Sunday, January 30, 2011

နေတိုး အကယ်ဒမီရတဲ့အတွက် လူတွေကို အသက် ကယ်နိုင်ပြီ

ရန်ကုန်မှာ ကားတစီးက လူစည်ကားတဲ့ ဆိုင်ကြီးတခုကို ၀င်တိုက်ချိန်မှာ အကယ်ဒမီဆု ရထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ မင်းသား နေတိုးက ကယ်တင်တဲ့အတွက် လူတွေ အသက်ချမ်းသာရာ ရသွားတယ်လို့ ဇန်န၀ါရီ ၃၁ နေ့စွဲနဲ့ ထုတ်ဝေပြီး၊ မနေ့က ဖြန့်ချီတဲ့ နောက်ဆုံးထုတ် The Voice ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။

အကယ်ဒမီဆု လို့  ခေါ်ကြတဲ့ နတ်သမီးကြယ်ကိုင်ဆုဟာ "တန်ခိုးကြီးတယ်" "အရမ်းအစွမ်းထက်တယ်"လို့  အများသူငါက ယုံကြည်နေကြပါတယ်။ နေတိုးက ဘယ်လို ကယ်တင်လိုက်သလဲ ဆိုတာကိုတော့ အမျိုးမျိုးပြောနေကြပါတယ်။
"စူပါမင်းလို ကယ်သွားတယ်။ နေတိုးက ၀တ်ရုံ အကြီးကြီးနဲ့  မိုးပေါ်က ဆင်းလာတယ်" လို့  မျက်မမြင်တဦးက ပြောပြတယ်။



(Photo: MyanmarCelebrity & Madmen)

"စူပါမင်း မဟုတ်ဝူး၊ စပိုင်ဒါမင်းဘာခည" လို့  ကလေးတယောက်က ပြောတယ်။ "လူတွေကို တဖက် ၅ ယောက်စီ လက်နဲ့  ပွေ့ ပြီး တိုက်ခေါင်မိုးပေါ် တက်သွားတာ တားတား မြင်လိုက်တယ်။ ဒါကြောင့် လူတွေ နဲ့  ကားနဲ့  မတိုက်မိဘူးခင်ည"


(News mentioned in the Voice)

နေတိုး ကယ်တယ် ဆိုတာကို နိုင်ငံရေးသမား တယောက်က သံသယ ရှိတယ်လို့ ဆိုပါတယ်။

"နေတိုး (NATO) ဆိုတာ အနောက်နိုင်ငံတွေ ပေါင်းထားတဲ့ စစ်တပ် တပ်ပေါင်းစု။ ပြီးတော့ စစ်ရေးစစ်ရာတွေမှာပဲ ဒီတပ်ပေါင်းစုက ၀င်ရှုပ်တတ်တယ်။ ဒီယာဉ်တိုက်မှုမှာ သေနတ်သံ ထွက်တယ်လို့  မကြားမိပါဘူး။ ဒါကြောင့် နေတိုး ကယ်တင်တယ် ဆိုတာ မယုံဘူး" လို့  သူက ပြောတယ်။

"နေတိုးက ၀င် တိုက်မယ့်တိုက် နေပြည်တော်ကို တိုက်မှာပေါ့ဗျာ" လို့  သူက အသေအချာ ထပ်ပြောပါတယ်။


(Photo: the Voice)

"ဒီသတင်းကို မနေ့ က ရန်ကုန်မှာ ဖြန့် တဲ့ ဂျာနယ်တစောင်မှာ ရေးထားတယ်။ ပုံလည်း ပါတယ်။
ကားကြီး ဆိုင်ထဲ ၀င်နေတဲ့ပုံ။ ဒါကို ဂျာနယ်မှာ သတင်းရေးတယ်။ ဒါပေမယ့် သတင်းထောက်က မသေချာဘူး။ ဒါဟာ ယာဉ်တိုက်မှုမှ ဟုတ်ရဲ့ လားပေါ့လေ...။ မသေချာတဲ့အကြောင်းကို ၂ နေရာမှာ
တွေ့ ရတယ်" လို့ ဂျာနယ်ဖတ် ပရိသတ်တဦးက ပြောပြပါတယ်။ (ဂျာနယ်မှာ အရောင် ခြယ်ပေးထားပါတယ်။)

ယာဉ်တိုက်မှု ဖြစ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ယာဉ်မောင်းသူကိုယ်တိုင်သာ သိနိုင်မယ်လို့  ယူဆသူများလည်း ရှိပါတယ်။
"ယာဉ်တိုက်ခံရသူလည်း သိချင်မှ သိနိုင်မယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့  မည်သို့  ဖြစ်သွားသည် မသိ လို့ ပဲ ပြောကြလိမ့်မယ်။ ဒါကြောင့် ယာဉ်တိုက်မှု သတင်း ရေးသူတွေဟာ ကိုယ်တိုင် ယာဉ်မောင်းသင့်တယ်။ ဒါမှ တိုက်တဲ့အခါ သတင်းကို အတိအကျ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်မယ်" လို့  ၀ါရင့် သတင်းစာဆရာတဦးက သုံးသပ်သွားပါတယ်။

(လက်တို့သူ- ဇာနည်ဝင်း)

3 comments:

  1. သြော်.. ဒါဆို သတင်းဖတ်ဖို့ စိတ်မ၀င်စားတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရမှာပေါ့..

    ReplyDelete
  2. ပြည်သူများ အသက်ဘေးမှ လွတ်မြောက်ရခြင်းမှာ နိုင်ငံတော်၏ စေတနာကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စေတနာကြီးစွာဖြင့် လူမဖတ်သော သတင်းများကို သတင်းစာထဲတွင် ရေးသားသဖြင့်၊ ဂျာနယ်ရောင်းသူများက သတင်းစာရောက်သည်အထိ မစောင့်ဘဲ ထိုနေရာမှ ဆောလျင်စွာ ထွက်ခွာသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ နေတိုးသတင်းကို ဖော်ပြသည့် ဂျာနယ်များအား ရောင်းချရန် စောစီးစွာ ထွက်ခွာသွားသည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကားတိုက်မခံရဘဲ အသက်ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ ဤသည်မှာ နိုင်ငံတော်၏ စေတနာပင်ဖြစ်ကြောင်း၊ (တစ်အချက်။) လူမဖတ်သော သတင်းများကို ဖော်ပြသည့် သတင်းစာ ထုတ်ဝေသော နိုင်ငံတော်ကို ကျေးဇူးတင်ကြရမည်ဖြစ်ကြောင်း၊ (နှစ်အချက်) နေတိုးအား အကယ်ဒမီဆုပေးသည့် နိုင်ငံတော်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း၊ (ခြုံငုံသုံးသပ်လျှင်) နိုင်ငံတော်၏ စေတနာကြောင့် လူအများ အသက်ချမ်းသာရာ ရခြင်းဖြစ်ကြောင်း- ပြန်ကြားရေးဌာန ၀န်ကြီးပု ကျော်ဆန်းက ပြောကြားသွားသည်။

    ReplyDelete
  3. ကွန်ဆူးမားFebruary 20, 2011 at 7:13 PM

    နေတိုးဆိုတာ NATO (Not Action Talk Only) ဘာမှမလုပ်ဘဲ စကားဘဲများနေတဲ့ကောင်တွေမဟုတ်လားဗျာ...........

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။