Tuesday, November 22, 2011

၂၀၁၁ ဆီးဂိမ်းတွင် မလေးရှားဘောလုံးအသင်း မြန်မာကစားသမားများအား ငှားရမ်းအသုံးပြု

မလေးရှားဘောလုံးသမား ကျော်ကျော်မျိုး
မြန်မာဘက်သို့ ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (Photo: Getty Images)

၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မလေးရှားအသင်းက မြန်မာဘောလုံးသမား အချို့ကို မွေးစားသား အဖြစ် ငှားရမ်း အသုံးပြုကာ ပြိုင်ပွဲဝင်သွားကြောင်း The Wall Street Journal (Click Here), Day Life (Click Here) နှင့် ရာဟုသတင်းများ (Yahoo News- Click Here) တို့က ဖော်ပြသည်။ အဆိုပါ သတင်းများတွင် ဖော်ပြချက်အရ၊ မြန်မာ-မလေးရှား အကြိုဗိုလ်လုပွဲစဉ် အတွင်း- မြန်မာလူမျိုး Kyaw Kyaw Myo သည် မလေးရှားအသင်းကို ကိုယ်စားပြုပြီး ကန်ကျောက်ခဲ့ကြောင်း၊ ထို့ပြင် ၄င်းသည် မြန်မာအသင်းဖက်သို့ ထိုးဖောက်ပြီး မြန်မာ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထိုနည်းတူ မြန်မာလူမျိုး ဘောလုံးသမား Aye San သည်လည်း မလေးရှားဘောလုံးအသင်းတွင် ၀င်ရောက် ကစားသွားကြောင်း အခြား သတင်းတစ်ပုဒ်က ဆိုသည် (Click Here)။

ယခုကဲ့သို့ မြန်မာ့လက်ရွေးစင် အဆင့်မြင့် ဘောလုံးသမားကောင်းများကို မလေးရှားအသင်းက ငှားရမ်းအသုံးပြု ကစားသွားခြင်းကြောင့် နောက်ဆုံး ဗိုလ်လုပွဲတွင် မလေးရှားတို့ အနိုင်ရ ဗိုလ်စွဲသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က အတည်ပြု ပြောကြားသည်။ အပြန်အလှန်အားဖြင့် နေပြည်တော်တွင် ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာအသင်း အနိုင်ရဗိုလ်စွဲစေရန် အတွက် မလေးရှားဘောလုံး သမားများကို ယာယီမြန်မာနိုင်ငံသားကတ် ထုတ်ပေးပြီး၊ မြန်မာအသင်းတွင် ငှားရမ်း အသုံးပြုသွားမည်ဟု MFF က ပြောသည်။

Sunday, November 20, 2011

တစ်နှစ်ပြည့် ကျေးဇူးတင်စကား


ဒီနေ့ Burma Strange News (BSN) တစ်နှစ်ပြည့်ပါပြီ။

ထူးထူးခြားခြားပဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ နဲ့ BSN ရဲ့ တစ်နှစ်ပြည့် မွေးနေ့တို့ တိုက်ဆိုင်နေပါတယ်။

မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက်ဖတ်ရှု အားပေးကြတဲ့ ကမ္ဘာအရပ်ရပ်က စာဖတ်ပရိသတ်များ အားလုံးကို လှိုက်လှဲ နွေးထွေးစွာ ကျေးဇူး စကား ဆိုပါရစေ။

သတင်းတွေ လက်တို့ကြတဲ့ ...
ပို့စ်တွေ ပံ့ပိုးရေးသားပေးကြတဲ့ ...
ဝိုင်းဝန်း အကြံပေးကြတဲ့ ...
BSN ရဲ့ မိတ်ဆွေများ အားလုံးကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများရဲ့ ဒီလို  အားပေး ဖတ်ရှုမှုတွေ ပံ့ပိုးမှုတွေ ကြောင့်သာ
Burma Strange News အနေနဲ့ ယခုလို တစ်နှစ်ပြည့်မြောက်တဲ့အထိ ရှင်သန် ရပ်တည်နေခြင်းသာ ဖြစ်ပါကြောင်း...

အားလုံးကို ခင်မင် လေးစား ဂါရ၀ပြုလျက်...


Burma Strange News ၀ိုင်းတော်သူ-၀ိုင်းတော်သားများ
ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
မဒမ်ဇီးကွက်မျက်ပြူး (စီအီးအို)
ဦးယုန်ကလေး (အကြီးတန်း အွန်လိုင်း သတင်းထောက်)
မစ္စတာ ပိစ် (ရုံးစာရွက်စာတမ်းများ ဆုတ်ဖြဲရေး တာဝန်ခံ)
မှုန့်မှုန် (ဆက်သွယ်ရေးကြိုးများ ဖြတ်တောက်မှု တာဝန်ခံ)
ဒေါ်ပူတူးကြီး (ရုံးအဖွဲ့မှူး)
ဒေါက်တာပြောင်ထက်ပြောင် (ပို့စ်မော်ဒန် သတင်းဌာနပိုင်ရှင် သေဌေးကြီး)
ပြည်တွင်း သတင်းထောက်များ

မြို့ရွာများ ခေတ်မီဖွံ့ဖြိုးတိုးတက် စေလိုပါသလား၊ ပန်းကန်ဆေးပါ

မြို့ရွာများ ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေမည့် နည်းလမ်းကောင်းများကို မြန်မာနိုင်ငံရှိ စည်ပင်သာယာရေး အဖွဲ့ များ က အဖြေရှာ ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


မြို့ရွာများ အမြန်ဆုံး ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် "စည်းလုံးခြင်းသည် အင်အား" ဆိုသည့် အတိုင်း မြို့သူမြို့သားတိုင်း စည်းစည်း လုံးလုံးဖြင့် "အိုက်တိုးပဂေးဆံ" (အိုးတိုက်ပန်းကန်ဆေး) ကြရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့များက ပြောသည်။ ထို့ကြောင့် အိုးတိုက်ပန်းကန်ဆေးစေရေး လှုံ့ဆော်သည့် "အိုက်တိုးပဂေးဆံ" ဆိုင်းဘုတ်များကို- "စည်းလုံးခြင်းသည် အင်အား"၊ "မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုးတိုးတက် စေရမည်" ဆိုင်းဘုတ်များနှင့် အတူ မြို့အ၀င် လမ်းဘေးများတွင် စိုက်ထူနေကြသည်။

မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြို့သူ မြို့သားများ အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ မြို့ရွာ အသီးသီးတွင် စည်းလုံးညီညွတ်စွာဖြင့် ကိုယ်စီကိုယ်စီ အိုးတိုက် ပန်းကန် ဆေးကြရမည်လော (သို့မဟုတ်) မြန်မာနိုင်ငံရှိ မြို့တိုင်း ရွာတိုင်းမှ အရွယ်ရောက်သူများ အားလုံး ဂျပန်ပြည်သို့ စည်းစည်းလုံးလုံး သွားရောက်ကာ- အိုက်တိုးပဂေးဆံ ပြုလုပ်ကြရမည်လော ဆိုသည်ကို စည်ပင်သာယာ ဆိုင်းဘုတ်များက ရှင်းလင်းစွာ ဖော်ပြခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် အာဆီယံအဆင့်မီ မိလ္လာစနစ်များ ပြုပြင်တော့မည်


အာဆီယံ ၀န်ကြီးများ အစည်းအဝေး အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် သန့်စင်ခန်း ထဲတွင် ကိစ္စဖြေရှင်းနေသည်ကို မြန်မာနှင့် နိုင်ငံတကာ သတင်းထောက်များက အမိအရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသောကြောင့် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူရတော့မည့် မြန်မာနိုင်ငံတွင်လည်း အာဆီယံအဆင့်မီ မိလ္လာစနစ်များ ပြုပြင်တော့မည်ဟု သတင်းတစ်ခု အရ သိရပါသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် ရန်ကုန်မြို့၏ ရေပေးဝေရေးနှင့် ရေသန့်ရှင်းမှုဆိုင်ရာ လုပ်ငန်း (မိလ္လာစနစ်)များအတွက် ငွေကျပ် သန်းပေါင်း ငါးသောင်းကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ၏ ထုတ်ပြန်ချက်အရ ရေပေးဝေရေးနှင့် ရေသန့်ရှင်းမှုဆိုင်ရာလုပ်ငန်း (မိလ္လာစနစ်)များ အတွက် ငွေကျပ် သိန်းပေါင်း ငါးသောင်းကျော် သာ သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

သက်ဆိုင်ရာမှ ထုတ်ပြန်ချက်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ ငွေကျပ် သန်းပေါင်း လေးသောင်းငါးထောင် ခန့် ထူးဆန်းစွာ ပျောက်ဆုံးလျက် ရှိနေသည်ကို တွေ့ရှိရသည်။


အဘယ့်ကြောင့် ထိုမျှများပြားလှသော ကျပ်ငွေများပျောက်ဆုံး နေရကြောင်း သတင်းထောက်များက မေးမြန်းရာတွင် "သမ္မတကြီး အမိန့်ရှိခဲ့သလိုပါပဲ ကျွန်တော်တို့က လူမျိုးလည်း မတူဘူး၊ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူးလေ၊ အဲဒီတော့ အိမ်သာတက်ပုံချင်းလည်း မတူနိုင်ပါဘူး ဒါ့ကြောင့် တူညီမှုမရှိလို့ အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ မိလ္လာစနစ်နှင့် တထပ်တည်းကျအောင် နှိုင်းယှဉ်သုံးစွဲဖို့ မဖြစ်နိုင်သေးတာကြောင့် မြန်မာမိလ္လာစနစ်နဲ့ အံဝင်ခွင်ကျအောင် မိလ္လာအတွက် သုံးစွဲငွေ ကျပ်ငွေ သိန်းပေါင်းငါးသောင်းကျော်ပဲ သုံးမှာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ မြန်မာ့ အစားအသောက် စနစ်နဲ့ အံဝင်ဂွင်ကျ ဖြစ်အောင် ကျပ်ငွေ သန်းပေါင်း လေးသောင်းငါးထောင်ကို ကျွန်တော်တို့ ဗိုက်ထဲ ထည့်သွင်း သုံးစွဲသွားမှာပါ" ဟု ရန်ကုန်မြို့တော်ဝန်က ဖြေကြားသွားခဲ့ကြောင်း သိရသည်။

(SY)


Read More ...

Saturday, November 19, 2011

အိုဘားမား မိန့်ခွန်းပြော၊ မြန်မာခေါင်းဆောင်များ နားပိတ်ထား

(Photo: Getty Images & Irrawaddy Blog)

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အမေရိကန် သမ္မတ အိုဘားမား မိန့်ခွန်းပြောသည်။

အိုဘားမား မိန့်ခွန်းပြောနေစဉ် မြန်မာသမ္မတနှင့် နိုင်ငံခြားရေး ၀န်ကြီးတို့ နားပိတ်ထားကြသည်ကို တွေ့ရသည်။

အမေရိကန် သမ္မတ၏ ပြောဆိုချက်များကို အဘယ်ကြောင့် "မကြားလိုပါ... မကြားလိုပါ" ဆိုပြီး နားပိတ်ထားကြသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။


အိုဘားမား၏ မြန်မာပြည်နှင့် သက်ဆိုင်သော မိန့်ခွန်းကို (7Day News) နှင့် (Irrawaddy Blog) မှာ ဖတ်ပါ။

Credit: Anonymous ကွန်မင့်ပေးသူ @ Irrawaddy Blog

အဖဂန်တွင် ပျက်ကျသော ရဟတ်ယာဉ် တစ်စီး ဂျက်လေယာဉ် အဖြစ်သို့ ထူးဆန်းစွာ ဘ၀ပြောင်းသွား

(Photo: presstv.ir)

အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ ကူနာ ပြည်နယ် အတွင်းမှာ နေတိုး ရဟတ်ယာဉ် တစ်စီး ပျက်ကျ ခဲ့တယ်လို့ သိရပါတယ် (သတင်း- Click Here)။

အဲဒီ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ မြေပြင်ကို ထိမိတာနဲ့ ရုတ်တရက် အသွင်ပြောင်းသွားပြီး Mirage 2000D အမျိုးအစား ဂျက်တိုက်လေယာဉ် အဖြစ်သို့ အလွန် ထူးဆန်းစွာ ဘ၀ ပြောင်းသွားကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်က ဖော်ပြသွားပါတယ်။


ပျက်ကျပြီးနောက် လေယာဉ်ပျံ ဘ၀သို့ ထူးဆန်းစွာ အသွင်ပြောင်းသွားသော
ရဟတ်ယာဉ်အကြောင်းကို ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရပုံ

ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ် သူ တစ်ဦးက - "လူတွေ ဘ၀တပါး ပြောင်းရင် နတ်ဖြစ်သွားတယ်၊ တိရစ္ဆာန် ဖြစ်သွားတယ်ဆိုပြီး ကြားပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးသေးဘူး။ အဲ- ရဟတ်ယာဉ် ဘ၀ပြောင်းတဲ့အခါ လေယာဉ်ပျံ ဖြစ်သွားတာကိုတော့ အခုမှပဲ ကွက်ကွက်ကွင်းကွင်း မြင်ဖူးတော့တယ်" လို့ မှတ်ချက်ချ သွားခဲ့ပါတယ်။

(ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းမှာ ဘာမဆိုင်ညာမဆိုင် ဖော်ပြခံလိုက်ရတဲ့ လေယာဉ်- Click Here)

@MNZ

Friday, November 18, 2011

ယနေ့ ပို့စ်မော်ဒန်တကာ့ ပို့စ်မော်ဒန် သတင်း

(the Voice Weekly FB စာမျက်နှာတွင် မြန်မာစံတော်ချိန် 12:15 PM ၀န်းကျင်က တွေ့ရစဉ်)

Thursday, November 17, 2011

မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို သတင်းထောက်များ ဓာတ်ပုံရိုက်ကူး

မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို
သတင်းထောက်အချို့ ဓာတ်ပုံရိုက်ကူးနေပြီး 
အချို့က ရိုက်ကူးရန် အသင့် အနေအထားဖြင့်  စောင့်ဆိုင်းနေသည်ကို တွေ့ရပုံ
(Photo: the Voice weekly)

အာဆီယံ ၀န်ကြီးများ အစည်းအဝေး အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် သန့်စင်ခန်း ထဲတွင်
ကိစ္စဖြေရှင်းနေသည်ကို မြန်မာနှင့် နိုင်ငံတကာ သတင်းထောက်များက အမိအရ ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းဓာတ်ပုံ တစ်ခု အရ သိရသည်။

အိမ်သာတက်နေစဉ် ဓာတ်ပုံအရိုက်ခံရသော ဦးဝဏ္ဏမောင်လွင်က-
"ကျွန်တော် အိမ်သာထဲ ၀င်နေတာကို ခင်ဗျားတို့က တဖြတ်ဖြတ် ဓာတ်ပုံရိုက်ကြတော့ အထဲမှာ ဘာလုပ်လို့ ဘာကိုင် ရမှန်းတောင် မသိဘူး။ ဖုံးလိုက်ရ ဖိလိုက်ရတာ အမောဘဲဗျာ။
ဟူး..... ခင်ဗျားတို့ ကင်မရာတွေက နံရံဖောက်ထွင်းမြင်နိုင်တဲ့ ကင်မရာတွေ မဟုတ်လို့ တော်သေးတာပေါ့"
ဟု သန့်စင်ခန်းမှ ထွက်ထွက်ချင်း သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

Tuesday, November 15, 2011

ကိုးရီးယားတွေကို Rocker များ ကြောက်လန့်လျက်ရှိ


ကိုရီးယား၏ နိုင်ငံခြားသား အများဆုံး တက်သည့် ကျောင်းတစ်ခု နားက အများသုံး ရေချိုးခန်း အ၀င်မှာ ချိတ်ထားသော စာတန်း တစ်ခုကြောင့် မြန်မာ rocker များ အပါအ၀င်၊ ကမ္ဘာတစ်လွှားမှ rocker များ ရင်တမမ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ စာတန်းတွင် ဖိနပ်များကို rocker ထဲတွင် ထည့်ရမည်ဟု ဆိုထားသည်။

ထိုစာတန်းကြောင့် မြန်မာနိုင်ငံ၏ နာမည်ကြီး rocker ဇော်ဝင်းထွဋ်က ထိတ်လန့်တုန်လှုပ်မိသည်ဟု ပြောပြသည်။

"ဖိနပ်တွေကို rocker ထဲ ထည့်ပါ ဆိုတော့ ကျွန်တော့် အနေနဲ့ ဘယ်လို ထည့်ရမှန်းတောင် မသိဘူး" ဟု ဇော်ဝင်းထွဋ်က ဆိုသည်။ "ထည့်စရာ နည်းလမ်းတစ်ခုကတော့ ဖိနပ်တွေကို ပါးစပ်ကနေ မျိုချပြီး ဗိုက်ထဲ ထည့်ထားရမယ့် ပုံပဲ" ဟု မြန်မာ rocker ကြီးက မှတ်ချက်ချသည်။

ထိုသို့သာ ဖိနပ်များကို မျိုချပြီး ဗိုက်ထဲ ထည့်ထားရပါက rocker များ အတိ ဒုက္ခရောက်မည် ဖြစ်သဖြင့် ညွှန်ကြားချက် စာတန်း ရေးသူ ကိုးရီးယားများအား rocker များက မေတ္တာပို့လျက် ရှိကြောင်း သတင်းရရှိသည်။

@------------ ခခ

BSN သတင်းတစ်ပုဒ် လုံးဝ မှားယွင်း

facebook တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် မြန်မာနိုင်ငံ အလံသစ် ဇောက်ထိုး ဖြစ်နေခြင်းကို မသိကြသော နိုင်ငံခြား တိုင်းပြည် တစ်ခုရောက် မြန်မာကျောင်းသားများအသင်း လို့ မေးလ်ပို့သူက ရေးထားပါတယ်။ အလံသစ်မို့လို့နဲ့ တူပါတယ်ဗျာ) ဟူသော Burma Strange News ၏ နိုဝင်ဘာလ ၁၁ ရက် ညနေ ၆း၄၀ အချိန်က သတင်းရေးသားချက် လုံးဝ မှားယွင်းနေကြောင်း
(အပြည့်အစုံ ဆက်ဖတ်ပါ...)

ကလေးများဦးဆောင်သော သဘာဝဘေးအန္တရာယ်လျှော့ချရေးအစီအစဉ် ကို ရန်ကုန်နှင့် ဧရာဝတီတွင် စတင်ဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် တင်တင် ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော ကလေးများ များပြားစွာရှိနေသောကြောင့် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ရန်အတွက် ကလေးများ ဦးဆောင်သည့် ဘေးအန္တရာယ် လျှော့ချရေးအစီအစဉ် ကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သင်တန်းများပေးကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။

ထိုသင်တန်းတွင် သဘာဝ ကြောင့်ဖြစ်သော ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ခွဲခြားသတ်မှတ်ခြင်းကို စိမ်ပြေးတန်း၊ တူတူပုန်းတမ်း၊ ထုပ်ဆီးတိုးတန်း၊ ဖန်ခုန်တန်း၊ ကြက်ခွပ်တန်း အစရှိသော ကလေးကစားနည်းများဖြင့် ဖော်ထုတ်ခြင်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၎င်းအစီအစဉ်ကို ကျေးရွာပေါင်း ၉၇ ရွာမှ နို့စို့အရွယ်ကလေးများအပါအ၀င် ကလေးပေါင်း ၁၅၅၂ ဦးနှင့် ကလေးများထိန်းရန် လူကြီး ၃၈၈ ဦး တက်ရောက်ခဲ့ကြကြောင်းကိုလည်း သိရပါသည်။

(SY)

Read More ...

Monday, November 14, 2011

မြန်မာလူငယ်လေး တစ်ယောက်ရဲ့ စွန့်စားခန်းရုပ်ရှင်

(မြန်မာတွေအတွက်ဂုဏ်ယူလိုက်ရပါသည်)

ဇီးကွက်ကြီး

ဒီနေ့တော့ ကိုယ့်မြန်မာတွေအတွက် ဂုဏ်ယူစရာလေးတွေ့လို့ ပီတိဗလပွနဲ့ ပို့ပေးလိုက်တယ်

ကိုယ့်နိုင်ငံအကြောင်းအရာ ကိုယ့်ဘာသာစကားကို စိတ်ဝင်စားလာကြတဲ့အထဲမှာ
Hollywood က နာမည်ကြီးဒါရိုက်တာ Steven Spielberg တစ်ယောက်လည်း ပါဝင်လို့လာပါပြီ

The Adventures of Tin Tin ဆိုတဲ့ 3D ဇာတ်ကားမိတ်ဆက်လိုက်ပါတယ်


(Photo: Tin Tin Movie Website)

"တင်တင်" ဆိုတဲ့ကောင်လေးက သင်္ဘောကပ္ပတိန်တစ်ယောက်နဲ့ပူးပေါင်းပြီး ရတနာသိုက်ရှာတဲ့ စွန့်စားခန်းပဲဖြစ်ပါတယ်

ဒါနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဒီဇာတ်ကောင်ကိုဘာကြောင့် မြန်မာနာမည် "တင်တင်" ပေးခဲ့ရပါသလဲဆိုတာ
ဒါရိုက်တာ Steven Spielberg ထံ လှမ်းပြီးစပ်စုကြည့်မိပါတယ်

ဒါရိုက်တာ Steven Spielberg : ဒီဇာတ်ကားကတော့ လူငယ်လေးတွေကို စွန့်စားစေချင်စိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ကားပေါ့ဗျာ...
မြန်မာနာမည် "တင်တင်" ပေးထားရတဲ့အကြောင်းကတော့ အဓိကအားဖြင့် မြန်မာလူငယ်တွေအတွက်ပါ

ကျား/မ အမည်သညာကတော့ထားတော့ တစ်ခုခုကိုစွန့်စားစေချင်တာပါ
တစ်နေ့တစ်နေ့ အတက်နှေးတဲ့ အင်တာနက်ကို ထိုင်စောင့်ရင်း ဂိမ်းတွေဆော့ အသက်တွေကြီးပြီး ဘာမှ မလုပ်လိုက်ရမှာကို စိုးရိမ်ပါတယ်
ကျန်တဲ့နိုင်ငံတွေက ထွေထွေထူးထူး ပြောစရာသိပ်မရှိဘူးဗျ ပြီးတော့ ကျွန်တော်က မြန်မာကိုချစ်တယ်လေ
မြန်မာဇာတ်လမ်း ကောင်းကောင်းလေးတွေ ထပ်ရိုက်ဖို့လည်းရှိပါတယ်
ထီးတင်ပြီးမှပြိုကျသွားတဲ့ ဓနုတ်ဘုရားသမိုင်း၊ ရွှေချိုးဖြူ မူလခဲ သိုက်အကြောင်း၊ မင်းသိင်္ခ ရဲ့ မာလိန်မှူးထူးစိန် စသည်ဖြင့်ပေါ့
အားပေးပါဦးဗျာ... ကျေးဇူးတင်ပါတယ်

Official website
http://www.us.movie.tintin.com/

Trailer
http://www.imdb.com/video/imdb/vi2415828505/


ပရလောကသားများ၏ကိုယ်စား
တာတေကြီး

Friday, November 11, 2011

မသိလို့ မှားတာလား


တောင်ကိုးရီးယားတို့ မြန်မာနိုင်ငံအလံအား မှားယွင်းစွာ ဇောက်ထိုးထောင်ထားသည်ကို
ပန်းချီဖြင့် သရုပ်ဖော်ထားပုံ

Bucheon၊ နိုဝင်ဘာ ၁၅။      ။ (facebook တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် မြန်မာနိုင်ငံ အလံသစ် ဇောက်ထိုး ဖြစ်နေခြင်းကို မသိကြသော နိုင်ငံခြား တိုင်းပြည် တစ်ခုရောက် မြန်မာကျောင်းသားများအသင်း လို့  မေးလ်ပို့သူက ရေးထားပါတယ်။ အလံသစ်မို့လို့နဲ့ တူပါတယ်ဗျာ) ဟူသော Burma Strange News ၏ နိုဝင်ဘာလ ၁၁ ရက် ညနေ ၆း၄၀ အချိန်က သတင်းရေးသားချက် လုံးဝ မှားယွင်းနေကြောင်း သတင်းအောက်တွင် ဖော်ပြထားသည့် ကွန်မင့်များအရ သိရှိရသည်။

အဆိုပါ မြန်မာပြည် အလံအား International Students Association in Korea (ISAIK) က ကြီးမှူးကျင်းပသည့်  The 1st ISAIK Global Festival အတွင်း တောင်ကိုးရီးယားတို့က ဇောက်ထိုး ထောင်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။

မသိလို့ မှားတာလား ဟူသော မေးခွန်းကို တောင်ကိုးရီးယား တစ်ဦးက ယခုကဲ့သို့ ဖြေကြားသည်။

"ဇောက်ထိုး ဆိုတာ ခင်ဗျားတို့ မပြောလဲ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို အမြင်ကတ်လို့ ထောင်ထားတာပါ။ မြောက်ကိုးရီးယားနဲ့ သံတမန် ဆက်သွယ်တာကို ကန့်ကွက်တဲ့ အနေနဲ့ အခုလို ဇောက်ထိုး ထောင်ထားတာပါ။ ထပ်ပြောပါမယ်။ ထောင်ချင်လို့ ထောင်ထားတာ ဖြစ်ပါတယ်။ ဘယ်သူ့မှ ဂရုမစိုက်ပါဘူး"

အဆိုပါ အလံဇောက်ထိုးရှေ့တွင် ဓာတ်ပုံရိုက်ကူးခဲ့သည် ဆိုသော မြန်မာကျောင်းသားများက မူ ယခုကဲ့သို့ ပြောသည်။

"အလံအသစ် ဇောက်ထိုး ဖြစ်နေကြောင်းကို မသိလို့ မဟုတ်ပါ။ နိုင်ငံစုံအားကစားပွဲကြီးတွင် ဆုပေးစင်မြင့်မှ အလံကြီးအား ဘယ်လိုမှ ဖြုတ်ပီး ပြင်လို့ မရနိုင်လို့ ဒီတိုင်း ရိုက်လာခဲ့ပါသည်။ အလံဇောက်ထိုး ဖြစ်နေတာနဲ့ ကျနော်တို့ ဓာတ်ပုံ မရိုက်ခဲ့စရာလဲ အကြောာင်း မရှိပါ။ ထပ်ပြောပါမည်။ မသိ၍ မဟုတ်ပါ။ ပြင်မရ၍ ဖြစ်ပါသည်။"

မြန်မာနိုင်ငံမှ ပညာရှိ သုခမိန် ရှေ့နေကြီးများကလည်း အလံဇောက်ထိုးနှင့် ပတ်သက်ပြီး မှတ်ချက် အမျိုးမျိုးပေးကြသည်။

"အလံတော်ဇောက်ထိုးထောင်သူများကို နိုင်ငံတော်အလံ၏ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေမှုဖြင့် တရားစွဲလို့ ရပါသည်။ ကိုယ်တိုင်မထောင်သော်လည်း ထိုသို့ဇောက်ထိုး ထောင်ထားသည်ကို သိလျက်နှင့် အလိုတူအလိုပါဖြစ်သူများ၊ ဇောက်ထိုးထောင်ထားသည်ကို အားပေးအားမြှောက်ပြုသူများကိုလည်း ဥပဒေအရ အရေးယူလို့ရပါသည်။"

"ဘယ်ကငကြောင် ဝင်ပြောနေတာလဲဟ.. စိတ်ထဲထင်တဲ့ ဥပဒေတွေ ရှောက်ပြောမနေနဲ့.. ငါရှေ့နေ လုပ်စားလာတာကြာပီ နိုင်ငံအလံ ဇောက်ထိုးရှေ့မှာ ဓါတ်ပုံရိုတ်လို့ဆိုပြီး တရားစွဲလို့ရတဲ့ဥပဒေ ဘယ်နိုင်ငံမှာမှ မရှိဘူး..ကိုယ့်လူ.. စည်းလွတ်ဝါးလွတ်ကြီး မကြောင်စမ်းနဲ့ကွယ်... စိတ်လေတယ်..."

အဆိုပါ အလံဇောက်ထိုး ဓာတ်ပုံကို BSN က ခွင့်ပြုချက် ရယူကာ ဖော်ပြခဲ့ခြင်း မဟုတ်ပေ။ ခွင့်ပြုချက် တောင်းခံပြီးမှ ဖော်ပြခြင်း မဟုတ်သဖြင့် လည်းကောင်း၊ အလံတော်ရှေ့မှ ဓာတ်ပုံပိုင်ရှင် ပုဂ္ဂိုလ်များ တရားစွဲမည်ကို ကြောက်ရွံ့ခြင်းကြောင့် လည်းကောင်း၊ ၀တ်လုံတော်ရ ရှေ့နေကြီး ဦးဖိုးမြူ ၏ ကွန်မင့်တွင် တွေ့ရသော အလွန် logic ကျလွန်းသည့် ဥပဒေရေးရာ ပြောကြားချက်များကို ကြောက်ရွံ့ တုန်လှုပ် သဖြင့် လည်းကောင်း ယခင် တင်ပြခဲ့သော ဓာတ်ပုံကို မဖော်ပြရဲတော့ဘဲ ဓာတ်ပုံ အစား ပန်းချီ သရုပ်ဖော်ပုံဖြင့် ပြန်လည် အစားထိုး ထားပါသည်။

ပန်းချီ သရုပ်ဖော်ပုံနှင့် ပတ်သက်၍ တောင်ကိုးရီးယား လူမျိုးက- "ဒါကျွန်တော်တို့ ထောင်ထားတာ။ မသိလို့ ထောင်တာ မဟုတ်ပါ။ သိသိကြီးနဲ့ ထောင်ချင်လို့ ဇောက်ထိုးထောင်ထားတာ။ ရှေ့မှာလာပြီး ဓာတ်ပုံ အရိုက်ခံသူတွေကလည်း ဇောက်ထိုးကြီးမှန်း သိသိကြီးနဲ့ ဓာတ်ပုံ ရိုက်သွားကြတာ။ ဇောက်ထိုးရှေ့မှာ သူတို့ ရိုက်ချင်လို့ ရိုက်သွားရော ဘာဖြစ်လဲ။ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်တဲ့ မြန်မာပြည်ကို အမြင်ကတ်လို့ ယခုလို တမင် ဇောက်ထိုးထောင် ကန့်ကွက် ထားတာကို မြန်မာနိုင်ငံအစိုးရသိအောင် ဓာတ်ပုံမှတ်တမ်းနဲ့ တကွ ရှင်းရှင်းလင်း ပြသသင့်ပါတယ်။ မြန်မာနိုင်ငံက လာပြီးတော့ တရားစွဲမှာကို ကျွန်တော်တို့ လုံးဝ ဂရုမစိုက်ပါဘူး" ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

တစ်ခြောက်လုံးနေ့ အမှတ်တရ


တစ်ခြောက်လုံးနေ့ (၁၁-၁၁-၁၁) နေ့မှာ လက်ခံရရှိတဲ့ အမှတ်တရ လက်ဆောင် တစ်ခုပါ။

ရေးသား လာသူကို အထူးကျေးဇူး တင်ရှိပါကြောင်း လှိုက်လှဲ ၀မ်းမြောက်စွာ မှတ်တမ်းတင်ပါတယ်။



အပေါ်က လက်ဆောင်နဲ့ ဆက်စပ်ပြီး ရေးတဲ့စာ (Facebook မှာ ဖတ်ပါ)

ဗိုလ်စွဲသည့် ဘောလုံးအသင်းအား ဆုဖလား ချီးမြှင့်မှု ရပ်ဆိုင်း၊ ဖလားအစား ဦးထုပ် ချီးမြှင့်မည်ဟုသိရ


AFC ဘောလုံး ပြိုင်ပွဲများတွင် ဖလား ချီးမြှင့်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

AFC က ကြီးမှူး ကျင်းပမည့် ဘောလုံးပြိုင်ပွဲများတွင် ဖလား (Cup) ချီးမြှင့်တော့မည် မဟုတ်ဘဲ ဦးထုပ် (Cap) များ ဖြင့် အစားထိုး သွားမည် ဖြစ်ကြောင်း Asian Football Confederation (AFC) အကြီးအကဲ တစ်ဦးက BSN သို့ ပြောသည်။

ဖလားအစား ဦးထုပ်များကို ချီးမြှင့်တော့မည် ဖြစ်သဖြင့် AFC Cup ဘောလုံးပြိုင်ပွဲများကိုလည်း AFC Cap ဟု အမည် ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသွားသည်။


Read More ...

Thursday, November 10, 2011

ထိုင်းရေကြီးမှု မွန်ပြည်နယ်အထိရောက်၊ ကျိုက်ထီးရိုးတောင် ရေမြုပ်သွား

(အပြောင်းအလဲ ပြုလုပ်ခြင်းမရှိမီ Nov-9, 10 တွင် တင်ထားသည့် သတင်းနှင့် မူလဓာတ်ပုံ)

ထိုင်းနိုင်ငံတစ်ခုလုံး ရေလွှမ်းမိုးမှု ဘေးဒဏ်ကို ခံစားနေရသည်။

ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိသည့် မြန်မာနိုင်ငံ ဒေသ အချို့လည်း အဆိုပါ ရေကြီးမှုဒဏ်ကို ခံစားနေရသည်ဟု ဆိုသည်။

ထိုကဲ့သို့ ရေကြီးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၆၀၀ မြင့်သော ကျိုက်ထီးရိုးတောင် တစ်ခုလုံး ရေမြုပ်သွားသည်။

ပျမ်းမျှအားဖြင့် အလွန်ဆုံး ငါးပေ ခြောက်ပေခန့် ရေအောက် နစ်မြုပ်သည်ကိုပင် ကြီးမားသော ဘေးဒုက္ခကြီးဟု ထိုင်းလူမျိုးများက ပြောနေကြစဉ်၊ ပေ ၃၆၀၀ အမြင့်အထိ မြန်မာ့မြေပြင် အစိတ်အပိုင်းတစ်ခု ရေအောက်သို့ ရောက်ရှိ နစ်မြုပ် သွားမှုမှာ ကမ္ဘာ့သမိုင်းတွင် အဆိုးရွား ဆုံးသော ရေကြီးမှု ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

သို့သော် အဆိုပါ ရေကြီးမှုကြောင့် ရေဘေး ဒုက္ခသည်များကို မတွေ့ရဘဲ ပျော်ရွှင်နေသော လှေစီးသူများ ဓာတ်ပုံ ရိုက်ကူးလျက် ရှိကြသည်ကိုသာ အံ့သြဖွယ် တွေ့ရှိရသည်။

(SY)


Read More....

Wednesday, November 9, 2011

တောက်တဲ့ကြီး သတင်း

သတင်းဌာန တစ်ခုက တင်ပြခဲ့သည့် မြစ်ဆုံ ရေကာတာနှင့် မြွေကြီး သတင်း နောက်ပိုင်းတွင် ထပ်မံ တွေ့ရှိရသည့် တောက်တဲ့ကြီး သတင်း ဖြစ်ပါသည်။


အဆိုပါ ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင် တန်- တောက်တဲ့ကြီး သတင်း နှင့် ပတ်သက်၍

သတင်းမှားသွားတာ ပြဿနာ မကြီးပါ၊ လုပ်ကြံရေးသားခြင်းက ပြဿနာ ကြီး၏
-
ခေါင်းစဉ်ဖြင့် မိုးခခမှာ တင်ပြထားတာကို (http://moemaka.com/2011/11/gecko-news/) တွင် ဖတ်ရှုနိုင်ကြပါသည်။

Monday, November 7, 2011

မော်တော်ကား စားကြမလား

စားကြမယ်ဟေ့- ကောင်းကောင်း


ဂျပန်နိုင်ငံလုပ် လတ်ဆတ်သော ကားအစီးရေ ၁၁၀ ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သတင်းရရှိသည်။

ယခု ရောက်ရှိလာသောကားများမှာ လတ်ဆတ်သော ကားများ ဖြစ်ကြသဖြင့် အလွန် အရသာ ချိုမြိန်ကြောင်း သိရပြီး အဆိုပါ လတ်ဆတ်သော ကားများကို သက်ဆိုင်ရာ လူအများက ၀ိုင်းအုံ စားသောက်ကြကြောင်း မျက်မြင် သက်သေများက ပြောပြသည်။


လတ်ဆတ်သော ကားများကို လူအများက ၀ိုင်းအုံ
စားသောက်ရန် ပြင်ဆင်နေကြစဉ်
(Photo: the Voice weekly)

ရေဘေးဒဏ်အတွက် ရန်ကုန်တွင် ကြိုတင်ပြင်ဆင်


ရန်ကုန်မြို့တော်အား ရေအောက်ရောက် ဘန်ကောက်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သဖြင့် ကြိုတင်ကာကွယ်မှုများ ၂၄/၇ လုပ်ကိုင်လျက်ရှိသည်

သောက်သုံးရေဖူလုံရေးအဆိုတခု လွှတ်တော်တွင် မကြာသေးခင်က ပေါ်ပေါက်လာရာ အစိုးရိမ်ကြီးသူများက ကန့်ကွက်မဲ ၀ိုင်းဝန်းပေးလိုက်ကြကြောင်း Messenger ဂျာနယ်တွင် အထက်ပါအတိုင်း ဖော်ပြထားသည်

ရေကို ချွေတာပြီး သောက်ကြပါ၊ ရေအစား ဘီယာနဲ့ဝိုင်ကို သောက်ပါ ဟု ကန့်ကွက်မဲပေးလိုက်သူ အမတ်တဦးက သတင်းထောက်များကို ပြောသည်

ဘီအီး၊ ၀ီစကီကဲ့သို့သော ယစ်ရွှေရည်ကို ရှောင်ရှားသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုယမကာများကိုသုံးဆောင်ပါက ရေရောရသဖြင့် ရေဖြုန်းတီးရာရောက်ကြောင်း သူက ပြောသည်

ဘီယာနဲ့ဝိုင် အဖြူ ၀ိုင်အနီတွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်ဟု သူက သုတေသနစာတမ်း ၅ စောင်ကို ကိုင်ပြီး အခိုင်အမာ ပြောပြသည်

ယနေ့ည ဒင်နာအတွက် ဘီယာ တဖာ ၀ယ်ထားသည်ဟု ဆိုသည်

"ရန်ကုန်ကို ဘန်ကောက်လိုတော့ အဖြစ်မခံဘူး၊ ရှိတဲ့ရေတွေ ကုန်အောင် ထုတ်ထားရမယ်။ ဒါကြောင့် လွှတ်တော်ထဲ ရေကိစ္စကို ကန့်ကွက်မဲ ၀ိုင်းပေးလိုက်ကြတာ" ဟု ဘီယာအသောက်များသဖြင့် ဗိုက်ပူနေသည့် အမတ်တဦးက ဧရာဝတီကို ပြောသည်

ထိုင်းမှာ ကြိုတင်ပြင်ဆင်မှု မရှိလို့ အခု ရေကြီးနေပြီ၊ လူသေတာ ငါးရာကျော်သွားပြီ ဟု
ဘီယာကြိုက်စပြုလာသော အမတ်တဦးက ဘန်ကောက်မှလာသော သတင်းများကို ကိုးကားပြီး ပြောပြသည်

ရန်ကုန်တွင် သောက်သုံးရေ ပိတ်ပင်ရေးအတွက် အဆိုတင်သွင်းရန် ပြင်ဆင်မည်ဟု သူက ရှင်းပြသည်

ထောက်ခံမဲ တရာကျော် ရရှိရန် မိုးကျရွှေကိုယ်အမတ်များ နှင့် ကြိုတင်မဲအမတ်များကို ဘီယာတိုက် စည်းရုံးထားပြီးဖြစ်သည်ဟု ဆိုသည်

သို့မှသာ မြို့တော်ရန်ကုန်အနာဂတ်ရေဘေး စိတ်အေးရမည်ဟု သူက ဖြည့်စွက်ပြောကြားသည်

www.irrawaddyblog.com မှ ကူးယူဖော်ပြပါသည်။

Sunday, November 6, 2011

Thursday, November 3, 2011

ကျွန်ုပ်တို့သည် မြန်မာလူမျိုးများ မဟုတ်ကြပါ

BSN Asia-Pacific
(ရေးသူ- အာဏာဂျူး)

Picture of "Yodayagya" people.
Yodayagya people are definitely different from Myanmar people

ကျွန်ုပ်တို့ ယိုးဒယားဂျာ (့Yodayagya)လူမျိုးများသည် ထိုင်းနိုင်ငံ အနောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် နယ်ချင်း ထိစပ်သော နေရာများတွင် အဓိက နေထိုင်ကြပါသည်။ ကျွန်ုပ်တို့သည် မြန်မာလူမျိုးများနှင့် ရုပ်ချင်း ဆင်တူသလိုလို ရှိသော်လည်း မြန်မာပြည်သား၊ မြန်မာ လူမျိုးများ မဟုတ်ကြပါ။ လူမျိုးရေး အစွန်းရောက်သည့် racist ထိုင်းလူမျိုးများက ကျွန်ုပ်တို့ကို ဖမာ့ (မြန်မာလူမျိုး)ဟု လွဲမှားစွာ စွပ်စွဲ ပြောဆိုကြပါသည်။ ထိုင်းလွှတ်တော်တွင်လည်း ယိုးဒယားဂျာ လူမျိုးဟူ၍ မရှိကြောင်း မျက်စိ စုံမှိတ်ကာ ငြင်းနေကြပြီး ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများဟု ပြောနေကြပါသည်။

ထိုင်းနိုင်ငံတွင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများ မရှိကြောင်း မည်သူမှ ငြင်းလို့မရပါ။ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ များစွာကို သွားကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို တွေ့ရမည်သာ ဖြစ်ပါသည်။ ထိုင်းများကသာ လူမျိုးရေး မုန်းတီးမှုဖြင့် ဖမာ့ (မြန်မာလူမျိုး) ဟူ၍ မဟုတ်မမှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ။ ထိုင်းတို့က မလိုမုန်းထားစွာဖြင့် တရားမ၀င် ခိုးဝင်လာသော နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ (illegal migrant workers) ဟု မဟုတ်မှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ ဖိအားကြောင့်သာ ကျွန်ုပ်တို့ကို အလုပ်သမား မှတ်ပုံတင် ထုတ်ပေးထားခြင်း ဖြစ်ပါသည်။ သို့သော် ယခုထက်တိုင် ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ်မပြုကြပါ။ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ဖိနှိပ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါသည်။ အမှန်မှာ ကျွန်ုပ်တို့ ယိုးဒယားဂျာ များသည် ထိုင်းလူမျိုးများ ထိုင်းနိုင်ငံအတွင်းသို့ မ၀င်ရောက်မီ ထောင်စုနှစ်ပေါင်း များစွာကပင် အခြေချ နေထိုင်ခဲ့ကြသော ကျောက်ခေတ်လူသားမှ ဆင်းသက်သည့် ဘူမိနက်သန် ထိုင်းတိုင်းရင်းသား လူမျိုးများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် လွန်ခဲ့သော နှစ်သောင်းဂဏန်း အချိန်ကပင် ထိုင်းနိုင်ငံအတွင်းရှိ လန်ရုံရီယင်ဂူ၊ ၀ိဥာဉ်ဂူ အစရှိသော ဂူများတွင် ကျောက်ခေတ် လူသားများ အဖြစ် ဂူအောင်း နေထိုင်ခဲ့ကြသော ထိုင်းတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘေး ကျောက်ခေတ် လူသား ယိုးဒယားဂျာများသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရှိ ထိုင်းလူမျိုးဖြစ်သော လူသားစားသည့် သီရိအိုးခွက်ပန်းကန် ဘုရင်မကို တိုက်ခိုက် အောင်နိုင်ပြီးနောက် ပလက်တီနမ် တောင်ထိပ်နှင့် ပဏ္ဍိတ (ပန်တစ်ပလာဇာ) တောင်ထိပ်တို့တွင် အခြေချ နေထိုင်ခဲ့ကြပါသည်။ ထို့နောက်တွင် အင်္ဂလန်နိုင်ငံမှ အရှေ့တောင်အာရှသို့ ကုန်သွယ် သွားလာသည့် အင်္ဂလိပ် သင်္ဘောများ ထိုင်းနိုင်ငံ ကမ်းခြေတွင် သင်္ဘောပျက်ပြီးနောက် ထိုင်းနိုင်ငံတွင် အင်္ဂလိပ်လူမျိုးများ အခြေချ ခဲ့ရာမှ ဒေသခံ လူမျိုးများနှင့် ရောနှောပြီး ယိုးဒယားဂျာ လူမျိုးများ ဖြစ်ပေါ်လာပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများမှာ ဖမာ့ (မြန်မာလူမျိုး) မဟုတ်ဘဲ အင်္ဂလိပ်မှ ဆင်းသက်ကြောင်းကို သက်သေပြနိုင်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားတွင် ခေါ်ဆိုသော မော်တော်ကား၊ တီဗွီ၊ အင်တာနက်၊ ကွန်ပျူတာ၊ ရေဒီယို ဆိုသည့် ဝေါဟာရများမှာ အင်္ဂလိပ် ဝေါဟာရများ ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ အင်္ဂလိပ်က ဆင်းသက်ကြောင်းကို မယုံနိုင်ဖွယ် မရှိပါ။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် တစ်ဦးနှင့် တစ်ဦး မျက်နှာသွင်ပြင်များ မတူကြပါ။ မျက်နှာ ၀ိုင်းသူက ၀ိုင်းပြီး မျက်နှာ ပြားသူက ပြားပါသည်။ အချို့မှာ နှာခေါင်းရှည်ပြီး အချို့ နှာခေါင်းတိုပါသည်။ အချို့ အရပ်ရှည်ပြီး အချို့ အရပ်ပုပါသည်။ အချို့မှာ အသား ဖြူသော်လည်း၊ အချို့မှာ အသားညိုပြီး အချို့ အသားမဲပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မှာ မြန်မာလူမျိုးက ဆင်းသက်လာသည်ဟု ပြောဆိုခြင်းမှာ လုံးဝ ယုတ္တိ မတန်ပါ။ ကျွန်ုပ်တို့သည် အင်္ဂလိပ်လူမျိုး၊ ပြင်သစ်လူမျိုး၊ စပိန်လူမျိုး၊ ဂျပန်လူမျိုး၊ တရုတ်လူမျိုး၊ ကိုးရီးယား လူမျိုး၊ တိဗက်လူမျိုး၊ ဗီယက်နမ်လူမျိုး၊ ထိုင်းလူမျိုး၊ ကမ္ဗောဒီးယားလူမျိုး၊ အိန္ဒိယလူမျိုးတို့ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ ဘာသာစကားမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ မလေး၊ အင်ဒိုနီးရှား၊ အခြားသော လူမျိုး တစ်ရာ့တစ်ပါး၏ ဘာသာစကားများ ရောစပ်ရာမှ ဆင်းသက်လာခြင်း သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားရှိ ကွန်ပျူတာဟူသော အင်္ဂလိပ်ဝေါဟာရ၊ ဆူရှီဟူသော ဂျပန်ဝေါဟာရ၊ အီကြာကွေး ဟူသော တရုတ်ဝေါဟာရ၊ ဘရာဇီယာ ဟူသော ပြင်သစ် ဝေါဟာရ၊ ပလာတာ ဟူသော အိန္ဒိယ ဝေါဟာရ၊ ဒူးရင်းသီး ဟူသော မလေးဝေါဟာရ၊ အရက်ဟူသော အင်ဒိုနီးရှား ဝေါဟာရများကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား မဟုတ်ကြောင်း သိသာ ထင်ရှားပါသည်။

လူအများက ကျွန်ုပ်တို့ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား ဖြစ်ပြီး ကျွန်ုပ်တို့မှာ မြန်မာလူမျိုးဖြစ်သည်ဟု ပြောဆိုကြခြင်းမှာ လုံးဝ မှားယွင်းပါသည်။ မြန်မာစကားနှင့် ဆင်တူသလိုလို ရှိသော်လည်း ကျွန်ုပ်တို့ ပြောဆိုသော စကားမှာ မြန်မာစကား မဟုတ်ပါ။ ယိုးဒယားဂျာလစ်ရှ် (Yodayagya'lish) သာ ဖြစ်ပါသည်။ ယိုးဒယားဂျာလစ်ရှ်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ကျွန်ုပ်တို့ တီထွင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ဘာသာစကားကို အင်္ဂလိပ်အက္ခရာဟု လူသိများသည့် ရောမအက္ခရာဖြင့် ရေးသားပါသည်။ အင်တာနက် ချက်တင်များတွင် ကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာဘာသာစကား မဟုတ်သည့် nay kaung lar ဟူသော ယိုးဒယားဂျာလစ်ရှ် ဘာသာစကားဖြင့် ပြောဆိုကြပါသည်။ အဆိုပါ ယိုးဒယားဂျာ စကားသည် မြန်မာစကား "နေကောင်းလား" နှင့် လုံးဝ တူညီမှု မရှိသောကြောင့် ကျွန်ုပ်တို့သည် ဖမာ့ (မြန်မာလူမျိုးများ) လုံးဝ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထိုင်းလူမျိုးများကဲ့သို့ပင် ခေါက်ပေါင်စားပါသည်။ ကွစ်တီယို စားပါသည်။ ဂျင်းဘောင်းဘီ ၀တ်ပါသည်။ စကတ် ၀တ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာလူမျိုးနှင့် မတူပါ။ ထိုင်းလူမျိုးများ ဖြစ်ကြပါသည်။

ယိုးဒယားဂျာ ဟူသော လူမျိုးသည် ထိုင်းနိုင်ငံရှိ တိုင်းရင်းသား (၁၆၂၂၂၈)မျိုး တွင် ပါဝင်ခြင်း မရှိကြောင်း ထိုင်းအစိုးရက ကြေညာထားပြီး၊ ယိုးဒယားဂျာ လူမျိုး ထိုင်းနိုင်ငံတွင် မရှိဟု ပြောနေကြပါသည်။ အမှန်မှာ ယိုးဒယားဟူသော ဝေါဟာရကို ၁၆ ရာစု မြန်မာရာဇ၀င်များတွင် အတိအကျ ဖော်ပြထားပါသည်။ ယိုးဒယား ဟူသော ဝေါဟာရ ဆင်းသက်လာသည့် အယုဒ္ဒယ ဟူသော ဝေါဟာရကို အေဒီ ၁၃၅၀ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံ သမိုင်းမှတ်တမ်းများတွင် တွေ့ရပါသည်။ ထိုင်းပညာရှင်များက ယိုးဒယားဂျာ ဟူသော ဝေါဟာရမှာ ၂၀၁၁ ရောက်မှသာ တီထွင်ဖန်တီးထားသော ဝေါဟာရဟု ပြောကြသော်လည်း အထက်ပါ သမိုင်းအထောက်အထားများအရ ယိုးဒယား ဟူသော ဝေါဟာရ ရှိခဲ့ကြောင်းကို မည်သူမျှ မငြင်းဆိုနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း ၀င်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ၊ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်သော ယိုးဒယားဂျာ လူမျိုးများသာ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံအနှံ့နေထိုင်ခဲ့ပြီး ထိုင်းများထက် လူဦးရေ များပြားပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်များ ကျူးကျော်ဝင်ရောက်ချိန်တွင် ထိုင်းအာဏာရှင် ဗိုလ်ချုပ်မှူးကြီး လွန်ပီးပူ ဆွန်ဂရမ်က လူမျိုးတုန်းအောင် သတ်ဖြတ်မှုကြောင့် ယခုအခါ ယိုးဒယားဂျာ လူမျိုး နှစ်သန်းခန့်သာ ကျန်ပါတော့သည်။ သန်းပေါင်း ၆၀ နီးပါးမှာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးသွားကြရပြီး ယခုအခါ မြန်မာနိုင်ငံတွင် နေထိုင်လျက် ရှိကြပါသည်။ (ဤအချက်က ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာပြည်မှ ရွှေ့ပြောင်းဝင်ရောက် လာခြင်း မဟုတ်ဘဲ မြန်မာပြည်ရှိ မြန်မာလူမျိုးများသည်သာလျှင် ကျွန်ုပ်တို့ မူလ နေထိုင်ရာ ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြောင်းရွှေ့ သွားကြခြင်း ဖြစ်ကြောင်း ခိုင်မာစွာ သက်သေပြနေပါသည်။) ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံ တ၀န်းတွင် လူဦးရေ အများဆုံး ဖြစ်သည့် တိုင်းရင်းသား လူမျိုးအဖြစ် နေထိုင်ခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံ နယ်စပ် တစ်လျှောက်တွင်သာ အများစု နေထိုင်ကြသည့် minority ဘ၀သို့ ရောက်ရှိရပါတော့သည်။ အခြားသော ယိုးဒယားဂျာ လူမျိုးများမှာ စင်ကာပူသို့ အဓိက ထွက်ပြေးကြပြီး ပင်နီစူဠ တောင်ထိပ်တွင် နေထိုင်ကြပါသည်။ ထိုင်းနိုင်ငံတွင် ဖိနှိပ်ခံရသည့် အတွက် ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမ အများစုမှာ မလေးရှား၊ အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများသို့ ထွက်ပြေးသွားကြပါသည်။ သို့သော် မြန်မာအစိုးရက ကျွန်ုပ်တို့ကို မြန်မာဟု အသိအမှတ်မပြုပါ။ အသိအမှတ် မပြုသောကြောင့်သာ မြန်မာသံရုံးက ကျွန်ုပ်တို့ကို အကာအကွယ် မပေးဘဲ ငွေညှစ်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားရှိ ကျွန်ုပ်တို့ ညီနောင်များမှာ နိုင်ငံမဲ့ လူမျိုး (stateless people) ဖြစ်နေကြပါသည်။ ကျွန်ုပ်တို့ကို မြန်မာလူမျိုးများဟုလည်း မဟုတ်မမှန် ပြောဆိုခြင်းကို ခံနေကြသည်မှာ လွန်စွာ မှားယွင်းပါသည်။

လွန်ခဲ့သော အနှစ် ၂၀ ၀န်းကျင်က ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို ထိုစဉ်က အုပ်ချုပ်ခဲ့သည့် ထိုင်းအစိုးရက တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါသည်။ ထိုင်းနိုင်ငံတော် အသံလွှင့်ဌာန ဖြစ်သည့် Radio Thailand က ဥဒုံဌာနီ အသံလွှင့်စခန်းမှ တစ်ဆင့် ကျွန်ုပ်တို့ လူမျိုးများ ပြောဆိုသည့် ဘာသာစကားဖြင့် တစ်နေ့လျှင် ၁၅ မိနစ်စီ အသံလွှင့် ပေးခဲ့ပါသည်။ ရေဒီယိုမှပင် ကျွန်ုပ်တို့၏ ဘာသာစကားဖြင့် အသံလွှင့်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့မှာ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်ကြောင်း လုံးဝ သိသာ ထင်ရှားပါသည်။ ယခု racist အစိုးရများ အာဏာရရှိပြီး နောက်ပိုင်း မှသာ ထိုအစီအစဉ်ကို အသံ မလွှင့်တော့ပါ။ ကျွန်ုပ်တို့ကို တိုင်းရင်းသား အဖြစ်မှ ပယ်ဖျက်လိုက်ပါသည်။

နောက်တက်လာသည့် ထိုင်းအစိုးရသည် ကျွန်ုပ်တို့ကို နိုင်ငံခြားသား မြန်မာလူမျိုးများဟု သတ်မှတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်လျက် ရှိကြပါသည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့် မရှိပါ။ အလုပ်သမားကတ် မပါလျှင် ဖမ်းဆီး ထောင်ချခြင်း၊ ငွေညှစ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။ ယိုးဒယားဂျာ လူမျိုးများ တရားဝင် မြေပိုင်ဆိုင်ခွင့်၊ အိမ်ရာ ပိုင်ဆိုင်ခွင့်များ မရှိပါ။ ထိုင်းတောင်ပိုင်းတွင် ကျွန်ုပ်တို့ တိုင်းရင်းသား ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု မဟုတ်မမှန် သတ်မှတ်ပြီးနောက် ဆိုင်ကယ်စီးခွင့်၊ စက်ဘီး စီးခွင့်များကို ပိတ်ပင်ထားပါသည်။ နယ်မြေကျော်ပြီး ခရီးသွားလာခွင့်များကိုလည်း ကန့်သတ်ထားပါသည်။ ရက်စက်သော ထိုင်းအစိုးရသည် ဘာသာရေး ဖိနှိပ်မှုများလည်း ပြုလုပ်ပါသည်။ ယိုးဒယားဂျာ ရဟန်းသံဃာများကို ထိုင်းသာသနာရေး ၀န်ကြီးဌာနက နိုင်ငံခြားသားများ ဟု သတ်မှတ်ပြီး ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခွင့် မပေးပါ။ မြန်မာဘုန်းကြီးကျောင်း ၉၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် သိမ်းပိုက်ပြီး၊ ထိုင်းဘုန်းကြီးများကို ကျောင်းထိုင်ခိုင်းပါသည်။ ဘာသာရေး နှိပ်ကွပ်မှု ဖြစ်ပါသည်။ ဘုန်းကြီးများကို အတင်းအကျပ် မျက်ခုံးမွေး ရိတ်ခိုင်းခြင်းများ ပြုလုပ်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ရဟန်းသံဃာများကို အ၀ါရောင် သင်္ကန်းများကို အတင်းအကျပ် ၀တ်ဆင်ခိုင်းပြီး၊ သစ်ခေါက်ဆိုးရောင် သင်္ကန်းများကို ၀တ်ဆင်ခွင့် မပြုပါ။ ဤသည်မှ ထိုင်းအစိုးရ၏ ဘာသာရေး နှိပ်ကွပ်မှုများ ဖြစ်ကြပါသည်။ ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု သတ်မှတ်သည့် အတွက် ကျွန်ုပ်တို့ သည် ထိုင်းနိုင်ငံတွင် မဲပေးခွင့် မရရှိကြပါ။ နိုင်ငံရေး ပါတီများ ထူထောင်ခွင့်လည်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြသော်လည်း မြန်မာလူမျိုးများဟု မဟုတ်မမှန် သတ်မှတ် ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပါသည်။



ယိုးဒယားဂျာ လူမျိုးပြ မြေပုံ
ကျွန်ုပ်တို့သည် မြန်မာလူမျိုးများ မဟုတ်ကြပါ 
ထိုင်းနိုင်ငံ အနောက်ဖက် Siam-Yoday ပြည်နယ်တွင် နေထိုင်သော 
ယိုးဒယားဂျာ လူမျိုး (Yodayagya) သာ ဖြစ်ပါသည်။ 
နှိုင်းယှဉ် ကြည့်ရှုရန် မြေပုံ (Click Here

(ဆောင်းပါးရှင် အာဏာဂျူးမှာ အထက်တန်းကျောင်းထွက် အရူးလက်မှတ်ရ ပုဂ္ဂိုလ်ဖြစ်ပြီး၊ တံတားကလေး အရူးတက္ကသိုလ်မှ ဘီအေ(အရူး)ဘွဲ့နှင့် ရွာသာကြီး အရူးတက္ကသိုလ်မှ အမ်အေ(အရူး)ဘွဲ့များကို ရရှိခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ အရူးများ တက္ကသိုလ်တွင် ပီအိပ်ခ်ျဒီ(အရူး)ဘွဲ့အတွက် သုတေသန စာတမ်းပြုစုနေပြီး အထက်ပါ ဆောင်းပါးမှာ အရူးလက်မှတ်ရ အာဏာဂျူး၏ သုတသန စာတမ်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ နိုင်ငံတကာ ဥပဒေအရ အရူးများ၏ ပေါက်တတ်ကရ ထင်ရာမြင်ရာ ရေးသားချက်များကို တရားစွဲဆို၍ မရပါ။ :D)

Related Link & Comments...