Tuesday, January 11, 2011

စကား ပြောတတ်သည့် မိုင်းဗုံး မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီ

ကချင် လက်နက်ကိုင်အဖွဲ့  KIA က ကမ္ဘာကျော်မည့် တီထွင်မှုတခု ပြုလုပ်ထားကြောင်း ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် တွေ့ ရသည်။


ထိုတီထွင်မှုမှာ လူသံ ထွက်သည့် မိုင်းဗုံး ဖြစ်ကြောင်း၊ မိုင်းကွဲချိန်တွင် “၀ုန်း” “ဒိုင်း” ဟု အသံမထွက်ဘဲ “ကေအိုင်အေ!” ဟု အသံထွက်ကြောင်း သိရသည်။

ထိုတီထွင်မှုနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော် အရာရှိတဦးက “ဟုတ်ပါတယ်။ ၀ိုင်းမော်မြို့မှာ အဲဒီမိုင်း ကွဲတာပါ။ လူတယောက်ပေါ့နော်၊ သူ  မိုင်း နင်းမိတယ်ပေါ့နော်။ ပုံမှန်အတိုင်းဆို ဘယ်သူထောင်တဲ့ မိုင်းလည်း မသိရဘူးပေါ့နော်။ ဒါပေမယ့် ဒီမိုင်း ကွဲချိန်မှာ ကေအိုင်အေ! ဆိုပြီး အကျယ်ကြီး မြည်သွားတယ် တဲ့။ နော် - အဲဒါကြောင့် ဒီမိုင်းထောင်တာ ဘယ်သူလဲ ဆိုတာ သိရတာပါ” ဟု ရှင်းပြသည်။

ထို ရှာဖွေတွေ့ ရှိချက်ကို နိုင်ငံတော်သို့  တင်ပြခဲ့ပြီးနောက် ယနေ့ ထုတ် သတင်းစာတွင် ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။

အလားတူ ယခုလ ၈ ရက်နေ့ ကလည်း ကရင်ပြည်နယ် ဖာပွန်မြို့ အတွင်း လူသံ ထွက်သည့် မိုင်းဗုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ထိုသတင်းကို ၉ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ နိုင်သည်။


ထိုမိုင်းဗုံးမှာ KNU ကရင်လက်နက်ကိုင်အဖွဲ့ က တီထွင်ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိထံမှ သိရသည်။

“KNU ကလည်း လူအော်သံဗုံး ထွင်ထားတယ်လို့  ကျနော်တို့  သတင်း အတိအကျရထားတာ တွေက ခိုင်မာနေပါတယ်။ ၈ ရက်နေ့ကပေါ့နော် ဖာပွန်မြို့ မှာ မိုင်းဗုံး ကွဲတယ်။ ဗုံးက KNU လို့  တကယ့်ကို အသံ အကျယ်ကြီးကို အသံမြည်ပြီး ကွဲတော့ KNU လက်ချက် ဆိုတာ သိရတာပေါ့နော်” ဟု သူက မြန်မာတိုင်းရင်းသားတို့ ၏ တီထွင်မှုကို ဂုဏ်ယူသည့် လေသံဖြင့် ပြောပြသည်။

တီထွင်မှုကြောင့် ချီးကျူးနိုင်သော်လည်း KNU တို့ ၏ လက်ရာကို အားမရကြောင်း၊ လူမသေဘဲ ဒဏ်ရာသာ ရရှိကြောင်း၊ ဆက်လက် ကြိုးစားရန် လိုသေးကြောင်း ဖြည့်စွက် ပြောကြားသည်။

“တပ်မတော်” ဟု အသံထွက်သည့်ဗုံး မထွင်နိုင်သေးသဖြင့် စိတ်အားငယ်ရကြောင်းလည်း သူက ၀န်ခံ သွားသည်။

“ကျနော်တို့ တပ်မတော်က ထောင်တဲ့ဗုံး လူတွေ နင်းမိတယ် ဆိုတဲ့အကြောင်း သတင်းစာမှာ ရေးတာကို ဖတ်ချင်တယ်ဗျာ။ တခါလာလည်း KNU ဗုံး၊ တခါလာလည်း KIA ဗုံး ဆိုတော့ ကျနော် ရှက်လာတယ် ပေါ့နော်” ဟု သူက ရှက်စနိုး ပြောပြသည်။

(ဇာနည်ဝင်း ပေးပို့သည်)

7 comments:

  1. ကောင်းလိုက်တဲ့ ဟာသ ထိရောက်ပါပေတယ်။

    ReplyDelete
  2. ဒီသတင်းကိုတော့ မနည်းလိုက်ရတယ်.. နည်းနည်းမြင့်သွားပြီ.. :D
    ဆက်စပ်ပြီး နားလည်သွားပေမယ့် တခြားသတင်းတွေလို တန်းပြီးတော့ သဘောမပေါက်ဖူးဗျ..
    ကျွန်တော့် အမြင်ပြောရရင် စာရေးသူပြောချင်တာက "ဘာသက်သေမှ မရှိပဲ အစိုးရက ဘလိုင်းကြီး စွပ်စွဲတယ်" ဆိုတာ ထင်တယ်..
    အဲလိုဆိုရင်တော့ ခေါင်းစဉ်နဲ့ နည်းနည်း hint ပေးသင့်တယ်..
    ဥပမာဗျာ.. "မိုင်းဗုံးက ဗုံးထောင်သူနာမည်ကို အသံထွက်ပြီး ပေါက်ကွဲမှုကြောင့် မြန်မာ အစိုးရမှ တရားခံကို ချက်ချင်းကြေငြာနိုင်ခဲ့" ဆိုတာမျိုးပေါ့..
    ကျွန်တော့် personal view ပါ.. :)

    ReplyDelete
  3. ကြိုက်လွန်းလို့ ပြန်shareလိုက်ပြီဗျို့

    ReplyDelete
  4. ရှင်းရှင်းလေးရေးထားပေမဲ့ ၂ ခါ ဖတ်ပြီးမှ သဘောပေါက်ပါတယ် ---
    ၃ ခါမြောက် ဖတ်အပြီးမှာတော့ ရယ်မိ ပြုံးမိ ပါတယ်----

    ReplyDelete
  5. ဒါလေးတောင်နားမလည်ဘူး လား တော်တော်တုံးတာဘဲ ဒဲ.ရေးရင်ဘယ်လိုလုပ်ဒီလောက်ရသမြောက်ပါ့မလဲ ဪဒုပ်ခ

    ReplyDelete
  6. မိုက်တယ်ဗျာ ဗမာလူမျိုးတွေကနားပါးတာလည်းပါတာပေါ့ ကွဲတာနဲ.သိတာပဲ

    ReplyDelete
  7. ရယ်ရတယ်ဗျာ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။