Saturday, January 15, 2011

လင်္ကာဒီပ အမတ်ကြီးက တမ္ပဒီပတိုင်းမှ ရောင်စုံဆင်များရှင်အား မျက်ကြည်လွှာ လှူဒါန်း

မကြာသေးမီက မြမ္မာပူရ၊ တမ္ပဒီပတိုင်း သို့ အလည်အပတ် လာရောက်ခဲ့သော လင်္ကာဒီပ သိန်းခိုကျွန်း၏ အမတ်ကြီး မာဝိန္န သီလ၀ က ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော၊ စစ်တိုင်းကြီး ၁၄ တိုင်းကို အစိုးရသော ထီးဖြူဆောင်း နယ်စားပယ်စား ပဒေသရာဇ်များ၏ အရှင်၊ ဇမ္ဗူ့သီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ စသော နယ်ပယ်ကလေးများ ၀န်းရံလျက်ရှိသည့် နေပြည်တော်ပြည့်ရှင်။ ဆင်ဖြူသခင်၊ ဆင်နီသခင်၊ ဆင်ညိုသခင်၊ ဆင်ပြာသခင်၊ ဆင်ခရမ်းရောင် သခင်၊ ဆင်မဲနယ် သခင်၊ ဆင်စိမ်း သခင်၊ ဆင်ဝါ သခင်၊ ဆင်လိမ္မော်သခင်၊ ဆင်မဲသခင်၊ ရောင်စုံဆင်များရှင်၊ ကြံ့အပေါင်းနှင့် ဖွတ်အပေါင်းတို့၏ ဘုရင်၊ ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း၊ ကျောက်စိမ်းတွင်း၊ သံတွင်း၊ ကြေးနီတွင်း၊ရေနံတွင်း၊ သဘာဝဓါတ်ငွေ့ တွင်းများ နှင့်တကွ အလုံးစုံသော တွင်းအောင်း သတ္တ၀ါ အပေါင်းတို့၏ သခင်၊ ဘ၀ရှင်၊ နာနာဘာဝရှင် မင်းတြားကြီးထံသို့ မျက်ကြည်လွှာတစုံ ဆက်ကပ် လှူဒါန်း သွားကြောင်း သတင်းရရှိသည်။

(Photo: Flicker)

လင်္ကာဒီပ မင်းစိုးရာဇာများသည် တမီကျားသူပုန်များကို အမြင်စူးရှစွာဖြင့် နှိမ်နင်းနိုင်ခဲ့သည် ဖြစ်ရာ တမ္ပဒီပ မင်းစိုးရာဇာများကိုလည်း ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးအား ယခု ရက်ပိုင်းအတွင်း ထိုးစစ်ဆင် နှိမ်နင်းရာတွင် သူတို့နည်းတူ စူးရှစွာဖြင့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေရန် ရည်ရွယ်ပြီး မေတ္တာ ဂရုဏာ ရှေ့ထားကာ ယခုကဲ့သို့ မျက်ကြည်လွှာများ လှူဒါန်း ဒါန ပြုသွားခြင်း ဖြစ်ကြောင်း သိရသည်။ တမ္ပဒီပ ဆင်ရောင်စုံရှင် အနေဖြင့်လည်း မကြာမီ မျက်စိ အစားထိုး ကုသဖွယ် ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

(ဇာနည်မာန် လက်တို့သည်)


သတင်းအပြည့်အစုံ

2 comments:

  1. your news is not only funny but also gave some information.>>စစ်တိုင်းကြီး ၁၄ တိုင်းကို အစိုးရသော ထီးဖြူဆောင်း နယ်စားပယ်စား ပဒေသရာဇ်များ၏ အရှင်၊ ဇမ္ဗူ့သီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ စသော နယ်ပယ်ကလေးများ ၀န်းရံလျက်ရှိသည့် နေပြည်တော်ပြည့်ရှင်။ ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း၊ ကျောက်စိမ်းတွင်း၊ သံတွင်း၊ ကြေးနီတွင်း၊ရေနံတွင်း၊ သဘာဝဓါတ်ငွေ့ တွင်းများ နှင့်တကွ အလုံးစုံသော တွင်းအောင်း သတ္တ၀ါ အပေါင်းတို့၏ သခင်၊ ဘ၀ရှင်၊ နာနာဘာဝရှင် မင်းတြားကြီး... လင်္ကာဒီပ မင်းစိုးရာဇာများ၊ တမ္ပဒီပ မင်းစိုးရာဇာများ<< lol.. keep it up.. cheers!

    ReplyDelete
  2. အဲဒီ စစ်တိုင်းကြီး ၁၄ တိုင်းထဲမှာ အသစ် ဖွဲ့မဲ့ မ၀င်မနေရ ကိုယ့်ထမင်းကိုယ်ရှာစား ကိုယ့်ဖိနပ်ကိုယ်ဝယ်စီး ကိုယ့်ယူနီဖောင်းကိုယ်ချုပ်ဝတ် ကိုယ့်လေးဂွကိုယ်ကိုင် စစ်တိုင်းကြီး အပါအ၀င် ပဲလား?

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။