Friday, January 14, 2011

စစ်ကိုင်းတောင်ကြီး လေးဘက်ထောက် လမ်းလျှောက်နေခြင်း

၂၀၁၁ ဇန်န၀ါရီ ၃ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ သတင်းတပုဒ်အရ စစ်ကိုင်းတောင်ကြီးသည် ခြေထောက်များ ပေါ်ထွက်လာပြီး လမ်းလျှောက်နေသည်ကို တွေ့ရသည်။

စစ်ကိုင်းတောင်သည် တစ်နှစ်လျှင် ၁၈ မီလီမီတာ အကွာအဝေးသို့ လမ်းလျှောက်ထွက်လေ့ရှိသည် ဟု ဂျာနယ်က ဆိုသည်။

ထိုကဲ့သို့ အဖိုးကြီးတဦးနှယ် တောင်ဝှေးထောက်ပြီး စစ်ကိုင်းတောင် ဖြေးညင်းစွာ လမ်းလျှောက်ခြင်းကို မြန်မာနိုင်ငံ မြေလျင် ကော်မတီ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနနှင့် စင်ကာပူနိုင်ငံ ကမ္ဘာမြေ စောင့်ကြည့်ရေးအဖွဲ့ (EOS) တို့က GPS များဖြင့် အနီးကပ် စောင့်ကြည့်မည် ဟု ဆိုသည်။

"ဒါက အမြဲ နှစ်စဉ် လမ်းလျှောက်ပြီး ခုလို ရွေ့နေရမှာ။ တနှစ်ကို ၁၈ မီလီမီတာ ရွေ့ရမှာ။ မရွေ့ဘဲ အိပ်နေပြီဆိုရင် စိုးရိမ်ရတယ်။ မြေငလျင်ကြီး တခု ဖြစ်လာနိုင်တယ်။ GPS က အဲဒါကို တိုင်းတာပေးတာ" ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။

(Snippet from Messenger)

စင်ကာပူ နန်ယန်းစက်မှုတက္ကသိုလ်တွင် အခြေစိုက်ထားသော ကမ္ဘာမြေ စောင့်ကြည့်ရေးအဖွဲ့ (Earth Observatory of Singapore- EOS) ဒါရိုက်တာ၊ Professor Kerry Sieh က-
"ဟ- ဒီလေ့လာရေးကို လုပ်တာ တနှစ်တောင် ကြာပကော။ အခုမှ မြန်မာပြည်တွင်း ဂျာနယ်က ဖော်ပြတယ် ဆိုတော့ အင်တာနက် နှေးလွန်းလို့ ဖြစ်ရမယ်။ မြန်မာပြည် အင်တာနက် ဆိုတော့လဲ သတင်းတပုဒ်ကို တနှစ်ကြာအောင် ဒေါင်းလုပ်ဆွဲရတယ် ဆိုတော့ ကျွန်တော်တို့ သတင်းဖိုင်က size အရမ်းကြီးလို့ပဲ ဖြစ်မယ်" ဟု ပြောသည်။

ကမ္ဘာမြေ စောင့်ကြည့်ရေး EOS ဥက္ကဌ မစ္စတာ တန်ဂီပေါ (Tan Gee Paw) ကမူ-
"စစ်ကိုင်းတောင် ရွေ့တယ် ဆိုတာက ဒီလိုဗျ။
ဥပမာ မြေလွှာ တွန့်ခေါက်မှုတခုဟာ နှစ်တသိန်းမှာ တကြိမ်ဖြစ်ခဲ့တယ် ထားပါတော့ဗျာ (ဥပမာနော်)။
ဆိုတော့ အဲဒီ လွန်ခဲ့တဲ့ နှစ်တသိန်းတုန်းက မြေလွှာ တွန့်ခေါက်မှုကြောင့် ၁.၈ ကီလိုမီတာ ရွေ့ခဲ့မယ်ဆိုရင် (တကြိမ် တွန့်ခေါက်မှုကြောင့် တခါပဲ ရွေ့တာကိုပြောတာနော်) နှစ် ၁၀၀ မှာ ၁.၈ မီတာ ရွေ့တယ်လို့ ပြောနိုင်တယ်ဗျ။  ဒီတော့ တနှစ်မှာ ၁.၈ စင်တီမီတာ သို့မဟုတ် ၁၈ မီလီမီတာ ရွေ့တယ်ဆိုတဲ့ သဘောပေါ့။ အဲဒီ ကိန်းဂဏန်းက နှစ်ပေါင်းများစွာက ဖြစ်စဉ်တခုကနေ တွက်ထုတ်တားတဲ့ ဂဏန်းဗျ။
စစ်ကိုင်းတောင်ကြီးက တနှစ်မှာ ၁၈ မီလီမီတာ၊ နှစ်နှစ်ဆိုရင် ၃၆ မီလီမီတာ၊ အဲသလို လမ်းလျှောက်ပြီးတော့ ရွေ့လျားနေတာ မဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ မပီကလာ Singlish စကားကို နားမလည်တော့ စစ်ကိုင်းတောင်ကြီး လမ်းလျှောက်တယ် ဖြစ်သွားတာ ပေါ့ဗျာ။
ဆောရီးပါ။ နောက်ဆိုရင် အင်္ဂလိပ်စကားပီအောင် ကြိုးစား ပြောပါမယ်" ဟု ရှင်းပြသည်။

ထိုကဲ့သို့ နောက်ထပ် နားလည်မှု လွဲခြင်းမျိုး ထပ်မံ မဖြစ်ပေါ်စေရန် အတွက် သူ၏ အင်္ဂလိပ်စာ တိုးတက်အောင် English စကားစစ်စစ် Speaking မွမ်းမံ သင်တန်း တက်နေကြောင်း၊ Speaking အတွက် အလုပ်ရှုပ်နေသဖြင့် မြေကမ္ဘာလေ့လာမှုများကို လောလောဆယ် ရပ်တန့်ထားရကြောင်း တန်ဂီပေါက ပြောသည်။

အဆိုပါ စစ်ကိုင်းပြတ်ရွေ့လေ့လာမှုကို ယမန်နှစ်၂၀၁၀ နှစ်ဦးပိုင်းက ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထိုသတင်းကို (ယမန်နှစ် ၂၀၁၀ ခု ဇန်န၀ါရီ ၄-၁၀ ရက်နေ့ထုတ်) မြန်မာတိုင်းမ် အတွဲ (၂၆)၊ အမှတ် (၅၀၄) တွင်  ဖော်ပြခဲ့သည်ကို တွေ့ရပြီး၊ (ဒီမှာကြည့်ပါ) "သတင်း" ဟူသော ထိုသတ္တ၀ါသည် စစ်ကိုင်းတောင်ကဲ့သို့ လေးဘက်ထောက်ပြီး၊ အလွန်နှေးကွေးစွာ တွားလျက် လမ်းလျှောက်နေသည့် အတွက် Messenger ဂျာနယ်သို့ တစ်နှစ်တိတိ အကြာတွင်မှ ယခုကဲ့သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Messenger ဂျာနယ်တွင် ဖတ်ရန် (မိုးမခမှာ တင်ထားတာပါ)

2 comments:

  1. ဂျာနယ်လစ်January 14, 2011 at 8:49 AM

    ဟုတ်တယ်ဗျ ... မြန်မာဂျာနယ်တွေတော့ ဒီလိုလုပ်တာ အကျင့်လို ဖြစ်နေကြတယ်... ဖြစ်ရပ်တစ်ခုကို ရက်စွဲမတပ် အချိန်မတပ်ဘဲ မနေ့တနေ့ကဘဲ ဖြစ်သလိုလို လုပ်ပြီး သတင်းထဲထည့်တာမျိုးလေ.. .
    ဟိုတလောကတောင် .. ပြည်သူ့ချင်ပတ် ဆောင်ပါးရေးသမားတစ်ယောက်က ချင်ပတ် ဂျာနယ် တစ်စောင်ကို ရေးတာစာတွေ အွန်လိုင်းမှာ ပြန့်နေပါရော့လား . မသိရင် မနေ့ကဘဲ ပို့တဲ့စာလိုလို ဒီနေ့ ညနေကဘဲ ပို့တဲ့လိုလိုနဲ့ .... လားးးလားးး
    ပြန်ကြည့်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စာတွေဘဲ ... တော်တော်နောက်ကြတယ် ... BSN ကတော့ မိုက်ပါတယ် .. ကို့လိုင်းနဲ့ ကိုဘဲ ...

    ReplyDelete
  2. မြန်မာ ဂျာနယ်တွေအနေနဲ့ မြေလွှာပြတ်ရွေ့မှု ဖြစ်စဉ်သဘောကို နားမလည်ပဲ သတင်းရေးတာမျိုး မလုပ်သင့်ပါ။ စာဖတ်သူတွေကို နားလည်မှုလွဲစေတဲ့ msg အမှားတွေ ရောက်သွားနိုင်ပါတယ်။ အသေချာလေ့လာပြီးမှ၊ ကိုယ်တိုင်နားလည်မှ ရေးသင့်ပါတယ်။ ဟိုတလောက အလဲဗင်းမှာပါတဲ့ ရေထဲက ကျောက်ဆောင်ကြီးထွက်လာတဲ့ သတင်းမျိုးကလဲ junk news တစ်ပုဒ်ပါဘဲ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။