Friday, December 10, 2010

နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုခြင်းမရှိဟု ရခိုင်ပါတီ ဥက္ကဌ ပြောဆို

မြန်မာ့အလင်း၊ ကြေးမုံ စတဲ့ နေ့စဉ်ထုတ် သတင်းစာများကို သူနဲ့ တကွ ပါတီ အမှုဆောင်များ ဘယ်သူမှ မဖတ်ပါဘူးလို့ DVB နဲ့ အင်တာဗျူးတစ်ခုမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောကြားလိုက်ပါတယ်။
"သတင်းစာတို့ ဘာတို့ ကျွန်တော်တို့ မဖတ်ဘူး" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒါပေမဲ့ ပါတီ အမှုဆောင်လူကြီးအချို့နဲ့ ပါတီဝင်တွေကတော့ သတင်းစာ နဲနဲပါးပါး ဖတ်တဲ့အကြောင်း၊ လူကြီးပိုင်းက နာရေးကြော်ငြာကို နောက်ဆုံး ဒုတိယ စာမျက်နှာကနေ စဖတ်ပြီးတော့၊ လူငယ်အချို့ကတော့ အလုပ်ခေါ်စာ ရှိရင် ဖတ်တဲ့အကြောင်း၊ အမျိုးသမီးအချို့ကတော့ ကိုးရီးယား ဇာတ်လမ်းတွဲ ပါတဲ့ ရုပ်သံ အစီအစဉ် ကြော်ငြာ စာမျက်နှာနဲ့ မင်္ဂလာဆောင် သတင်းတွေကို ရွေးဖတ်တဲ့ အကြောင်း သူက ဆက်လက် ပြောကြားသွားပါတယ်။
"သတင်းစာတွေကလေ... ရက်စွဲတစ်ခုပဲ မှန်တာဗျ။ သတင်းစာထဲမှာ အမှန်ဆုံး သတင်းလို့ ပြောနေကြတဲ့ နာရေးကြော်ငြာတွေတောင်- ဥပမာ တရုတ်နာရေး ဆိုရင် ဖော်ပြတဲ့ အသက်က မမှန်ဘူး။ နတ်ပြည်တစ်နှစ် ငရဲပြည်တစ်နှစ် ပေါင်းထည့်လိုက်တော့ သေတဲ့လူရဲ့ အသက်က မမှန်တော့ဘူးလေ။ Job Vacancy ဆိုပြီးတော့ NGO တွေရဲ့ အလုပ်ခေါ်စာကလဲ အလုပ်ခေါ်ကြောင်း အသိပေးရုံ သက်သက်ပဲ၊ လက်တို့ပြီးတော့ ခန့်မယ့် အတွင်းလူတွေ ရှိပြီးသား ဆိုတော့ အဲဒီ ကြော်ငြာကလဲ အမှန်တစ်ကယ် အလုပ်ခေါ်တာမဟုတ်ဘူး။ မင်္ဂလာဆောင်ကလဲ DV နဲ့ အမေရိကားသွားဖို့ လှုပ်ရှားကြတဲ့ "အင်" မင်္ဂလာဆောင်က ရှိသေးတယ်။ တီဗွီ ကြော်ငြာဆိုရင်လဲ သတင်းစာမှာဖော်ပြတဲ့ အချိန်အတိုင်း လာချင်မှ လာတာ၊ သူတို့ ပြောင်းချင်သလို ပြောင်းနေတာလေ၊ ပြီးတော့ သူဌေးကြီး ဘယ်သူဘယ်ဝါရဲ့ မွေးနေ့အတွက် ချစ်ဇနီး ဘယ်သူရဲ့ မွေးနေ့ဆုတောင်းဆိုတာလဲ ၁၀၀% မှန်တယ်လို့ မပြောနိုင်ဘူးဗျ၊ သူဌေးကြီးတွေမှာ တစ်ခြား ဇနီးတွေ ရှိသေးတယ်လေ၊ ဇနီး နှစ်ယောက်ရှိရင် ၅၀% ပဲ မှန်မယ်။ ဆယ်ယောက်ရှိရင် ၁၀% ပဲ မှန်ပါမယ် ခင်ဗျ။
ဒီတော့ မှန်ပါတယ် ဆိုတဲ့ ရက်စွဲ တစ်ခုတည်း အတွက်တော့ ကျွန်တော်တို့က အချိန်ကုန်ခံပြီး သတင်းစာ မဖတ်တော့ပါဘူး ခင်ဗျာ။ ပြက္ခဒိန်ပဲ ကြည့်တော့တယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။

သတင်းအသေးစိတ် ဖတ်ရှုရန်

4 comments:

  1. လွန်ခဲ့တဲ့ ၂၀၀၄-၀၅ လောက်မှစ၍ သတင်းစာများကို စစ်တွေမှာပဲ ပုံနှိပ်ထုတ် ဝေတော့ လက်နဲ့ကိုင်လိုက်ရင် ပုံနှိပ်ဆေးတွေကပ်ပြီး လက်တွေမည်းသွားလေ့ ရှိလို့ လူတွေမကိုင်ချင်တော့တဲ့ ထိ ဖြစ်ခဲ့တယ်။ တကယ်လို့ ကိုင်ပြီး ဖတ်လိုက်ရင်လည်း လက်ကိုသေချာ ရေနဲ့ ဆေးရတယ်။

    ReplyDelete
  2. ပါတီတစ်ခုအနေနဲ့ သတင်းစာ မဖတ်ချင်လည်း ဖတ်ကိုဖတ်ရမှာပါ...တစ်ခုခု ကော်မရှင်က သို့မဟုတ် နိုင်ငံတော်က ညွှန်ကြားချက် ကြေညာစာတမ်းတွေကို ထည့်ကြော်ငြာတဲ့အခါမှာ မသိလိုက်ရင် မသိဘူးဆိုပြီးပြောလို့မရပါဘူး...ဘယ်နေ့ဘယ်နေ့မှာ တရားဝင် သတင်းစာမှာထုတ်ပြန်ကြေငြာထားတယ်ဆိုပြီးပြောရင် မိမိအနေနဲ့ ဘာမှငြင်းဆိုပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး....

    ပြောတာပြောရတာပါ သတင်းစာမဖတ်တဲ့ နိုင်ငံရေးသမားဆိုတာ ရှိတောင်ရှိပါ့မလားစဉ်းစား၇တယ် သူတို့ပဲမဖတ်ဘူးပြောတယ် ပြီးရင် သူတို့ပါ သတင်းစာထဲက စာလုံးပါးအမှားကအစ လိုက်စစ်ဆေးဖတ်နေတာတွေ့ရတယ် :)

    ReplyDelete
  3. ဒါတွေဟာ ရယ်စရာ သတင်းတွေပါ တကယ့် သတင်း မဟုတ်ပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။