Sunday, July 31, 2011

မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ချီးကျူးရန် စီစဉ်နေ


ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင် မြန်မာပြည်သူ တို့၏ စိတ်သဘောထား ကောင်းမြတ်မှုနှင့် အားကစားကို ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ သည်။

အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။

အိုမန်အသင်းက မြန်မာထက် သာကြောင်း မြန်မာပရိတ်သတ်များက ကြိုတင် သဘောပေါက်ထား၍ ပွဲပြီးဆုံးသည်အထိ ကန်ခွင့်မပေးခဲ့။ မြန်မာကွင်း၌ ကန်ခွင့်ရချိန်အတွင်း အိုမန်အသင်းကို အမော မဖေါက်စေလို။ မြန်မာပရိတ်သတ်ကြီးက သူတို့သောက်ရန် ၀ယ်ယူထားသော ရေဘူးများကို သူတို့မသောက်ပဲ အိုမန်ဘောလုံးသမားတို့ သောက်ရန် တက်တက်ကြွကြွဖြင့် စွန့်လွှတ်လှူဒန်းခဲ့ကြသည်။

တချို့ပရိတ်သတ်များကလည်း ၄င်းတို့အိမ်က ယူဆောင်လာခဲ့ကြသော ထီးများကို အိုမန်အသင်းသားတို့ ကွင်းအလယ်၌ နေပူမှာစိုးသဖြင့် လှမ်း၍ ပစ်ပေးခဲ့ကြသည်။ တချို့ကလည်း အိမ်အပြန် ခြေဗလာဖြင့် ပြန်မည်ဟု ဆုံးဖြတ်ပြီး ကိုယ်တိုင်စီးလာသည့် ဖိနပ်များကိုချွတ်၍ ပစ်ပေးခဲ့ကြ၏။ အိုမန်အသင်း ဘောလုံးပွဲပြီးသည်အထိ ဆက်၍ကန်စရာ မလိုတော့ကြောင်း၊ ဘောကန်ဖိနပ်များကို လဲ၍ ကွင်းအလယ်၌ သက်သက်သာသာ နေကြပါရန်လည်း ဟစ်အော် တောင်းပန်ခဲ့ကြ၏။ မြန်မာအသင်းအနေနှင့်လည်း ဆက်၍ ကန်လျှင် ရှုံးမည့်အတူတူ စောစောနားသော် စောစောသက်သာသည်ဟု စေတနာထားပြီး ဘောပွဲကို ရပ်နားကြရန် လေးဘက်လေးတန် စင်ပေါ်က အော်ဟစ် အသနားခံခဲ့ကြသည်။

အိုမန်ဘောသမားများအတွက် မြန်မာ့ကွမ်းကို မိတ်ဆက်ပေးသည့် အနေနှင့်လည်း ကွမ်းထုပ်များ၊ ကွမ်းဘူးများအပြင် ဗိုက်ဆာနေသူတို့ အသင့်စားသုံးနိုင်ရန် မြန်မာအစားအသောက်များကိုပါ ကွင်းပတ်ပတ်လည်က ပစ်ချပေးခဲ့ကြလေသည်။ မြန်မာပြည်တွင်းဖြစ် အုတ်နီခဲများ၏ အရည်အသွေးကို အချိန်ရတုန်းရခိုက် လေ့လာသွားစေချင်သည့် သဘောဖြင့်လည်း ရသမျှအုတ်ခဲအကျိုးအပဲ့တို့ကို အိုမန်ဘောသမားများထံ အရောက်ပေးပို့ခဲ့ကြသည်။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလည်း ဤမျှစေတနာကြီးမား သဘောထား ကောင်းလှသည့် မြန်မာပရိတ်သတ်ကြီးအား ကွင်းအလည်ကို ထွက်ကာ ရှိခိုးဦးခိုက် ကျေးဇူးတင်ခဲ့သည်။ လုံခြုံရေး ရဲများကလည်း ပရိတ်သတ်ကြီး၏ အားပေးမှုကို ထောက်ခံသည့်အနေဖြင့် ဘောလုံးကွင်းအနှံ့  ချီတက်ပြခဲ့ကြသည်။

သို့သော် လူကိုသေကျေစေနိုင်သည့် ဓါးရှည်၊ ဓါးကောက်များကို နိုင်ငံတော်အလံတွင် ထည့်သွင်း အသုံးပြုထားသည့် အိုမန်နိုင်ငံမှ ဘောသမားများသည် မြန်မာပရိတ်သတ်၏ မေတ္တာစေတနာကို လုံးဝ သဘော မပေါက်ခဲ့။ ၄င်းတို့အား တိုက်ခိုက်သည်ဟု တဘက်သတ် စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ဖီဖါခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည်လည်း မြန်မာ့ယဉ်ကျေးမှုကို လုံးဝ နားမလည်။ မြန်မာတို့အား အရေးယူမည့်သဘော ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အစာရေစာနှင့်  လက်ဆောင် ပစ္စည်းများ ပေးခဲ့ကြသည်ကိစ္စကို စုံစမ်းစစ်ဆေးမည်ဟုပင် မရှက်မရွံ့ ထုတ်ဖေါ်ပြောဆိုခဲ့လေသည်။

မြန်မာတို့သည် အားကစားစိတ်ဓါတ် ပြင်းထန်ကြသူများဖြစ်ကြောင်း ကမ္ဘာက ကောင်းကောင်း မသိ။ ပေးထားသည့် နာမည်ကိုယ်၌က “အားကစား” ။ အားသည့်အခါတိုင်း ကစားသည်ဟု အဓိပ္ဗါယ်ရသည်ကို နိုင်ငံတကာက နားမလည်ကြ။ ဤမျှ အဓိပ္ဗါယ်လေးနက်ပေါ်လွင်သည့် နာမည်ကို ပေးပြီး အားကစား၏ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို သဘောမပေါက်ကြ။

အိုမန်ဘောလုံးပွဲ အဖြစ်အပျက်ကြောင့် ယခုဆိုလျှင် မြန်မာတမျိုးသားလုံးက အားကစားလောက တခုလုံးကို စွန့်လွှတ်ပစ်ရန်အထိပင် စဉ်းစားပြောဆို နေကြလေပြီ။ နောက်ဆုံးရရှိသော သတင်းများအရ နေပြည်တော်အရပ်တွင် ကြီးကြီးမားမား တည်ဆောက်ထားသည့် ပြည်သူ့လွှတ်တော်အတွင်း သမ္မတကြီးအပါအ၀င် တိုင်းပြည်ခေါင်းဆောင်များက ဘောလုံးကိစ္စ အရေးပေါ်လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနေသည်ဟု သိရသည်။

မြန်မာစစ်ခေါင်းဆောင်များကလည်း ဘောလုံးကန်သည့်နိုင်ငံများ အားလုံးကို စစ်ရေးအရ တုံ့ပြန်သွားဖို့ ဒေါသတကြီး အဆိုတင်သွင်း နေကြသည်ဟု ဆိုသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားကြတော့ပဲ ဘောလုံးအကြောင်း ကိုသာ နေ့ရောညပါ ဆွေးနွေးပြောဆိုနေကြကြောင်း၊ အစိုးရနှင့် အရာရာ သဘောထား ကွဲလွဲနေကြသော်လည်း ဘောလုံးကိစ္စ၌ တထပ်တည်း ဆန္ဒရှိနေသဖြင့် ဘောလုံးကို အခြေခံ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။

(BLUE SKY FOREST ဘလော့မှ ကူးယူ ဖော်ပြပါသည်)

4 comments:

  1. ဦးဇော်ဇော် သတ်သေသွားပြီဟု သတင်းရရှိပါသည်။
    မှန်မမှန် သိလိုပါသည်။

    ReplyDelete
  2. ဖြစ်နိုင်ပါ့မလားဗျာ၊ ဒီမြင်းမျက်နှာနဲ့လူက ဒီလောက်ရှက်တတ်ပါ့မလား၊ ဦးနှောက်လေးသုံးပြီး စဉ်းစားကြည့်ပါလား။

    ReplyDelete
  3. ပန်းသေ သွားခြင်း ဖြစ်သည်

    ReplyDelete
  4. ပြည်တွင်းဖြစ် ဂရင်းရိုင်ရယ် ၀ီစကီ ပုလင်းတွေတောင် ပါလိုက်သေးတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။