Wednesday, July 27, 2011

မိုးရွာလျှင် အိုမန်ကို မြန်မာနိုင်မည်ဟု စင်ကာပူနိုင်ငံသား နည်းပြ ပြောဆို

(Photo: Soccer Myanmar)

မနက်ဖြန် ဇူလိုင်လ ၂၈ ရက်၊ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်မည့် မြန်မာ-အိုမန် ဘောလုံးပွဲစဉ်အတွင်း မိုးရွာသွန်းပါက မြန်မာ ဘောလုံး အသင်းအတွက် အခြေအနေ ကောင်းနိုင်ကြောင်း၊ ဥဿာယူနိုက်တက် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူထားသူ စင်ကာပူနိုင်ငံသား ဆီဗာဂျီက ပြောဆိုလိုက်သည်။

"အိုမန်တွေ အတွက် မိုးရွာမယ်ဆိုရင် အခက်တွေ့ သွားနိုင်ပါတယ်၊ ဘောလုံးကွင်းထဲ ရေ၀ပ်နေရင် သူတို့ ဘောလုံး ကောင်းကောင်း ကန်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆီဗာဂျီက မှတ်ချက် ပြုခဲ့ပြီး၊ အိုမန် ကစားသမားများ မိုးရေထဲ ချော်လဲပြီး ခြေခေါက်ခြင်း၊ ခြေကျိုးခြင်းများ ဖြစ်ပေါ်မှုကို အသုံးချပြီး၊ မြန်မာအသင်း အနေဖြင့် ဦးဆောင်ဂိုးသာ ရရှိအောင် ကစားနိုင်မည် ဆိုပါက မနက်ဖြန် ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ဆင့်ပင် တက်ရောက် သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း အားကစား သတင်းတစ်ပုဒ်တွင် တွေ့ရသည် (ဖတ်ရှုရန်)။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အိုမန်နှင့် ပထမ အကျော့ အဝေးကွင်း ယှဉ်ပြိုင်ခဲ့ရာ ၀-၂ ဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်း ရှုံးနိမ့်ခဲ့ရမှုမှာ အိုမန်၏ ရာသီဥတု အလွန်ပူပြင်းပြီး၊ အပူချိန် မြင့်မားသည့်ဒဏ်ကို မြန်မာ ကစားသမားများ ခံနိုင်ရည် မရှိမှုနှင့်လည်း ဆက်စပ်နေကြောင်း သတင်းတစ်ပုဒ်က ဆိုသည် (ဆက်စပ် ဖတ်ရှုရန်)။

မြန်မာအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအဆင့်တွင် မွန်ဂိုးလီးယားအသင်းကို အဝေးကွင်း ပထမအကျော့ ပွဲစဉ် တွင် ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ အိမ်ကွင်း ဒုတိယ အကျော့တွင် ၂-၀ ဖြင့် အနိုင်ရကာ ဒုတိယအဆင့်ကို တက်လမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်ထက် လွန်စွာ မြင့်မားသော မွန်ဂိုးလီးယား ကုန်းပြင်မြင့်ရှိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရသည့် အတွက် မြန်မာ ဘောလုံးသမားများ အသက်ရှုမ၀ ဖြစ်ကာ၊ ရှုံးနိမ့်ရခြင်း ဖြစ်ပြီး၊ ဒုတိယ ပွဲစဉ်တွင် မြန်မာပြည်၏ အပူဒဏ်ကို မခံနိုင်ခြင်းကြောင့် အေးသောဒေသမှ မွန်ဂိုးလီးယားတို့ ရှုံးနိမ့်ရခြင်း ဖြစ်ကြောင်း BSN အားကစား သတင်းထောက်က သုံးသပ်ထားသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။