Saturday, December 11, 2010

ဗမာ မင်းတြားနဲ့ အိုဘားမား ဆွေးနွေးပွဲ ဘာကြောင့်ပျက်သွားသလဲ

(သတင်းဆောင်းပါး)

ဟိုတလောက အမေရိကန်သမတ ဘာရက်ခ်အိုဘားမားနဲ့ ဗမာမင်းတြား  တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားတဲ့အကြောင်း အင်တာနက်မှာ ဖတ်လိုက်ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့  အမေရိကန်ပြည်ထောင်စု ရေဝါအိုင် (ရေကြည်အိုင်မဟုတ်ပါ) တက္ကသီလာမှာ ဘာကြောင့် ဒီဆွေးနွေးပွဲ ပျက်သွားရတာလဲဆိုတာကို အကြီးအကျယ် ဆွေးနွေးကြသဗျ။  ဗမာ့အရေး ကျွမ်းကျင်သူတွေလည်း အများကြီးတက်ကြပါသကော။ ကျနော်လည်း မယောင်မလည်နဲ့ သတင်းလေးများ ရမလားလို့ သွားခဲ့ပါတယ်။
ပညာရှင်တွေ တယောက်တမျိုးငြင်းကြခုံကြ ဆွေးကြနွေးကြနဲ့ ဘာကိုလိုက်မှတ်လို့မှတ်ရမှန်းမသိ ဘယ်သူ့အဆိုကို ဘယ်သူထောက်ခံလို့ ဘယ်သူကန့်ကွက်မှန်းမသိ ဖြစ်နေတာများ အဖြေထုတ်တဲ့ဆီကို မရောက်နိုင်တော့ဘူး။ အဲဒီမှာတင် ဗမာ့အရေးကျွမ်းကျင်သူ တယောက်က ထတဲ့ပြီး ဆွေးနွေးပွဲ ဘာကြောင့်ပျက်ရသလဲဆိုတာ သူ့မှာ အလွန်ခိုင်မာတဲ့သက်သေ အထောက်အထားတွေ ရှိကြောင်းနဲ့ တင်ပြဆွေးနွေးလိုကြောင်း ပြောလိုက်တော့ အားလုံးတိတ်သွားတယ်။ ငြိမ်ပြီးနားထောင် နေတုန်းမှာ သူက ချောင်းတချက်ဟန့်ထဲ့လိုက်ပြီး အခုလိုစပြောပါတယ်။

“သမတ ဘာရက်အိုဘားမား တက်လာပြီး စပြောတဲ့ စကားတွေထဲမှာ ဗမာပြည်အကြောင်း အများကြီးပါပါတယ်။ ဗမာပြည်နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်။ ကမ္ဘာ့အရေးတွေမှာလည်း ပါဝါအပျော့အမာ ၂ ခုလုံးကို ရောသမမွှေလုပ်ပြီး စမတ်ပါဝါကိုသုံးမယ်။ နောက်တော့ သိတ်မကြာဘူး ဗမာပြည် ဆက်ဆံရေးပေါ်လစီ ကျလာတယ်။ ထိတွေ့ဆက်ဆံရင်း အပိတ်အဆို့တွေလည်းမရုပ်ဘူး။ ဆိုတော့ ကျနော်အပါအဝင် အားလုံး စိတ်ဝင်စားကြတယ်။ ဘယ်လိုမျိုးပေါ်လစီပါလိမ့်ပေါ့။


နောက်တော့ အိုဘားမားက သူ့ရဲ့ ပထမဆုံးအာရှခရီးစဉ်အတွင်း ဗမာမင်းတြားတို့နဲ့တွေ့မယ်။ စကားပြောမယ်။ ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံခြားရေးဋ္ဌာနက ကြိုတင်ပြင်ဆင်ထားပါ ဆိုပြီးလုပ်တယ်။ ဒါနဲ့ နိုင်ငံခြားရေးဋ္ဌာနက ရန်ကုန်မှာရှိတဲ့ ကောင်စစ်ဝန်ကို နေပြည်တော်က မှူးကြီးမတ်ရာ ထိပ်သီးတွေနဲ့ အိုဘားမား တွေ့ဆုံရေးအတွက် ပဏာမ ပြင်ဆင်မှုတွေလုပ်ခိုင်းတယ်။ ကောင်စစ်ဝန်က ကြက်ပြေး မင်းနေပြည်တော်သွားပြီး မင်းတြားနဲ့တွေ့တယ်။ ကောင်စစ်ဝန် ကျနော့်ကို ပြန်ပြောတဲ့အတိုင်းပဲပြောပါ့မယ် အပိုအလိုမပါစေရပါဘူး။ 

“ကျုပ်သွားပြီး သတင်းကောင်းပါးတော့ မင်းတြားကလည်း အိုဘားမားနဲ့တွေ့ရတော့မယ်ဆိုပြီး တော်တော်လေး အူမြူးသွားတယ်ဗျ။ ဒါပေမယ့် ချက်ချင်းဘဲမျက်နှာပိုးပြန်သတ်ပြီး
အေး.. တွေ့တာတော့တွေ့ရတာပေါ့ကွာ။
သူက ဒီလောက်တောင်တွေ့ချင်နေမှတော့။ ဒါပေမယ့် တခုတော့ရှိတယ်နော် ကြိုတင် စည်းကမ်းသတ်မှတ်ချက် တခုတော့ရှိရမယ်။ အဲဒါ မပါရင် ငါကတော့မတွေ့ဘူးမောင်ရင် လို့ပြောတယ်ဗျ။  ဆိုတော့ ကျနော်လည်းလည်းပျော်သွားတာပေါ့ဗျာ။ ဘယ့်နှယ် နိုင်ငံ့ခေါင်းဆောင်တွေတွေ့ကြတယ်ဆိုတာ ကြိုတင်စည်းကမ်းသတ်မှတ် ချက်တွေက များမှများမဟုတ်လား။ အခုတော့ မင်းတြားက တခုတည်းပဲတောင်းတယ်ဆိုတော့ ရပါတယ် မင်းတြားကြီးပြောပါ ဘာညာပေါ့။ ဒီမှာတင် မင်းတြားကပြောတယ်…ငါ သူနဲ့မတွေ့ခင် အရင်ဆုံး သူ့နာမည်ပြောင်းရမယ်ကွ။ ဘာလို့လဲဆိုတော့ ငါတို့တိုင်းပြည်က ဗမာပြည်မဟုတ်တော့ဘူး။ မြန်မာပြည်ဖြစ်သွားပြီ။ မင်းတို့တနိုင်ငံပဲ ဘားမား.. ဘားမားနဲ့ သုံးနေတာ။ ဒါတင်မကသေးဘူး မင်းတို့က ငါတို့ကို နံနှိမ်ချင်တာနဲ့ ဘားမားဆိုတဲ့ နာမည်ပါတဲ့ကောင်ကိုတောင် မရရအောင်ရှာပြီး သမတ တင်လိုက်သေးတယ်။ ပြီးတော့ ရာရာစစ ငါ့ကိုများအဲဒီကောင်နဲ့ တွေ့ဖို့လုပ်တယ်။ မင်းတို့တော်တော်ကြီးကို လွန်နေပြီ။ 
ဒါဟာ နိုင်ငံတကာသံတမန်ကျင့်ဝတ်ကို ဗြောင်ချိုးဖေါက်တာပဲကွ။ ဒီတော့ မင်းတို့သမတ အိုဘားမားဆိုတဲ့ကောင်ကိုပြောလိုက်…
ငါနဲ့တွေ့ချင်ရင် အိုဘားမားကနေ အိုမြန်မာလို့အရင်နာမည်ပြောင်းပါ။ နံမည်ပြောင်းပြီးမှ လာတွေ့လှည့်လို့ ပြောပြီး အခန်းထဲပြန်ဝင်သွားတယ်ဗျ” တဲ့။

ဆွေးနွေးပွဲကိုဖျက်လိုက်ရတာဟာ ဒါကြောင့်ပါ။ တခြား ဟိုတွေးဒီတွေးတွေ တွေးမနေကြပါနဲ့ လို့ ပြောပြီး သူလည်းပြန် ထိုင်ချလိုက်ရော ခန်းမကြီးတခုလုံး လက်ခုတ်သံတွေညံသွားပါတယ်။ အခုမှပဲ အားလုံးလည်းတညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်နိုင်ပါတော့တယ်။

(MMC အမေရိကန် ပြည်ထောင်စုဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူသည်)

2 comments:

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။