Friday, December 3, 2010

လောင်စာဆီ သုံးရန် မလိုသည့် ကမ္ဘာ့ပထမဆုံး အင်ဂျင်စက် မြန်မာ ပညာရှင်များ တီထွင်ထုတ်လုပ်

မြန်မာနိုင်ငံတော်ကြီး အနေဖြင့် စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်မီ တိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်လျက်ရှိရာ မည်သည့် နိုင်ငံခြားဖြစ် ပစ္စည်းများကိုမျှ အသုံးပြုထားခြင်း မရှိဘဲ ပြည်တွင်းဖြစ် သစ်တုံးများဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ ပထမဆုံး လောင်စာဆီမဲ့ အင်ဂျင်စက် တစ်လုံးကို မည်သည့် ပြည်ပ အကူအညီမျှ မပါရှိဘဲ မြန်မာ ပညာရှင်များက တီထွင် ထုတ်လုပ်လိုက်ကြောင်း သတင်းရရှိသည်။

အင်ဂျင်စက် လည်ပတ်မှုကို မြန်မာပညာရှင် တစ်ဦး ရှင်းလင်းပြသနေစဉ် (ဓာတ်ပုံ-BSN) 

အဆိုပါ အင်ဂျင်စက် လည်ပတ်ရန် မည်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကြက်ဆူဆီ၊ ဘဲဆူဆီမျှ သုံးစွဲရန် မလိုအပ်ကြောင်း စက်တီထွင်သူ မြန်မာပညာရှင်တစ်ဦးက ရှင်းပြသည်။ အဆိုပါ အင်ဂျင်စက်သည်
တစ်နေ့လျှင် ကြံချောင်းများ အလိုရှိသလောက် ကြိတ်ဝါးနိုင်ကြောင်း၊ စက်လည်ပတ်ရန်အတွက် လက်ဖြင့် လှည့်ရကြောင်း သိရသည်။ အဆိုပါ စက်ဖြင့် ကြိတ်ဝါးရာမှ ရရှိသော ကြံရည်များကို ကြံသကာချက်လုပ် နိုင်ကြောင်း၊ ပြည်တွင်းဖြစ် ကြံသကာ များကို အများပြည်သူတို့ စားသုံးခြင်းဖြင့် နိုင်ငံခြားမှ သကြားတင်သွင်းမှုကို အဆမတန် လျော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေ များစွာ သက်သာ စေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုငွေများဖြင့် ယခုကဲ့သို့ လောင်စာမဲ့ အင်ဂျင်များကို အသုံးပြုမည့် စက်ရုံအလုပ်ရုံများစွာ ထပ်မံ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

3 comments:

  1. စက်မှုစွမ်းအား ခေတ်ကျော်လွှား
    အင်ဂျင်နီယာစွမ်းအား ပြည်ထွန်းကား
    ပြည်တွင်းဖြစ်ကို အားပေးပါ
    ပြည်တွင်းစက်ကို သုံးကြပါ
    ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်
    ပြည်ပအကူအညီမယူပါ...
    ဟီးဟီး
    ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို
    ကျောက်ခေတ်သုံး ကျောက်လက်နက် ကိရိယာများဖြင့်
    တည်ဆောက်ကြပါစို့။

    ReplyDelete
  2. အိုး ..... ဒါကောင်းတဲ့ အကြံဘဲ ........ သူများတွေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် လျော့ချရေးတွေကို အလုပ်မဖြစ်တဲ့ ဟိုစည်းဝေး ဒီစည်းဝေး ဟိုနိုင်ငံရွှေ့ လုပ်လိုက် ဒီနိုင်ငံရွှေ့ လုပ်လိုက်လုပ်နေရတာ။ ဘာတဲ့သူများတွေပြောပြောနေတဲ့ အစိမ်းရောင်ဘာဆိုလား.... ဟီးဟီး ဘာဘဲပြောပြော ကြက်ဆူနဲ့  ဆီထုပ်တာနဲ့စာရင်တော့ တော်သေး။ နွားကိုပတ်ပြေးခိုင်းပြီး ညှင်းစဲတာနဲ့ စာရင်တော့ ကောင်းသပါ့ဟ။ :P

    ReplyDelete
  3. အင်း .... တော်လိုက်တိုက်ဗျာ ... ဒီလိုအတွေးမျိုး ဘယ်သူများတွေးမိပါမလဲ .... ပညာတွေသိပ်တတ်နေတဲ့သူတွေ အင်ဂျင်နီယာကြီးတွေ ကလဲ ဒါမျိုး တွေးမိမှာမဟုတ်ဘူး သူတိ့ က လောင်စာစီတွေနဲ့လုပ်တာတွေကိုပဲတွေးနေမှာလေ .... ဒါကြောင့် အင်္ဂလိပ်က မြန်မာကို ချီးကြူးတာ ... စစ်ပွဲက ကျန်ခဲ့တဲ့ ကားကိုတောင် နှီးတုတ်ပြီး မောင်းတဲ့မာကို ဘယ်လိုမချီးကြူးပဲနေနိုင်ပါတော့မလဲ ....လေ .... မြန်မာပြည်ကြီးတို့တက်ပါစေ ...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။