Sunday, December 19, 2010

တရားဝင် မယားကြီး ဖြစ်ကြောင်း မီရှဲလ် အိုဘားမား ကြေညာမည်

ဒီဇင်ဘာ အားလပ်ရက်ကာလ ဖြစ်သော်လည်း မီရှဲလ် အိုဘားမား မပျော်နိုင်ဘဲ
အကြီးအကျယ် ဒေါသထွက်နေသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများ၏ “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။

သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု မြန်မာ့ မီဒီယာ တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးက ပြောသည်။

“သြော် --- ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့  ရုံးကို လာပြီး ပေါက်ကွဲပြနေတယ်။ အဲဒီတော့ ကျနော်က အကြံတခု ပေးထားတယ်။ ကျနော်တို့ မီဒီယာမှာ ကြော်ငြာထည့်ပေါ့ဗျာ၊ ‘ကျမသာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်း’ ဆိုပြီး ကြော်ငြာထည့်ပါ လို့ ပြောလိုက်တော့ သူ သဘောကျသွားတယ်။ တပတ်အတွင်း အကြောင်းပြန်မယ် တဲ့။ အဲဒါပါပဲဗျာ” ဟု သူက ရှင်းပြသည်။

မြန်မာ မီဒီယာများ တွင်သာမက မြန်မာဘလော့တချို့တွင်လည်း ကြော်ငြာထည့်ရန် မီရှဲလ် အိုဘားမားက အာသီသ ရှိနေသည်။

လော့စ်အိန်ဂျလိစ် အခြေစိုက် ဘလော်ဂါ တစ်ဦးက “ဟုတ်တယ်၊ လာတယ်၊ ကျမကိုလည်း မေးထားတယ်၊ ဘလော့မှာ ကြော်ငြာထည့်ချင်တယ်ပေါ့နော်။ ဟင့်အင်း၊ သူကိုယ်တိုင်တော့ မလာဘူး၊ ပြည်နယ်မှူး အာနိုးကိုပဲ လွှတ်လိုက်တယ်။ ကြော်ငြာခကိစ္စတောင် မပြောဖြစ်သေးပါဘူး” ဟု ဆိုသည်။

“အိမ်က ကြောင်လေးတကောင်နာမည်ကလည်း အိုဘားမားလေ။ အဲဒါ အာနိုးက တွေ့သွားပြီး သူ့ဆရာနဲ့ နာမည်တူနေလို့ တရားစွဲမယ်လေး ဘာလေး ဟောက်စား လာလုပ်နေတယ်။ ဘာမှ လာပြောမနေနဲ့၊ ကြိုက်တဲ့နေရာမှာ တရားစွဲလိုက်စမ်းဘာလို့ ကောပစ်လိုက်တယ်။ ဘားမား ဆိုတဲ့ ငါတို့နိုင်ငံနာမည်ကိုပဲ နင့်ဆရာက ခိုးထားတာဟဲ့ လို့ ပြောထည့်ပစ်လိုက်တယ်။ ကျမကို ဒီလို လာလုပ်လို့ ဘာရမလဲ။ သူ့ကို အိမ်ထဲက ထွက်သွားဖို့ မောင်းထုတ်လိုက်တယ်။ ဒါနဲ့ပဲ ကြော်ငြာခ အကြောင်း မပြောလိုက်ရဘူး” ဟု သူမက အကျယ်တ၀င့် ရှင်းပြသည်။

ဤအတောအတွင်း မီရှဲလ်က ထိုင်းအခြေစိုက် မီဒီယာ အချို့တွင် ကြော်ငြာထည့်ရန် ဘန်ကောက်ရှိ သံအမတ်ကြီးကို လျှို့ဝှက် တာဝန်ပေးထားသည်ဟု ၀ီကီလိ ကြေးနန်းတစ်စောင်က ဆိုသည်။

မီရှဲလ်က “အိုဘားမားတွင် ကတော်ဟောင်း လုံးဝ (လုံးဝ) မရှိ”  ဟု အခိုင်အမာ ပြောဆိုနေသော်လည်း သမ္မတကတော်ဟောင်း ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ခဲ့သည်ဟူသော စကားက မြန်မာသတင်းလောကတွင် ပျံ့နေသည်။

မြန်မာပရိသတ်က ထိုသတင်းကို အထူး စိတ်ဝင်စားဟန် မပြကြောင်း စစ်တမ်းများအရ သိရသည်။

ဤအခင်းအကျင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

သမ္မတကတော်ဟောင်း ရန်ကုန်သို့ ဖုန်းဆက်ခဲ့သည်ဟူသော သတင်းတပုဒ်။


ဤသတင်းတွင်မူ ကတော်ဟောင်း ဆိုသူ၏ အမည်ကိုပင် ဖော်ပြထားသည်


အိုဘားမား နှင့် မီရှဲလ်

(ဇာနည်ဝင်း သတင်းပေးပို့သည်)

သတင်းအတိအကျ "၏၊ သည်" မလွဲ ဖတ်ရှုရန်

7 comments:

  1. သမတ ကတော်ဟောင်း ?? (or) သမတဟောင်း ကတော် ??

    ReplyDelete
  2. It's a matter of language. It should be the wife of the past president of the USA.

    ReplyDelete
  3. ဟားဟား... မြင်တတ်ပါပေ့ ဆရာသမားရယ်။း-)

    ReplyDelete
  4. It is not more than a jock ... just made up story ... it is now circulated in the internet ... very bad ...

    ReplyDelete
  5. ကူးသွားတယ်ဗျို့ ...ကြိုက်လွန်းလို့ 

    ReplyDelete
  6. hi!
    i read this funny writing twice.
    it's cool in deed.
    i have a big problem now.
    whenever i see the picture of Michalle Obama, i think about this writing.
    good job!
    K-AK

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။