Wednesday, February 16, 2011

သူများနှာခေါင်း အငှားတောင်း MAI လေကြောင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)ဟာ လက်ရှိမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ ဗုဒ္ဓဂယာတို့ကို ပျံသန်းပြေးဆွဲနေတယ်။ မကြာခင်မှာ ရန်ကုန်ကနေ ကမ္ဘောဒီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နတို့ကို တိုးချဲ့ပြေးဆွဲတော့မယ်လို့ ကြွေးကြော်တယ် (Read Here)။ အခုဆိုရင် လေယာဉ် လေးစင်း ရှိနေပြီ။ ငါးစီးမြောက် လေယာဉ် လာတော့မယ် လို့လဲ ဆိုတယ်။ ဒီလို ကြီးပွားလာနေတဲ့ MAI လေကြောင်း အကြောင်းကို တစေ့တစောင်း အကဲခတ် ကြည့်ကြရအောင်ပါ။

MAI မှာ အထက်ပါ လေယာဉ် အမျိုးအစား ဖြစ်တဲ့ Airbus A320-231 သုံးစီး ရှိတယ်။ လေယာဉ်နံပါတ်တွေက XY-AGG, XY-AGI နဲ့ XY-AGL တွေပါ။ ပထမ နှစ်စီးက Adria Airways လေကြောင်းမှာ သုံးပြီးသား လေယာဉ် အဟောင်းတွေ ဖြစ်သလို၊ တတိယမြောက် လေယာဉ်ကလဲ Cyprus Airways မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်ပါတယ်။ MAI မှာ နောက်ထပ် သုံးစွဲနေတဲ့ လေယာဉ် အမျိုးအစား နောက်တမျိုး ကတော့ Airbus A321-111 ပါ။ သူက လေယာဉ်အမှတ် F-GYAO ဖြစ်ပြီး Swiss Air နဲ့ Air Méditerranée တို့မှာ အသုံးပြုခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ (Photo: M Radzi Desa)

MAI ဟာ စစချင်းမှာ ဘရူနိုင်း လေကြောင်းနဲ့ မလေးရှားလေကြောင်းက လေယာဉ်တွေနဲ့ သူများ နှာခေါင်း အငှားတောင်းကာ စတင် ပျံသန်းခဲ့ပါတယ်။ အဲဒီတုန်းက လေယာဉ်တွေဟာ သေသပ်လှပတဲ့ ရုပ်ဆင်း အင်္ဂါတွေ ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ အသေအချာကြည့်ရင် လေယာဉ် အမြီးနဲ့ အင်ဂျင်တွေကိုပဲ MAI အမှတ်တံဆိပ် ဆေးရောင်ခြယ်ထားတာ ဖြစ်ပါတယ်။ ဒီလေယာဉ်ကတော့ MAI မှာ ပထမဦးဆုံး လေယာဉ် အဖြစ် အသုံးပြုခဲ့တဲ့ Royal Brunei Airlines က Boeing 757-2M6 လေယာဉ်ဖြစ်ပါတယ်။ (Photo: Mika B Virolainen)

သိပ်မကြာပါဘူး၊ MAI ဟာ သူ့ရဲ့ လေယာဉ်တွေကို ရုတ်တရက် ကာလာ ပြောင်းလဲလိုက်ပါတယ်။ ဘာကြောင့် အဲသလို လေယာဉ် အရောင် ပြောင်းရပါသလဲ? (Photo: Jialian Gao)

လေ့လာကြည့်တဲ့အခါ လေယာဉ် အရောင်ပြောင်းတာမဟုတ်ဘဲ မူလ လေကြောင်းရဲ့ ကာလာအတိုင်း သုံးစွဲတာ ဖြစ်ကြောင်း အထက်ပါ ဓာတ်ပုံမှာ တွေ့ရပါတယ်။ မွဲတေလှတဲ့ မြန်မာ လေကြောင်းဟာ MAI ဆိုတဲ့ စာလုံး သုံးလုံးနဲ့ အမြီးကိုသာ ဆေးခြယ်ခဲ့တာပါ။ ပြီးတော့ PEGASUS ဆိုတဲ့ စာလုံးကို အပေါ်က အဖြူရောင်ခြယ်ပြီး ဖုံးဖိခဲ့ပါတယ်။ Boeing 737-82R အမျိုးအစားပါ။ (Photo: Reinhart Losch)

ဒီဓာတ်ပုံမှာတော့ သူများနှာခေါင်း အငှားတောင်းပြီး၊ သူတပါး လေကြောင်းလိုင်း အမှတ်သင်္ကေတ နဲ့ အရှက်မရှိ ပျံသန်းနေတဲ့ MAI ကို တွေ့ရမှာ ဖြစ်ပါတယ်။ Boeing 737-82R အမျိုးအစား လေယာဉ် ဖြစ်ပါတယ်။ (Photo: Beiley)

သူများ နှာခေါင်း အငှားတောင်း MAI လေကြောင်းဟာ Fokker 100 လေယာဉ်ရဲ့ Air Bagan အမှတ်အသား ကိုတောင် MAI တံဆိပ်ပြောင်းပြီး ဆေးမသုတ် နိုင်လောက်အောင် မွဲတေသွားပါတယ်။ အဲဒီ လေယာဉ်ဟာလဲ Air Littoral မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်းကြီးပါ။ (Photo: M Radzi Desa)

Orient Thai Airlines တံဆိပ်အတိုင်း ပြေးဆွဲနေတဲ့ MAI ရဲ့ MD 82 (DC-9-82) လေယာဉ် အဟောင်းကြီး ဖြစ်ပါတယ်။ ထိုင်းစာလုံးတွေတောင် ပါလိုက်သေး။ (Photo: Chaity)

Pacific Air လေကြောင်း သင်္ကေတကို ဆေးပြောင်း မသုတ်နိုင်လောက်အောင် မွဲတေတဲ့ MAI ရဲ့ နောက်ထပ် MD 82 လေယာဉ် (Photo: Stéphane Mutzenberg)

MAI လေယာဉ်ရဲ့ အဆိုးရွားဆုံး အခြေအနေ ဖြစ်ပါတယ်။ ဆေးရောင် ကျွတ်နေတာကိုတောင် ကောင်းကောင်း ဆေးမသုတ်နိုင်တော့ပါ။ လူသူ မသုံးတော့တဲ့ MD 82 အမျိုးအစားပါ။ (Photo: Andrew Hunt)

လေယာဉ် အမြီးက တော်တော် ရွဲနေတာ တွေ့ရတယ်။ Continental, Lionair လေကြောင်း တွေမှာ ဖွတ်ဖွတ်ကြေအောင် သုံးခဲ့တဲ့ အဲဒီ လေယာဉ်ဟောင်းကြီးရဲ့ မူလ လေကြောင်း သင်္ကေတ အမှတ်အသား တွေရဲ့ ဘေးမှာ MAI တံဆိပ်ကို ဆေးခြယ်ထားတာ တွေ့ရပါတယ်။ (Photo: Calixius Casper Koh)

ဒါတွေကတော့ သူများနှာခေါင်း အငှားတောင်းပြီးတော့ သူတပါး လေယာဉ် အဟောင်းတွေနဲ့ ပျံသန်း ပြေးဆွဲခဲ့ပြီး၊ ပြေးဆွဲဆဲ.. ပြေးဆွဲ လတ္တံ့သော MAI လေယာဉ်များ အကြောင်းဖြစ်ပါတယ်။ MAI ဟာ ယခုအခါမှာလဲ သူတပါး ဖွတ်ဖွတ်ကြေအောင် သုံးစွဲပြီးဖြစ်တဲ့ လေယာဉ် အဟောင်းများကို ဆေးရောင်လှလှ ခြယ်ကာ၊ လေယာဉ် အသစ်ယောင်ဆောင်ပြီးတော့ ခရီးစဉ်တွေ တိုးချဲ့မယ်လို့ ကြွေးကြော်နေခြင်းသာ ဖြစ်ပါကြောင်း။

11 comments:

  1. အင်းးးးးးးးးး ဘယ်ကရတဲ့ သတင်းမှန်‌တွေလဲကွဲ့ ။‌လေဆိပ် က ပြဲဖစ်ရမယ်။

    ReplyDelete
  2. scary? hmm I am going back home in april. hope nothing happens.

    ReplyDelete
  3. မြန်မာပိုင်လေကြောင်းရှိတာက မရှိတာထက်စာရင် ကောင်းတာပေါ့ ..... ကိုယ့်မှာမှ " ၀ "မရှိပဲလေ ....
    တခြားလေကြောင်းရဲ့  အမှတ်တံဆိပ်သုံးခြင်း မသုံခြင်းထက် ဘေးကင်းဖို့ပဲလိုပါတယ် ....
    မြန်မာပိုင်လေကြောင်းဖြစ်တဲ့အတွက် ... ကိုယ့်နိုင်ငံက အနည်းနဲ့ အများတော့ အကျိုးခံစားရမှာပဲလေ .... မြန်မာဆို ရင် အထင်သေးတာ ဒီလို media တွေကြောင့်လဲပါမယ် တူပါတယ်....
    လွပ်လပ်စွာ ဆွေးနွေးကြည့် တာပါ။

    ReplyDelete
  4. မြန်မာပိုင် လေကြောင်း ရှိတာကောင်းသထက်ကောင်းပေါ့ဗျာ... အရှေ့တောင်အာရှလေကြောင်းတွေထဲက ပထမဆုံးလေကြောင်းတခုဖြစ်တဲ့ မြန်မာလေကြောင်းလိုင်း၇ဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားကို အကောင်းမြင်ပီး သာဓု ခေါ်လိုပါက လွတ်လပ်စွာ သာဓုခေါ်ပါလေ.....
    ဒါပေမဲ့ အိမ်နီးချင်းလေကြောင်းတွေနဲ့တော့ နှိုင်းယှဉ်သင့်ပါတယ်။ စင်ကာပူလေကြောင်း (လေယာဉ် ၁၁၀ စီး)၊ ထိုင်းလေကြောင်း (လေယာဉ် အစီး ၉၀)ကို ထားလိုက်ပါတော့၊ မြန်မာထက်နောက်ကျမှ စီးပွားေ၇းပြုပြင်ပြောင်းလဲတဲ့ ဗီယက်နမ် လေကြောင်းမှာတောင် လေယာဉ် ၆၆ စီး ရှိနေပါပြီ။ စုတ်ပြတ်တဲ့ ဘင်္ဂလားဒေ့ရှ်လေကြောင်းမှာတောင် လေယာဉ် ၉ စီး ရှိသဗျ.... ဒီတော့ MAI ၇ဲ့ မကြာသေးမီကာလများက လေယာဉ် တစီးမှ ကိုယ်ပိုင်မရှိ၊ လေယာဉ်ကို ဆေးတောင် ကောင်းကောင်း မသုတ်နိုင်တဲ့ဘ၀ကို သာဓုခေါ်လိုက ခေါ်ပါလေ.....ဂုဏ်ယူလိုက ဂုဏ်ယူပါလေ....
    တကယ်ဖြစ်သင့်တာက..မကြာသေးမီက. MIG29 လေယာဉ်အစီး ၂၀ ထပ်ဝယ်တာ...တရုတ်တိုက်လေယာဉ် အစီး ၅၀ ထပ်ဝယ်တာတွေ လုပ်မဲ့အစား.. http://www.irrawaddy.org/article.php?art_id=18726 ခရီးသည်တင်လေယာဉ်တွေဝယ်ယူ၇င်တိုင်းပြည်အတွက် ၀မ်းသာစရာပေါ့ဗျာ...
    အခုတော့ တိုက်လေယာဉ်တွေပဲဝယ်ယူပြီး ခရီးသည်တင်လေယာဉ်တွေကိုတော့ အသစ်ဝယ်ဖို့ဝေးစွ ဆေးကောင်းကောင်း မသုတ်ဘဲ ပြေးဆွဲတာတွေက (ဂုဏ်ယူတတ်၇င် ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်)
    ဘေးကင်းမကင်းဆိုတာက.. ဆေးေ၇ာင်ကျွတ်လေယာဉ်နဲ့ပျံတုန်းက ဘေးကင်းကြောင်း ဘယ်အာမခံ ကုမ္ပဏီကမှ အာမ-မခံဘူးဆိုပြီးတော့ စင်ကာပူလေဆိပ်က လေယာဉ်ဆင်းသက်ခွင့်မပြုခဲ့ကြောင်းပါခင်ဗျား

    ReplyDelete
  5. ကမ္ဘာ မီးလောင် သားတောင်ချနင်းတဲ့.. သင်ကိုယ်တိုင်ကော လာဘ် မပေး မယူ နေဘူးလား...ဒါကိုပဲ အရင်ပြင်ကြည့်ပါဦး..တစ်ယောက် တစ်ပေါက်နဲ့ ဒီလိုပြောနေကြတာ.. ကိုယ်ကိုတိုင်ကရော ပြုပြင်ပြောင်းလဲရေး အတွက် ဘာလုပ်ပေးဘူးလဲ.. ဘာလုပ်နေလဲ.. ဘာလုပ်မှာလဲ.. ထောက်ပြတာ ကောင်းပါတယ်.. ရှေ့တင် ဒဲ့ပြောရဲသလား...
    မီဒီယာတွေ သတင်းအချက်အလက် ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တင်ဆက်ပုံ လိမ္မာပါးနပ်ဖို့တော့ လိုမယ်။ အပြင်ထွက်လိုက်ရင် သိသာတယ်။ "ဗမာလား။ သိတယ်လေ။" သူတို့သိတယ်ဆိုတာ အဆိုးတွေချည်းပဲ။ နှာခေါင်းရှုံ မျက်နှာ လွှဲပြီးသား။
    ထိုင်းနိုင်ငံအကြောင်း ပြောနေတာ... သင်ကိုယ်တိုင်ရော သူတို့လို တိုင်းပြည်အတွက် အနစ်နာခံနိုင်လို့လား...
    လူတိုင်း ကိုယ့်ဘဝရဲ့ တစ်စိတ် တစ်ဒေသကို ကိုယ့်လူမျိုးအတွက် နှစ်မြှုပ် နိုင်ခဲ့ရင်ပေါ့...တစ်နေ့ ကျရင်...........

    ReplyDelete
  6. @February 16, 2011 8:15 PM
    မြန်မာဆို၇င် အထင်သေးခံ၇တာ ဘာကြောင့်မှန်းခုထိ မသိသေးတဲ့အူကြောင်ကြောင်ငနဲကိုး။ သနားစ၇ာ...
    တိုင်းပြည်ကိုစုတ်ပြတ်သတ်အောင်ဘယ်သူတွေလုပ်သွားသလဲ...တိုင်းပြည် GDP per capita က စောက်သုံးမကျတဲ့ ဘင်္ဂလားဒေ့ရှ်ထက် နိမ့်အောင် လုပ်လိုက်တာဘယ်သူတွေလဲ.... ဒီတော့ အထင်သေးခံ၇တော့မပေါ့....ဒါတောင် မစဉ်းစားတတ်လဲ မတတ်နိုင်....

    @February 17, 2011 1:28 AM လေယာဉ်အကြောင်းပြောယင်းစိတ်ဖောက်သွားတယ်နဲ့တူတယ်..အကြောင်းအ၇ာကသိပ်မဆိုင်တော့သလိုပဲ။ဗမာအကြောင်းဘာကြောင့်အဆိုးတွေချည်းပဲ သူတို့သိသလဲဆိုတော့ အဆိုးအသွမ်းတွေအုပ်ချုပ်နေလို့ပဲဆိုတာလူတိုင်းသိတယ်။ အကောင်းတွေအုပ်ချုပ်၇င်တိုင်းပြည်ကောင်းမယ်။တိုင်းပြည်ကောင်း၇င်ဘယ်သူမှနှားခေါင်းရှုံ့မှာမဟုတ်။ရှေ့တင် ဒဲ့ဖား၇ဲသလား... ဒီမှာလာမန့်လို့ ထူးမှာမဟုတ်ဘူး.. ရှေ့တင်ဒဲ့သွားဖား၇င် ဆု၇နိုင်တယ်.....

    ReplyDelete
  7. တင်ဆက်ပုံအလိမ်မာအပါးနပ်ဆုံးသောမီဒီယာများမှာမြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများပင်ဖြစ်ပေကြောင်း..........အဆိုပါသတင်းစာများကိုဖတ်ပြီးနောက်မြန်မာကိုမည်သူမျှအထင်မသေး၇ဲကြတော့ကြောင်း နှာခေါင်းရှုံ့မျက်နှာမလွှဲ၇ဲတော့ကြောင်းသိ၇ပါသည်။သတင်းစာများထဲတွင်မြန်မာပြည်သည်အလွန်အထင်ကြီးစ၇ာကောင်းသောအဖက်ဖက်မှခေတ်မီဖွံ့ဖြိုးတိုးတက်သှ့်နိုင်ငံဖြစ်နေသောကြောင့်ဖြစ်ပါသှ်

    ReplyDelete
  8. ကူးသွားပါတယ် ကော်မန့် တွေရော ဗဟုသုတရပါတယ် ခင်ညာ

    ReplyDelete
  9. ဖွံြ့ဖိုးတိုးတက်ဖို့ ဆိုရင် အဖက်ဖက်က ၀ိုင်းဝန်းကူညီမှ ရပါလိမ့်မယ်။အစိုးရ ရဲ့ အကူအညီလဲလိုအပ်ပါတယ်။National Flag Carrier အ‌နေနဲ့ အစိုးရက ဘာမှကူညီ‌ထောက်ပြံ့ခင်းမရှိထားပါဘူး။သူတို့ နိုင်ငြံခားခရီးစဉ် ရှိရင် အလကား ကတ်တီးမူးလဲ အနိုင်ကျင့်ယူသွားတာ‌လောက်ပဲ သူတို့ လုပ်တတ်ပါတယ်။အပြုသ‌ဘော‌ဆောင်တဲ့အမြင်နဲ့ ‌ပြောချင်ပါတယ်။ခရီးသည်များအ‌နေဖြင့်လဲ မြန်မာပိုင် ဆိုတာနဲ့ မ‌ကောင်းမြင်တဲ့ အခံစိတ်ရှိ‌နေတတ်ပါတယ်။စင်ကာပူပိုင် ပိုးသား‌လေ‌ကြောင်းမှာ အိတ်‌ပျောက်ရင် ဘာသံမှမထွက်‌ပဲခံ‌နေ‌ပေမဲ့ အမ်‌အေအိုင်မှာ အိတ် ကျန်ခဲ့တာ ဆိုရင်‌တော့ ဆဲသံဆိုသံ မိုးသို့ ညံ ပါပဲ။အားလုံး လိုအပ်တာချည်းပါပဲ။သူ့ ဘက် ကိုယ့်ဘက်မျှ ကြည့်တတ်ပါ‌စေ။တို့ တမျိုးသားလုံးတိုးတက်ဖို့ ဆိုတာ ‌နောက်ခံ‌ကောင်းလို ပါတယ်။ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကုန်တိုးတက်ဖို့ လိုပါတယ်။

    ReplyDelete
  10. I sort of don't understand my fellow burmese ppl. We think Politics and nationalism is something we have to devote apart from our daily life. But I don't think we necessarily have to spare a part of our life for our nation sake. I grown up with parents who refused to work as government officials, who refused to do business with military personnels or take any privileges / permit given. In our everyday lives, we can fight for truth, we can choose not to be bent towards the evil. In my personal views, these small actions will drive us nearer to the goal. It is not a small group of ppl protesting on the streets that will claim our rights, but our rights can be in our hands.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။