Monday, January 10, 2011

ရုပ်ဆိုးသူများ မြန်မာစစ်တပ်တွင်စစ်မှုမထမ်းရ

ဒီဇင်ဘာ ၁၇ ရက်နေ့က လျှို့ဝှက် အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီး မကြာမီကျင်းပမယ့် လွှတ်တော်မှာ အတည်ပြုမယ့် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ရုပ်ဆိုးသူများ စစ်မှုထမ်းခွင့် မရှိလို့ ပြဌာန်းထားတာ တွေ့ရပါတယ်။


"ရုပ်ရည် ချွတ်ယွင်းတဲ့ သူတွေ စစ်မှု မထမ်းရဘူးဆိုတော့၊ ရုပ်ချော ရုပ်လှသူတွေ မဖြစ်မနေ စစ်မှု ထမ်းရမယ့် အခြေအနေမျိုးထင်ပါတယ်။ ဒီတော့ ကျွန်တော် မျက်ခုံးလှုပ်နေတယ်" လို့ ရုပ်ရည် ချောမောတဲ့ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင် တစ်ဦးက ပြောပါတယ်။ ဒီဥပဒေအရ ဆိုရင် အသက် ၃၅ နှစ်အောက် ရုပ်ချောသူ ရုပ်ရှင်မင်းသမီးများကို ဦးစားပေးပြီး စစ်မှုထမ်းခိုင်းမှာ သေချာနေတယ်လို့လဲ အဲဒီ ရုပ်ရှင် သရုပ်ဆောင်က ဆက်ပြောပါတယ်။

ဥပဒေမှာ နောက်ထပ် ပြဌာန်းထားတဲ့ စိတ်ဝင်စားဖွယ် အချက်တစ်ခုကတော့ ကိုယ်လက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူ တွေပဲ စစ်မှုထမ်းကြရမယ် ဆိုတဲ့ အချက်တစ်ခုပါ။

ကိုယ်လက် အင်္ဂါ ချို့ယွင်းမှု မရှိသူတွေကလွဲလို့ ကျန်တဲ့သူတွေ အားလုံး စစ်မှုထမ်းကြရမယ်ဆိုတဲ့ ဒီဥပဒေအရ ဆိုရင် ကိုယ်လက် ချို့ယွင်းမှု ရှိသူတွေပဲ မြန်မာ့တပ်မတော်ထဲမှာ စစ်မှုထမ်းကြရမယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။


ဒါကြောင့်မို့လို့ အခုပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ ခြေကျိုး၊ လက်ကျိုး၊ မျက်မမြင်၊ ဆွံ့အ နားမကြားသူတွေ အနေနဲ့ မြန်မာ့တပ်မတော်မှာ မဖြစ်မနေ စစ်မှုထမ်းကြရမှာ ဖြစ်တယ်လို့ သိရပြီး မြန်မာ စစ်တပ်ဟာ ကမ္ဘာ့ပထမဆုံး နဲ့ အထူးခြား အဆန်းကြယ်ဆုံး တပ်မတော်တစ်ခု ဖြစ်လာတော့မှာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြီးတော့ ဒီဥပဒေကို ဖော်ပြတဲ့ သတင်းတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူတွေ၊
စိတ်ဝေဒနာရှင်တွေ စစ်မှုမထမ်းရဘူး ဆိုတဲ့အချက်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်များနဲ့ ရာထူးကြီးသူများဟာ စိတ္တဇဝေဒနာ ခံစားနေရသူများ ဖြစ်တဲ့အတွက် ဒီအချက်ကို ထည့်သွင်းမထားတာ ဖြစ်နိုင်တယ်လို့လဲ မြန်မာ့ စစ်ရေး အကဲခတ်များက သုံးသပ်ပြောဆိုကြပါတယ်။

4 comments:

  1. ဒိသတင်းရေးသားသူမှာလည်း အခန်းပေါင်းများစွာလွတ်နေတဲ့ အရူးတစ်ယောက်ဖြစ်မည်ဆိုတာကိုလည်း ကျွန်ုပ်အနေနဲ့ သုံးသပ်မိပါတယ်...တံတားလေးကို ပို့သင့်ပြီလို့လည်း အကြံပြုလိုက်ရပါတယ်

    ReplyDelete
  2. တော်ပါသေးရဲ့..အသက်ကြီးသွားလို့..
    ငယ်ငယ်ကလို ရုပ်ချော သဘောကောင်းဆိုရင်တော့..တိုက်ကြက်...အဲလေ..တပ်ကြပ်လောက်တော့ သေချာပြီ

    ReplyDelete
  3. "ကိုယ်လက် အင်္ဂါ ချို့ယွင်းမှု မရှိသူတွေကလွဲလို့ ကျန်တဲ့သူတွေ အားလုံး စစ်မှုထမ်းကြရမယ်" အဲဒါကြီး မှားရေးတာတော့ လွန်လွန်းတယ်.. မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာသဒ္ဒါမှ ကောင်းကောင်းမပိုင်ရင် သတင်းထောက်လုပ်စားဖို့တောင် မကောင်းဝူး.. :(

    ReplyDelete
  4. တခုတ်တရ reply ပြန်ပေးလို့ ကျေးဇူးတင်ရပါ၏
    တစ်နေ့ ထက်တစ်နေ့ တိုး၍ အောင်မြင်ပါစေ

    ကျုပ်တို့ လည်းစစ်မှူထမ်းဖို့ အထက်ကိုပြောကြည့်တော့
    " သူတို့ပေါတိုင်းလိုက်မပေါနဲ့" ဆိုပြီး အဟောက်ခံလိုက်ရတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။