Monday, February 14, 2011

ပြည်ပထွက်ခွာသူများအဖွဲ့ အခွန်စိစစ်ရေးရုံးနဲ့ တစ်မနက်တာ

(Photo: Hanthawaddy)

မနက် ၉ နာရီလောက်ဆို အစိုးရရုံးတွေ ဖွင့်ချိန်မို့ Taxi ကလေးနဲ့ အပြေးသွားခဲ့ပါတယ်...

အရပ်သားစကားနဲ့ဆို ပုံစံ ၁၉ ရုံးပေါ့....

ရုံးရှေ့ကိုလည်း ရောက်ရော သံပန်းတံခါးပိတ်ထားတဲ့ ရုံးကြီးနဲ့ ရုံးမျက်နှာစာအပြည့် အုံနေတဲ့ လူတွေကို တွေရတော့ သိလိုက်ပါတယ်....ထုံးစံအတိုင်းပဲဆိုတာ....တိုးရ ဝှေ့ရတော့မယ်ဆိုတာပေါ့.....

ဒါပေမဲ့ ဘုမသိ ဘမသိနဲ့တော့ ဒီအတိုင်း တိုးမနေနိုင်တာနဲ့ မေးကြည့်မိပါတယ်..ဘာလို့တိုးနေကြတာလဲပေါ့..အဲဒါနဲ့ တန်းစီတိုးနေတဲ့လူတွေက ဒီနေ့ကစပြီး ရုံးဖွင့်နောက်ကျမှာတဲ့..ပြီးတော့ လူဦးရေ အကန့်အသတ်နဲ့ပဲ အခွန်ကင်းရှင်းကြောင်းစာရွက်တွေ ထုတ်ပေးမတဲ့...မရလို့လည်း မဖြစ်ဘူးလေ..ဒီစာရွက်ပြမှ ချစ်စရာကောင်းတဲ့ အနီရောင်စာအုပ်ရမှာကိုး။ ဒါနဲ့ပဲ တိုးကြလေတော့သတည်းပေါ့...


၁၀ နာရီမှ ရုံးတံခါးဖွင့်မှာ ဆိုတော့ ၁ နာရီလောက်တော့ စောနေသား၊ ဒါပေမဲ့ မရဘူးဆရာရေ့ တိုးနေကြတာမှ ပက်ပက်စက်စက်..တစ်ခုကောင်းတာက မိန်းကလေး သက်သက်၊ ယောက်ကျားလေးသက်သက်မို့။ နို့မို့ဆို မတွေးဝံ့စရာပါပဲ။

နေကလည်းပူတာမှ ခြစ်ခြစ်တောက်၊ တန်းစီတဲ့နေရာကနေလည်း ဘယ်မှ မလှုပ်ရဲ၊ နေရာပျောက်သွားမှာလေ။ ဒါနဲ့ ဖွင့်ပါပြီတဲ့ ၁၀ နာရီ။ ၁၀ ယောက်တစ်ခါတဲ့။ အမလေးလေး တိုးလိုက်တာမှ ပိုက်ဆံအလကားဝေသလားမှတ်ရတယ်၊ တံခါးတစ်ခါဖွင့်ရင် တိုးလိုက်၊ နင်းလိုက်၊ ကြိတ်လိုက်နဲ့ပေါ့။ ကဲရောက်ပါပြီနောက်ဆုံးအထဲကို။ ၀င်တာနဲ့ ဖောင်ဝယ် - ပိုက်ဆံ ၁၀၀၀။ သွား ဟိုနားကို။ ဘာညာဖြည့်။ တိုကင်သွားယူ။ နာမယ်ခေါ်မယ် စောင့်နေ။ မကြားလို့ကတော့ နာပြီမှတ်။

ကဲရော့ ဒီမှာ..ဘဏ်ကိုသွား ပိုက်ဆံသွားသွင်း..ရီတော့ရီရသား..ဘဏ်ဆိုင်းဘုတ်ကို ဖတ်ရတာ..E-bank တဲ့..အဟမ်း..ဘဏ်အတွက် ဖောင်စဖြည့်တာကနေ အဆုံးထိ အီးနဲ့ပတ်သက်ပြီး လုပ်ရတာဆိုလို့ ထိုင်စောင့်ရင်း အီးပေါက်တာလေးပဲ ရှိပ။

ဒါနဲ့ သွားစမ်းဟဲ့ ဟိုအပေါက်ဆိုပြီး သွားလိုက်ကြတာ နောက်ဆုံး လူတွေ စုပုံ စောင့်နေတဲ့ အ၀င်ဂိတ်ကို ပြန်ရောက်..မျက်စိသူငယ်နဲ့ ဘာလဲဟဲ့ဆိုပြီးပြန်စောင့်ပေါ့နော်..ဒါနဲ့ ဥပဓိရုပ်ကောင်းကောင်း အောစ့်ဖစ်ဆာကြီးတစ်ယောက်ထွက်လာပြီး မတိုးကြနဲ့ နာမယ်ခေါ်မဟဲ့လုပ်..ဘာရမလဲ..မြန်မာနိုင်ငံသားပီပီ တိုးလိုက်ကြတာမှ လက်ကုန်၊ အကြောင်းသိတယ်လေ..မတိုးလို့က ဘာမှ မရ။ ထမင်းစားချိန်လည်း ရောက်ပြီ ထမင်းကလည်းမစားရသေး၊ ရေလည်းသွားမသောက်ရဲ ကိုယ့်အလှည့်လွန်သွားမယ်လေ...ဒါနဲ့ပဲစောင့်လိုက်တာ..ဟော ရပါပြီတဲ့ စက္ကူစုတ်သာသာ အခွန်ကင်းရှင်းကြောင်းစာရွက်တဲ့..ပြန်မယ်လုပ်တုန်း..ဟေ့ဟေ့ ဦးစီးမှူးလား ဘာလားဆီမှာ လက်မှတ်သွားထိုးဆိုလို့ အမြန်သွားလိုက်တာမှ ဖတ်ဖတ်မော။ ရုံးချိန်မှာ ရုံးမှာ မရှိတဲ့ လူကြီးရဲ့ စားပွဲပေါ်က စာရွက်ထပ်ကို ကြည့်ပြီး အမယ်လေးနော် ဒီတစ်သက် နိုင်ငံခြားမသွားရလည်း ရှိစေတော့..စိတ်ကို တုံးတုံးချတဲ့ အချိန်မှ ပိုက်ဆံ ၁၀၀၀ ထုတ်ထား လာပြီကွ လက်မှတ်တွေ ဆိုင်္ပြီး တစ်ယောက်ပြီးတစ်ယောက် အော်တိုတွေရလို့ သက်သာရာရ..

ဒါနဲ့ပြီးပြီလားဆိုတော့ မပြီး မိတ္တူဆိုတော့..သွားပါတယ် ရုံးထဲက မိတ္တူဆိုင် ငါးရာတန်ပေးလိုက်တာ ပြန်ကို မရ။ အော် ဒုက္ခ..ဒုက္ခလို့သာ တ ရင်း နောက်တစ်နေ့ အနီရောင်စာအုပ်ရုံးကလေးကို သွားရမဲ့ အရေး ရင်လေးမိသေး။


©Webber

3 comments:

  1. အားလုံးဖတ်ပြီးကြောင်း သတင်းပို့ ပါတယ် ခင်ညာ

    ReplyDelete
  2. အကိုရေ Passport လုပ်မဲ့လူအကုန်လုံးအဲလိုဒုက္ခခံ ခဲ့ကြရတယ်ဗျာ...ဒီစာဖတ်နေရင်း..အရင်အခွန်ကင်းရှင်းကြောင်းလုပ်တုန်းကကျတဲ့ချွေးပေါက်တွေ.ပြန်ကျလာသလိုဘဲဗျာ။

    ReplyDelete
  3. ဒါအစပဲ ရှိသေးတာနော် .... နိုင်ငံခြားထွက်နေရင် သက်တမ်းကုန်သွားတာတို့၊ ပြန်လာရင် အခွန်ဆောင်ဖို့ လုပ်ရတာတို့ လေဆိပ်မှာ လည်စိမညှစ်ရုံတမယ် အရစ်ခံရတာတွေ လာဦးမှာ ... လာဦးမှာ .. အားသာမွေးထား .... ကိုယ်ရှာသမျှတွေက ကိုယ့်အတွက်လို့ ဘယ်တော့မှ မအောက်မေ့နဲ့ သူတို့အတွက်ချည်းပဲဆိုတာ တခေါက်လောက်ပြန်ရင် သဘောပေါက်သွားမှာပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။