုင်း ရုပ်ရှင်လောကနှင့် အဆက်ပြတ်နေခဲ့သော်လည်း Eminemသည် ယခုအခါ မြန်မာ ဟာသ ရုပ်ရှင် ဇာတ်ကားသစ်ဖြစ်သည့် "စောက်ပေါ" (Southpaw) ဇာတ်ကားတွင် ၀ယ်တာဝိတ်တန်း လက်ဝှေ့သမား စောက်ပေါ အဖြစ် ပါဝင်သရုပ်ဆောင်ရန် စဉ်းစားလျက်ရှိသည်။ Eminem ၏ ထုတ်လုပ်ရေး ကုမ္ပဏီ Shady Films သည် Dream Works နှင့် ပူးပေါင်းပြီး ယင်းဇာတ်ကားအား ရိုက်ကူးရန် ပြင်ဆင်နေသည်။

(8 Mile ဇာတ်ကားမှ Eminem, Photo: scenicreflections)

ဇာတ်ညွှန်းရေးသူ ကြက်ဆူပင်က “Eminem ဟာ လက်ဝှေ့ထိုးတာကို သိပ်ဝါသနာကြီးတဲ့သူပါ။ သူ့ဘ၀မှာ ရူးတာ ပေါတာတွေများလို့  သူများဝိုင်းထိုးတာ ခံရပေါင်းများလှပြီ။ ဒီ စောက်ပေါ ဇာတ်ကားဟာ ရှစ်မိုင် (8 Mile) ရဲ့ အဆက်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Eminem ရဲ့ ဘ၀အကြောင်း တိတိကျကျကြီး သရုပ်ဖော်ထားတဲ့ အတ္ထုပ္ပတ္တိတော့ မဟုတ်ပါဘူး။ ငပေါ ဇာတ်ကောင်စရိုက်အတွက် လျော်ညီတဲ့ အပြောင်းအလဲတွေ ကျွန်တော်တို့ လုပ်ထားပါတယ်”ဟု ပြောကြားသွားသည်။
 
မြန်မာ့ နာမည်ကြီး စာရေးဆရာ အကြည်တော်၏ မူရင်း ဟာသ၀တ္ထုကို ရိုက်ကူးထားသော ထိုဇာတ်ကားတွင် Eminem သည် ရူးတူးတူး ပေါတောတော ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမား တစ်ဦးအဖြစ် သရုပ်ဆောင် ထားကြောင်း  ကြက်ဆူပင် ကဆိုသည်။
 
"စောက်ပေါ" (Southpaw) ဇာတ်ကား ရိုက်ကူးမည့်နေ့ကို တိတိကျကျ မကြေညာသေးသော်လည်း ဇာတ်ညွှန်းကို ဖေဖော်ဝါရီလတွင် အပြီးသတ်နိုင်မည်ဟုလည်း ၎င်းက ပြောကြားသွားသည်။

(ဇာတ်ကား အမည်ကို မူရင်းအတိုင်း တင်ပြပေးထားခြင်း ဖြစ်ပါသဖြင့် အမြင်မတော်ပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်၊ အဆိုပါ  မြန်မာရုပ်ရှင်၏ အဓိပ္ပါယ်မှာ"ငပေါ" ဟု  သဘောသက်ရောက်ပြီး၊ အမေရိကန်တွင် ရိုက်ကူးခြင်းဖြစ်သဖြင့် စာပေစိစစ်ရေး၏ ဆင်ဆာလွတ်သွားခြင်း ဖြစ်ကြောင်း သိရပါသည်။)

(သတင်းအကြောင်း MinnWaiYan ပေးပို့သည်)
 
သတင်းအချက်အလက် ၉၉%ကို ဂြိုဟ်မြန်မာ မှရယူပါသည်။

အရှေ့တောင်အာရှတွင် မြန်မာပြည်မှ လူများ လူသား ဖွံ့ဖြိုးမှု အနိမ့်ဆုံး

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာ (Human Growth Report) အရ အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသည် လူသား ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UNDP အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက် က ပြောကြားသည်။

ရန်ကုန်မြို့၌ သောကြာနေ့က ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


လူပုကလေး ဇော်ဗလ (မြန်မာ)

မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း မှာ ၀.၄၅၁ ရှိပြီး ကိုယ်ခန္ဓာများ ဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးကြုံလှီကာ တကမ္ဘာလုံးအနေဖြင့် အဆင့် ၁၃၂ နေရာ၌ ရှိကြောင်း၊ အရှေ့တောင် အာရှတွင် တခုတည်းသော လူသား ဖွံ့ဖြိုးမှု မရှိသည့် သေးကွေးကြုံလှီပြီး အလွန် အရပ်ပုသော လူသားများ နေထိုင်သည့် နိုင်ငံဖြစ်ကြောင်း ဒေါက်တာ အောင်ထွန်းသက် က ရှင်းပြသည်။

“လူသားဖွံ့ဖြိုးမှု ကြီးထွားလာဖို့ဆိုရင် နွားနို့များများ သောက်ရပါမယ်၊ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားရပါမယ်။ မြန်မာပြည်က လူသားတွေအနေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးနိုင်ဖို့ သင့်တော်တဲ့ ၀င်ငွေရရှိဖို့ဟာ အရေးကြီးလာပါပြီ”ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးမှု နှေးကွေးပြီး အရပ်အလွန်ပုရသည့် အခြား အကြောင်းတရပ်မှာ ကန်ထရိုက်တိုက်များ ၏ အထပ်များကို ဦးခေါင်းမလွတ်အောင် တည်ဆောက် ထားမှုကြောင့် ဖြစ်ကြောင်း၊
ထိုသို့ မျက်နှာကြက် အလွန်နိမ့်သည့် တိုက်ခန်းများတွင် နေထိုင်သူများ အနေဖြင့် အရပ်ရှည်ခြင်းနှင့် လူ့ကိုယ်ခန္ဓာ ကြီးထွားခြင်း ကို ထိခိုက်မှုရှိကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေး ကလည်း လာမည့်အစိုးရ လက်ထက်တွင် ကန်ထရိုက် တိုက်ခန်းများ၏ အထပ်များကို ယခုထက် ပိုမြင့်ပြီး ဦးခေါင်းလွတ်အောင် တည်ဆောက်မည်ဟု မျှော်လင့်ရကြောင်း အထက်ပါ ရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြည်တွင်း စီးပွားရေးပညာရှင် တဦးကမူ“အခုထိကြည့်ရတာ ပြောင်းမယ့် အလားအလာ မပေါ်သေးဘူး။ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အမြတ်များများ ကျန်ဖို့ ဆောက်ကြတာဆိုတော့ ကန်ထရိုက် တိုက်ခန်း အလွှာတွေကို မြင့်အောင် ဆောက်မယ့် ပုံမရဘူး။ စောင့်ကြည့်ရဦးမှာပါ”ဟု ဆိုသည်။

ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးစေရန် အဓိက အချက်ဖြစ်သည့် အာဟာရပြည့်ဝသော အစားအသောက်များကို ၀ယ်ယူ စားသောက်နိုင်ရန် အတွက် စီးပွားရေးတိုးတက်ရန် လိုအပ်ကြောင်းကိုမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်သူ ဦးအုန်းက ပြောသည်။

မြန်မာ အစိုးရသည် လူသားဖွံ့ဖြိုးမှု တိုးတက်ရန် လိုအပ်သော အစားအသောက်၊ အာဟာရနှင့် ကျန်းမာရေး ကဏ္ဍ များတွင် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

၂၀၁၀ အစီရင်ခံစာအရ အရှေ့တောင်အာရှတွင် လူသားဖွံ့ဖြိုးမှု အမြင့်ဆုံး နိုင်ငံမှာ စင်ကာပူဖြစ်ပြီး ညွှန်းကိန်းအဆင့် ၀.၈၄၆ ရှိကာ လူသားတိုင်း အနည်းဆုံး ပေါင် ၂၀၀ ရှိပြီး အရပ် ခြောက်ပေ အထက် မြင့်ကြောင်း သိရသည်။ ဘရှုနိုင်းသည် စင်္ကာပူနှင့်အဆင့်ကပ်လျက်ရှိရာ ညွှန်ကိန်း အဆင့်(Very High)အဆင့်ရှိသော နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့နောက်တွင် မလေးရှားနိုင်ငံရှိနေပြီး ထိုင်း၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို နှင့် ကမ္ဘောဒီးယားတို့မှာ အလယ်အလတ် အဆင့်တွင် အစဉ်လိုက်ရှိကြောင်း သိရသည်။ အရှေ့တောင် အာရှနိုင်ငံများ အနက်  မြန်မာ တနိုင်ငံတည်း နိမ့်ပါး အဆင့်တွင် ရှိပြီး လူတစ်ဦးလျှင် ကိုယ်အလေးချိန် ပေါင် ၆၀ သာရှိပြီး အရပ် လေးပေသာ မြင့်ကြောင်း သိရသည်။

သတင်းသေးစိတ် ဖတ်ရှုရန်

Monday, December 20, 2010

အခြားတစ်ဖက်မှ ဆင်ခြင်ရန် အကြောင်းများ


ဒီနေ့ BSN တစ်လပြည့်ပါပြီ။ တစ်လအတွင်း လာလည်သူပေါင်း ကိုးသောင်းကျော် ရှိတဲ့ အတွက်လဲ ဒီဘလော့ကို ဖန်တီးရကျိုးနပ်ပါတယ်။ အားတက်ရပါတယ်။ ၀င်ရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှဲ နွေးထွေးစွာ ကျေးဇူး အထူးတင်ရှိပါတယ်။ ပံ့ပိုးရေးသားပေးကြတဲ့ သူငယ်ချင်းများ အားလုံးကိုလဲ ကျေးဇူးစကား ဆိုပါတယ်။

ဒီတစ်လအတွင်း ဖတ်ရှုသူ အများဆုံး ပို့စ်တွေကတော့ ကျော်သူသရဲတွေ မွေးမြူထား၊ မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ၊ AFF Suzuki Cup မြန်မာက ဗီယက်နမ်ကို အနိုင်ရ နဲ့ ပို့စ်မော်ဒန် သမိုင်း သီအိုရီ အသစ်များ ပို့စ်တွေပဲ ဖြစ်ပါတယ်။ ပို့စ်တွေကို တစ်ဆင့် မျှဝေပေးကြတဲ့ မိတ်ဆွေများ၊ ထပ်ဆင့် ဖော်ပြပေးကြတဲ့ ၀က်ဆိုက် အသီးသီးနဲ့ BSN အကြောင်းတင်ပြပေးကြတဲ့ မြန်မာ့ မီဒီယာများ ကိုလဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောလိုပါတယ်။

ကွန်မင့်မှာ အားပေးစကားသံတွေ ဖော်ထုတ်သွားကြတဲ့ မိတ်ဆွေများကိုလဲ ကျေးဇူးပါ။ ဒီ မိတ်ဆွေများ အားလုံးဟာ BSN ရဲ့ ဆိုလိုရင်းနဲ့ ဦးတည်ချက်ကို သဘောပေါက် နားလည်ကြသူများ ဖြစ်လို့ မိတ်ဆွေများရဲ့ ပဲ့တင်သံတွေကို ဒီနေရာမှာ အထွေအထူး မဖော်ပြတော့ပါဘူး။ ကြိုဆိုပါတယ် ခင်ဗျား။

ထို့အတူပါပဲ၊ အခြားတစ်ဖက်မှ ဆင်ခြင်တတ်သူ မိတ်ဆွေတွေရဲ့ ပဲ့တင်သံတွေကိုလဲ လက်ခံရရှိခဲ့ပါတယ်။ ဒီမိတ်ဆွေများ အနေနဲ့လဲ BSN ကို ဖတ်ရှုတယ်ဆိုတာ သိရလို့ ကျေးဇူးစကား ဆိုပါရစေ။ 

မြန်မာမဂ္ဂဇင်းတွေ ဂျာနယ်တွေ တစ်ရက်ပြည့်၊ တစ်ပတ်ပြည့်၊ တစ်လပြည့်၊ တစ်နှစ်ပြည့်၊ တစ်သက်တာ ပြည့် အထူးကဏ္ဍတွေ အားလုံးကို လိုက်ကြည့်မိတော့... သူတို့ကို ချီးကျူးထောပနာ ပြုတဲ့ စာတိုစာရှည်တွေကိုပဲ တခမ်းတနား ဦးစားပေး ဖော်ပြ ထားကြတာကို သတိပြုမိပါတယ်။
အခြားတစ်ဖက်မှ ဆင်ခြင် တတ်သူတွေကိုတော့ ဘယ်သူကမှ အရေးတယူ အဖက် လုပ်ပြီး ဖော်ပြပေးတာ မတွေ့မိ သလိုပါပဲ။ 

BSN တစ်လပြည့် အနေနဲ့ တော့ အခြားတစ်ဖက်မှ ဆင်ခြင်တတ်သူတွေရဲ့ အမြင်သစ် အသွင်သစ်နဲ့ ဆဲဆို ကြိမ်းမောင်း ဂုဏ်ပြု ရေးသားချက်တွေကို မြန်မာ့ သမိုင်းမှာ ပထမဆုံး အနေနဲ့ BSN ကနေ ထူးထူးခြားခြား ဖော်ပြပေးလိုက်ပါတယ်။ အမြင်သစ်နဲ့ ဆဲဆို ရေးသား ဂုဏ်ပြုသူတွေကိုလဲ အထူးအထူး ကျေးဇူးပါ။ အဲဒီ ကွန်မင့်တွေကို ပို့စ်မော်ဒန်လို မြင်တတ်ရင် ဟာသဖြစ်သွားမှာ ဖြစ်တဲ့အတွက် အားလုံး ဟာသလို ရှုမြင်ပြီး ရယ်မောနိုင်ကြစေဖို့ ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျား။

မြန်မာ့ သတင်းတွေထဲက အဆီအငေါ် မတည့်တာလေးတွေကို BSN မှာ လာဖတ်ရင်းနဲ့ မိတ်ဆွေများရဲ့ ရှင်သန် လှုပ်ရှားနေကြရတဲ့ နေ့စဉ် လူမှုဘ၀ မွန်းကျပ်မှုတွေကို အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ နိုင်ပြီး .... စိတ်အမောပြေကြစေဖို့ မျှော်လင့်ရင်း.......

အားလုံးကို အစဉ်လေးစားလျက်
ဇီးကွက်မျက်ပြူး








BSN အကြောင်း သတင်းဖော်ပြချက် တစ်ခု  (ကျေးဇူးတင်ပါတယ် ခင်ဗျား)

BS News သိုးဆောင်းဘာသာ စာမျက်နှာအား စက်ရုပ်များ တိုက်ခိုက်

မြန်မာ့ သတင်းများကို အသွင်သစ်ဖြင့် ဖော်ပြပေးနေသည့် Burma Strange News ၏ သိုးဆောင်းဘာသာ ဘလော့ စာမျက်နှာဖြစ်သည့် Strange Burma News http://strangeburmanews.blogspot.com/ အား အမည်မသိ မျက်နှာဖုံးစွပ် စက်ရုပ် စွမ်းအားရှင် သူရမ်းကား တစုက အသားလွတ် အကြမ်းဖက် တိုက်ခိုက် သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ၊ ဦးနှောက်ရော အသိဥာဏ်ပါ ကင်းမဲ့သည့် စက်ရုပ် "စွမ်းအားရှင်" သူရမ်းကားများ၏ စက်ရုပ်မဆန်စွာ (လူမဆန်စွာ မဟုတ်) အကြမ်းဖက် တိုက်ခိုက်မှုကြောင့် BSN သိုးဆောင်းဘာသာ စာမျက်နှာမှာ သတိလစ် မေ့မြောသွားခဲ့ပြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ လူနာတင်ကားဖြင့် ပို့ဆောင်လိုက်ရကြောင်း၊ ယခု အချိန်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း၊ နောက် ၄၈ နာရီအတွင်း သတိ ပြန်မလည်လာပါက ကိုကျော်သူ၏ နာရေး ကူညီမှု အသင်းနှင့် ဆက်သွယ်ရမည့် အနေအထားတွင် ရှိကြောင်း BSN ၏ တောက်တိုမယ်ရ တာဝန်ယူထားသည့် ဇီးကွက်မျက်ပြူးက ပြောကြားသည်။

ဂူဂယ်၏ စီအီးအိုချုပ်မှူးကြီး Eric Emerson Schmidt ကမူ သူ၏ စက်ရုပ် "စွမ်းအားရှင်" သူရမ်းကား အကြမ်းဖက် သမားများက ယခုကဲ့သို့ တိုက်ခိုက်သွားခြင်းအပေါ် တောင်းပန်ပါကြောင်း ဇီးကွက်မျက်ပြူးထံ ၀န်ချ တောင်းပန်စာ တစ်စောင် ပေးပို့ခဲ့သည်ဟု BS News မှ သတင်းရရှိသည်။

စက်ရုပ် "စွမ်းအားရှင် " အကြမ်းဖက်သမားများဖြင့် BSN ကို တိုက်ခိုက်သော
ဂူဂယ် စီအီးအိုချုပ်မှူးကြီး ၏ ဓာတ်ပုံ

အကယ်၍ သိုးဆောင်းဘာသာ စာမျက်နှာ နတ်ရွာစံသွားပါက ဂူဂယ် စီအီးအိုချုပ်မှူးကြီး အား မြန်မာပြည်လုပ် နောက်ဆုံးပေါ် Dirty ဗုံး (သတင်းဖော်ပြပြီး၊ Click) နှင့် ပစ်ပေါက်ရန် BSN သဘာပတိ များက စီစဉ်နေကြပြီး၊ ထိုသို့ မပြုလုပ်ကြရန် တောက်တိုမယ်ရ ဇီးကွက်မျက်ပြူးက အနူးအညွတ် ပန်ကြား ထားကြောင်းလည်း သတင်းရရှိသည်။

BSN သိုးဆောင်းစာမျက်နှာအား စက်ရုပ် "စွမ်းအားရှင် အကြမ်းဖက်သမား" သူရမ်းကားများ၏
တိုက်ခိုက်မှု မှတ်တမ်း နှင့် ဂူဂယ် စီအီးအို ချုပ်မှူးကြီး၏  ၀န်ချတောင်းပန်ချက် ကို တွေ့ရစဉ်