Monday, February 28, 2011

အာဇာနည်နေ့ ဆိုသည်မှာ ...

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံမခံရမီ အချိန်ကာလတခု ကပင် ဇူလိုင်လ ၁၉ ရက်ကို "အာဇာနည်နေ့" အဖြစ် သတ်မှတ် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်က ရေးသားဖော်ပြသည်။

(From: Snap Shot)

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့သည် ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သော အဆိုပါ အာဇာနည်နေ့ နှစ်ပတ်လည် နေ့ရက်တွင် တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ကြရသည်ဟု အထက်ပါ ရေးသားချက် အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသောနေ့နှင့် ကံအားလျော်စွာ တိုက်ဆိုင်သွားသော အဆိုပါ ရှိနှင့်ပြီး အာဇာနည်နေ့သည် မည်သည့်အတွက်ကြောင့် ဖြစ်ထွန်းပေါ်ပေါက် လာရကြောင်းကိုမူ ဖော်ပြပါ ဂျာနယ်က ရှင်းလင်းမှု မပြုပေ။

အာဇာနည်နေ့သည် အာဇာနည်ဆိုသူ၏ မွေးနေ့ဖြစ်ပြီး၊ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ကြောင်း မူလတန်း ကျောင်းသားတဦးက ရေခဲမုန့်စားရင်း ရှင်းပြသွားသည်။

@MSZ

အပြည့်အစုံသို့

Sunday, February 27, 2011

ဒေါ်အောင်ဆန်းစုကြည် Facebook သုံးမည်ပြောသဖြင့် မဇကာပေါက် အလွန်ပျော်ရွှင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Facebook သုံးတော့မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
သို့သော် ကိုနတ်ရှင် နှေးသဖြင့် စိတ်ညစ်ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် တင်ထားသည့် Facebook စာမျက်နှာတခု
(From: Facebook)

အိုင်တီ လောကတွင် မြန်မာလူမျိုးများ၏ အောင်မြင်မှုကို အသိအမှတ်ပြုရန်နှင့် မြန်မာစကား ကမ္ဘာသို့ ထိုးဖောက်ခြင်းကို အသိအမှတ်ပြုရန် Twitter ကို အသုံးပြုလိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။ Twitter သည် တွတ်တီးတွတ်တာမှ ဆင်းသက်သော မြန်မာစကားဖြစ်ပြီး တည်ထောင်သူမှာ
မြန်မာ အမျိုးသမီးကြီး ဒေါ်စီ (Jack Dorsey) ဖြစ်သည် (ပြန်ဖတ်ရန်)။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ Facebook ကို စိတ်ဝင်စားမှု မပြသခဲ့သဖြင့် စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရကြောင်း Facebook တည်ထောင်သူ မြန်မာအမျိုးသမီးငယ် မဇကာပေါက် (Mark Zuckerberg) ကပြောသည်။

ထိုအချိန်မှ စ၍ "မြန်မာများအတွက် Facebook" ဆောင်ပုဒ်ကို ချမှတ်ခဲ့ကာ Facebook ဖြင့် မြန်မာ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်ဟု သူမကဆိုသည်။

ယခုအခါ မြန်မာအမျိုးသမီး အနုပညာရှင်ကြီး အမေနန်း (Eminem) ဆိုလျှင် Facebook တွင် Fan အများဆုံး စံချိန်တင်နိုင်ပြီဖြစ်ကြောင်း၊ Facebook မှ တဆင့် မြန်မာ့ဂုဏ် ဆောင်နိုင်ပြီ ဖြစ်ကြောင်း မဇကာပေါက်က မြန်မာပီပီ ဂုဏ်ယူစွာပြောသည်။ (25 Feb. သတင်းဖော်ပြပြီး)

ဒေါ်အောင်ဆန်းစုကြည်က "I would like to have a Twitter account and Facebook" (Click Here) ဟု ပြောစဉ်က တွစ်တာကို
ရှေ့တန်းတင်ပြီး Facebook ကို နောက်မှ ပြောသဖြင့် စိတ်မကောင်း ဖြစ်ရသေးကြောင်း၊ သို့ရာတွင် AFP သတင်းဌာနအား
"I want to have both Facebook and Twitter" (Click Here) ဟု ပြောသည့် အခါ အလွန် ၀မ်းသာပျော်ရွှင်ရကြောင်း၊ သူမ၏ Facebook အား Twitter မတိုင်မီ ပထမနေရာတွင် ဦးစားပေး ဖော်ပြ ပြောဆိုသည့် အတွက် ဖြစ်ကြောင်း မြန်မာ အမျိုးသမီးငယ် မဇကာပေါက် ကဆိုသည်။

Saturday, February 26, 2011

အင်တာနတ် ဆက်သွယ်ရေး မြန်လာမည်ဟုဆို

မြန်မာ-ဗီယက်နမ် ရိုးရာ အိမ်တွင်းနတ်များ (အင်တာနတ်) ကွန်ယက် ချိတ်ဆက်ရန် စတင် စီစဉ်နေပြီး အဆိုပါ အိမ်တွင်းနတ်များသည် အရှေ့တောင်အာရှ နိုင်ငံများကို ဖြတ်၍ ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ ဖျာပုံမြို့နယ်မှ တဆင့် နိုင်ငံတွင်းသို့ ၀င်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရိုးရာနတ် ကွန်ယက် ချိတ်ဆက်မှုများလေ နတ်သတင်းအချက်အလက် ပို့ဆောင်မှု မြန်လေ ဖြစ်လာမည်ဟု ၂၀၁၁ ရန်ကုန် ဘားကမ့်ပွဲ၌ မြန်မာ့ နတ်လောက ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန မှ လက်ထောက် အင်ဂျင်နီယာ ဦးမိတ်ဆွေယခုစိုးက ပြောခဲ့သည်ဟု ဘာကမ့်ပွဲ သို့ တက်ရောက်သူ တဦးက ပြောသည်။

"နိုင်ငံခြားက နတ်တွေ၊ အဲ- ဗီယက်နမ်နတ်တွေ ၀င်လာရင် မြန်မာပြည်က အင်တာနတ် မြန်မယ် မမြန်ဘူးဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။ အခုအချိန်မှာတော့ အင်တာနတ်တွေကို တရုတ်နတ်မင်းကြီးရဲ့ ၀ိဥာဉ်နဲ့ ဆက်သွယ်ထားတယ် လို့ကြားတယ်။


မြန်မာပြည်သူတွေ သုံးစွဲနေတဲ့ အင်တာနတ်တွေကိုတော့ ကိုနတ်ရှင် (connection) ဆိုတဲ့ နတ်ကြီးက အုပ်စိုးထားတယ် ဆိုပဲ။
အဲဒီ ကိုနတ်ရှင် ဆိုတဲ့ နတ်ကြီးကလဲ ကိုကြီးကျော်နဲ့ ဆွေမျိုးတော်တယ်လို့ ပြောသံ ကြားပါတယ်ခင်ဗျ။
သူလဲ ကိုကြီးကျော်လိုပဲ.. တချိန်လုံး အရက်မူးနေတာ တွေ့တယ်ဗျ။ သူမူးနေတော့ အင်တာနတ်တွေ လှုပ်စိ လှုပ်စိနဲ့ လှိုင်းစီးသလို လမ်းလျှောက် ကြရတာပေါ့ဗျာ။ ဘယ်မြန်တော့ မတုန်း။ တခါတလေ ကိုနတ်ရှင်ကြီး အမူးလွန်ပြီး သတိမေ့သွားတဲ့ အချိန်တွေတောင် ရှိသေး။ အဲသလို အချိန်တွေဆိုရင် အင်တာနတ်တွေ သုံးလို့ မရတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့တော့ အဲဒီ ကိုနတ်ရှင် ဆိုတာကြီးကို ကျန်းမာ ချမ်းသာတော် မူပါစေကြောင်း၊ အရက်မူးသော်လည်း လမ်းမှန်မှန် လျှောက်နိုင် ပါစေကြောင်း နေ့စဉ် ပူဇော် ပသပြီး ဆုတောင်း နေရပါတယ်ဗျာ" ဟု ရန်ကုန်မြို့ရှိ အင်တာနတ် သုံးစွဲသူ တဦးက ပြောကြား သွားခဲ့သည်။

ကိုနတ်ရှင်ကိုကွယ်.. ပူဇော်ကာ ပသပါတယ်...(Photo: topdecktours)

အပြည့်အစုံသို့

Friday, February 25, 2011

Facebook လူကြိုက်အများဆုံး အနုပညာရှင်အဖြစ် မြန်မာ အဖွားကြီးတဦး စံချိန်တင်

မြန်မာ အဖွားအို အမေနန်း (Photo: sodahead.com)

အမေရိကားရောက် မြန်မာအဖွားအို အမေနန်း (Eminem) သည် Facebook တွင် Fan အများဆုံးရှိသူ အနုပညာရှင် အဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။

ပရိသတ် 28,872,000 ရှိသူ လေဒီ ဂါဂါကို ကြိုက်နှစ်သက်သူပေါင်း 28,883,000 ဖြင့် ကျော်တက် သွားခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံသူ မြန်မာ အမယ်အိုကြီး "အမေနန်း" သည် အမေရိကားတွင် ရိုက်ကူးသည့် မြန်မာရုပ်ရှင် "ရှစ်မိုင်" ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ပြီး၊ မြန်မာဟာသ ဇာတ်မြူး "စောက်ပေါ" (Southpaw) ဇာတ်ကားတွင်လည်း သရုပ်ဆောင်မည်ဟု သတင်းတပုဒ်က ဆိုသည် (ဖတ်ရန်)။


အပြည့်အစုံသို့

အပ်ငွေလွှဲငွေ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသော ဘဏ်များအားအရေးယူမည်

ပုဂ္ဂလိကဘဏ်များ အပ်ငွေလွှဲ ငွေ ကိစ္စများကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပါက လုပ်ငန်း လိုင်စင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်များအရ သိရသည်။

ဘဏ်အချို့သည် အပ်ငွေ၊ လွှဲ ငွေလုပ်ငန်းများကို အချိန်ကန့်သတ် ချက်မရှိဘဲ နေရာမရွေးလိုက်လံ၍ လက်ခံ ဆောင်ရွက်နေခြင်းကြောင့် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းချိန်နှင့် ခွင့်ပြုထားသောနေရာတွင်သာ ဘဏ် လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြား ချက်များ ထုတ်ပြန်လိုက်ကြောင်း သိ ရသည်။

”ဘဏ်တစ်ခုရဲ့ လုပ်ထုံး လုပ် နည်းမှာ အိမ်တိုင်ရာ ရောက်ငွေလိုက်လက်ခံတာမျိုး မပါ ဘူး။ နိုင်ငံတကာမှာလည်း ဒီလို ဝန်ဆောင်မှုပေးတာမျိုး မရှိဘူး။ ဒါပေမဲ့ အိမ်ကနေ ခြေတလှမ်း လှမ်းလိုက်တာနဲ့ ATM စက်ကနေ အချိန်ကန့်သတ်ချက် မရှိဘဲ ၂၄ နာရီ ငွေထုတ်နိုင်၊ ငွေအပ်နိုင်၊ ငွေလွှဲနိုင်တဲ့ ၀န်ဆောင်မှုတွေတော့ ရှိပါတယ်။ အဲဒါကို အတုခိုးပြီးတော့ စက်မဟုတ်တဲ့

ဘဏ်ဝန်ထမ်းတွေကို အသုံးပြုပြီး အများပြည်သူ သက်တောင့်သက်သာ ဖြစ်အောင် ဝန်ဆောင်မှု ပေးခြင်းမျိုးဟာ ဘဏ်လုပ်ငန်း စည်းမျဉ်းဥပဒေတွေနဲ့ မကိုက်ညီပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ စက်မဟုတ်လို့ပါဘဲ။

ဒါကြောင့် ငွေအပ်လိုသူ၊ ငွေထုတ်လိုသူတွေ အနေနဲ့ ဘဏ်ကို ကိုယ်တိုင် ကိုယ်ကျ အပင်ပန်းခံ လာရောက် ဆောင်ရွက်တာမျိုးပဲ လုပ်ဆောင်သင့်ပါတယ်”ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောကြားသည်။


မြန်မာနိုင်ငံရှိ ATM ဆိုင်းဘုတ်
(စက်များ မရှိသည်မှာ ကြာပြီဖြစ်သဖြင့် ATM မှာ အောင်တော်မူ ကို ညွှန်ပြခြင်း ဖြစ်နိုင်ပါသည်)
(Photo: Flicker)

အပြည့်အစုံသို့

ဗိုလ်ချုပ်ကြီးတို့ အနောက်တိုင်းကို အထင်ကြီး

ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်းတွင် နယူးယောက်မီးလောင်မှုတခုကို စာဖွဲ့ ဖော်ပြထားခြင်းက မြန်မာဗိုလ်ချုပ်ကြီးများ အနောက်မျှော်ရောဂါထနေကြောင်း ပေါ်လွင်စေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

(Myanma Alin)

“မီးလောင်တာများ မြန်မာပြည်မှာလည်း နေ့တိုင်းလိုလို ဖြစ်နေတာပဲ။ ခုတော့ သတင်းစာမှာ နယူးယောက်မီးကို ပုံနဲ့တကွ တင်ထားတာ တွေ့ရတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီးတွေ အနောက်တိုင်းသတင်းတွေကိုပဲ ဦးစားပေးတယ်၊ အနောက်တိုင်းကိုမှ အဟုတ်ထင်တယ် ဆိုတာ သိသာနေတယ်ပေါ့နော်” ဟု ဖင်လန်နိုင်ငံ Shet Sa Ya Gyi တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာန၏ လက်ထောက်ဌာနမှူး ဒေါက်တာ ပေါ်တင်က ပြောသည်။

“အနောက်တိုင်းသားတွေ ပေါက်တဲ့ အီးက ရှူလို့  ပိုကောင်းတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက ဂုဏ်ယူစွာဖြင့် ဖြည့်စွက် ပြောကြားသည်။

တခြားသော မြန်မာ့အရေး လေ့လာသူများကလည်း ထိုသို့ ယူဆကြသည်။ သို့သော်လည်း ၎င်းတို့က BSN အတွက် ရေးမည့် သတင်းဖြစ်သောကြောင့် သုံးသပ်ချက် တရားဝင် ပေးရန် ငြင်းဆန်ကြသည်။

နယူးယောက်မီးသတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး အကောင်းမြင်သူတဦး ရှိသည်။ ထိုသူမှ ငရဲကြီး ၈ ထပ်၊ လေးလွှာ တွင် ရောက်နေသူ ဗိုလ်ချုပ်ကြီးစိုးဝင်း ဖြစ်သည်။

“ဟေ့ကောင် - နယူးယောက်မှာလည်း မြန်မာပြည်သားတွေ အများကြီးနေတယ်ကွ။ ဒါကြောင့် အဲဒီမှာဖြစ်တာတွေကို ငါတို့သတင်းစာက ထည့်ပေးနေရတာပေါ့ကွ။ ငါတို့သတင်းစာကို အဆိုးမမြင်နဲ့ကွ” ဟု ငရဲခန်း အားလပ်ချိန်အတွင်း ပေးပို့သည့် အီးမေးတွင် ဖော်ပြထားသည်။


နယူးယောက်မီးလောင်သည့်နေ့က အင်းစိန်တွင် အိမ်ငါးလုံး ပြာကျခဲ့သော်လည်း မြန်မာ့အလင်းက ရေငုံနှုတ်ပိတ် နေခဲ့သည်။ ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တခုတွင်မူ ထိုသတင်း ဖော်ပြသည်။


ဗိုလ်ချုပ်ကြီးတို့က အင်းစိန်မီးသတင်းကို စာမျက်နှာထက်သို့ မပို့ရခြင်းမှာ ပြည်တွင်းဖြစ်ကို အထင်မကြီးကြောင်း၊ အနောက်တိုင်းသတင်းကိုမှ အထင်ကြီးကြောင်း၊ အနောက်မျှော်ရောဂါ မည်မျှ ရင့်နေကြောင်း ပြသသည့် သက်သေတခုဖြစ်သည်ဟု ဒေါက်တာပေါ်တင်က သုံးသပ်ပြသည်။

©ဇာနည်ဝင်း

Thursday, February 24, 2011

သေဌေးကြီး-ဦးတေဇ လောကီဈာန် ရသွားပြီ

ရေခဲတောင်တွင် ပိတ်မိနေသော တိုက်ကုန်း သေဌေးကြီး ဦးတေဇ ယမန်နေ့က လောကီဈာန် ရသွားသည်။

မူလက ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ပြီး၊ ရေခဲပြင်ထဲ ရဟတ်ယာဉ် ကျွံကျသဖြင့် မပျံတက်နိုင်ဘဲ ဦးတေဇတို့ လူတသိုက် ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်၌ သောင်တင်နေခဲ့သည်။

(Photo & News: Click Here)

ထိုအတောအတွင်း တိုက်ကုန်းကြီး ဦးတေဇသည် အေးခဲလှသည့် တောင်ပေါ်၌ ရေခဲပြင် အတွင်းအား ကျင့်စဉ်ကို ပေါက်မြောက် အောင်မြင်သွားသည်။ ထို့ကြောင့် သိဒ္ဓိအောင် ဦးတေဇ ဖြစ်သွားကာ ကောင်းကင်ပေါ် ပျံတက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ဦးတေဇ မရှိတော့ပေ။ ချင်းပြည်နယ်ရှိ ရေခဲနေသော မဒွယ်တောင်ပေါ်သို့ လောကီဈာန်ဖြင့် ပျံသန်းသွားပြီဟု ဆိုသည်။

(Photos & News: Click Here)

သိဒ္ဓိအောင် ဦးတေဇအနေဖြင့် ထူးရေခဲစက်ရုံနှင့် ရေခဲခြစ်ဆိုင်များတွင် အသုံးပြုရန်အတွက် အဆင့်မြင့် ရေခဲအမျိုးအစားများကို ရေခဲတောင်ပေါင်းများစွာသို့ သွားရောက် ကုန်ကြမ်းရှာဖွေနေခြင်း ဖြစ်သည်ဟု BSN သို့ ပေးပို့သော Boxer ၏ သတင်းတပုဒ်တွင် ရေးသားထားသည်။

ဦးတေဇသည် ယခုအခါ ကောင်းကင်သို့ ပျံတက်ကာ၊ ဝေဟင်တွင် ပျံသန်းနိုင်ပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်များ လုံးဝ မလိုအပ်တော့ကြောင်း သိရသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မှာယူထားသည့် ရဟတ်ယာဉ်ကို ပြန်ပို့လိုက်ပြီဟု သိရပြီး၊ ချင်းတောင်မှ ရေခဲလေ့လာရေး အပြီးတွင် တိုက်ကုန်းကြီး ဦးတေဇ ဈာန်ဖြင့် အိမ်ပြန်လာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ရိုးရာ ကျေးလက် အက


ကျေးလက် အငွေ့အသက်၊ ကျေးလက် မြင်ကွင်းနောက်ခံနဲ့
မြန်မာ့ ရိုးရာ ကျေးလက် အက ကို ရှုစားတော် မူကြပါ

လက်တို့သူ- F.E.F.F Media

Wednesday, February 23, 2011

လစ်ဗျား အာဏာရှင် ကဒါဖီ ဘ၀တပါးသို့ ကူးပြောင်းသွားပြီ

လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူထု လှုပ်ရှားမှုများကို အာဏာရှင်ကြီး ကဒါဖီ ကြောက်ရွံ့ တုန်လှုပ်နေသည်။

မကြာမီ ဘ၀ပြောင်းကိန်းရှိသည်ဟု ဟူးရားများက နိမိတ်ဖတ်သဖြင့် ယတြာချေကာ ဘ၀ပြောင်းလိုက်သည်။

(Photo: NYTimes)

ယခုအခါ ဘ၀ ပြောင်းသွားပြီ ဖြစ်သော ကဒါဖီအား အရည်းကြီးဘ၀ ဖြင့် တွေ့မြင်နေရသည်။
သို့သော် အမြင်မှန်ရကာ ရာထူးမှ ဆင်းပေးပြီး၊ ရသေ့ တပသီ ကဲ့သို့သော ဘ၀သို့ ငြိမ်းအေးစွာ ကူးပြောင်းခြင်းမဟုတ်ဘဲ အရည်းကြီး အသွင်သို့ ပြောင်းလဲခြင်းသာ ဖြစ်သဖြင့် ဆက်လက် ဆိုးသွမ်းနေဦးမည် ဖြစ်သည်။

အပြည့်အစုံသို့

နေပြည်တော် မြို့တော်ကြီးမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ???


(ဗီဒီယို ဒါရိုက်တာ၏ အာဘော်သာ ဖြစ်ပါကြောင်း)
Source: Youtube/ MrFireLove1

Sunday, February 20, 2011

ရုရှားသမ္မတကြီး iPhone သုံးစွဲ၍မရ ဖြစ်နေခြင်း

(Photo: redmondpie.com)

ကင်ဆာရောဂါနဲ့ ကယောင်ကတမ်း ဖြစ်နေရှာတဲ့ Apple Inc. က CEO ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လတုန်းက ရုရှားသမ္မတကြီးကို iPhone တလုံး လက်ဆောင်ပေးလိုက်ပါတယ်။

ဒါပေမဲ့ ရုရှား သမ္မတကြီးကတော့ အခုအချိန်အထိ အဲဒီ တယ်လီဖုန်းကို သုံးလို့ မရသေးဘူးလို့ သိရပါတယ်။ ဒီ လက်ဆောင်ပေးလိုက်တဲ့ iPhone 4 ဟာ အမေရိကားရဲ့ AT&T ဆိုတဲ့ phone carrier နဲ့ စာချုပ် သက်တမ်း မကုန်ဆုံးသေးပါဘူး။ ဒါကြောင့် အမေရိကားမှာ သုံးလို့ ရနေပေမယ့် unlock မလုပ်ရသေးတဲ့ အတွက် ရုရှားမှာသုံးလို့ မရသေးကြောင်းကို သမ္မတကြီးရဲ့လက်ထောက်ဖြစ်သူက twitter နဲ့ လှမ်းပြီး သတင်းပို့ပါတယ် (twitter ဆိုတာ မြန်မာစကားဖြစ်ပြီး၊ twitter ကို တည်ထောင်သူဟာ မြန်မာလူမျိုးပါ။ Click Here)။ သမ္မတကြီး အနေနဲ့ iPhone သုံးစွဲလို့ရအောင်၊ ရှစ်လကြာတဲ့ အထိ နေ့စဉ် ရက်ဆက် ဆိုသလို ရုရှားနည်း ရုရှားဟန်နဲ့ ကြိုးစား နေတာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့အတွက် အခုလို သတင်းပို့ရတာ ဖြစ်တဲ့အကြောင်း လက်ထောက်ဖြစ်သူက ပြောပါတယ်။

Apple CEO ဟာ ကင်ဆာဝေဒနာကြောင့် memory lose ဖြစ်နေတဲ့အတွက် အခုလို လက်ဆောင် ပေးလိုက်တာ ဖြစ်ဖွယ် ရှိတယ်လို့ ဆရာဝန်တဦးက သုံးသပ်ပါတယ်။ ဘုရားဒကာ တဦးကတော့ CEO ရဲ့ အပြုအမူကို တရားသဘောအရ သုံးသပ်ရရင် မလှူတတ် သေးဘူး လို့ ဝေဖန်ပါတယ်။


CEO ကြီးကတော့ "စိတ်မရှိပါနဲ့ .. သမ္မကြီး ဆော့ဖို့ ပေးလိုက်တာပါဗျာ" လို့ ပြောပါသတဲ့။

Unlock မလုပ်ရသေးလို့ ရုရှားသမ္မတကြီး iPhone မသုံးနိုင်သေးတဲ့ အခြေအနေမှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သမ္မတကြီးကို iPad တခု လက်ဆောင် ပေးလိုက်တယ် လို့ သတင်းတပုဒ်က ဆိုပါတယ်။ အဲဒီ iPad ကတော့ မြန်မာ့ရိုးရာ ကျောက်သင်ပုန်း iPad ဖြစ်ကြောင်း သိရပြီး၊ unlock လုပ်စရာ လုံးဝ မလိုအပ်သလို  ဘက်ထရီလဲ မလိုပါဘူး။ အဲဒီ မြန်မာ iPad ကို ရုရှားသမ္မတကြီး နှစ်သက်စွာ အသုံးပြုလျက် ရှိတယ်လို့ ဆိုပါတယ်။


ယခုအခါမှာတော့ ရုရှား သမ္မတကြီးဟာ မြန်မာ့လက်ဆောင် ကျောက်သင်ပုန်းပေါ်မှာ ၀လုံး ၀ိုင်းဝိုင်း လေးများ ရေးယင်း၊ Wi-Fi အစား "ဝေဖာ" များ စားသောက် လျက်ရှိတယ်လို့ သတင်းရရှိကြောင်းပါ ခင်ဗျား။ (ကျောက်သင်ပုန်း iPad သတင်း၊ Click Here)

သတင်း အပြည့်အစုံသို့

@ပန်းသီးစားသူများ

Saturday, February 19, 2011

ပုဂံသူရဲကောင်း ငထွေးရူး အသက်ကြီးသောအခါ ဘုန်းကြီးဝတ်ခဲ့ကြောင်း အထောက်အထားတွေ့ပြီ

(Photo: sanwinkpg.blogspot)

ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟု ထင်ရှားသည့် ပုဂံသူရဲကောင်း လေးဦးအနက်မှ ထန်းတက် သူရဲကောင်းကြီး ငထွေရူး အသက်ကြီးသောအခါ ဘုန်းကြီး ၀တ်ခဲ့ကြောင်း အထောက်အထား တွေ့ရှိပြီ ဖြစ်သည်။

ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရွှေဂူကြီး ဘုရားရင်ပြင်ခင်းရန် ပြင်ဆင်ရာမှဘုရားနှင့် ကိုက်တစ်ရာအကွာ မြေအောက်လေးပေအနက် ခန့်တွင် အရိုးအိုးနှစ်လုံးနှင့် ထန်းတက် သမားသုံး သံတိုသံစများ ထည့်ထားသည့် အိုးတစ်လုံးကို တူးဖော်တွေ့ရှိခဲ့သည်။

"အရိုးရဲ့ လတ်ဆတ်မှုနဲ့ အိုးပုံစံကိုကြည့်ပြီး ပုဂံခေတ်ဦးလောက် ကလို့ ခန့်မှန်းရပါတယ်။ မူလက အရိုးအိုး မြှုပ်တဲ့စေတီ အဖြစ်ရှိရာကနေ အနော်ရထာ လက်ထက်မှာ ဗုဒ္ဓဘာသာ စေတီ ဂူဘုရားတစ်ဆူ ထပ်တည်ထား တာပါ။ စေတီနားမှာ မြှုပ်ထားတဲ့အိုးဖြစ်တဲ့အတွက် ဘုန်းကြီးအရိုးအိုး ဖြစ်ပါတယ်။" ဟုမြန်မာမှုဗိသုကာနှင့် ရှေးဟောင်း သုတေသန ပညာရှင် တဦးက ပြောသည်။

အရိုးအိုးများမှာ အမြင့် ၁၀ လက်မ၊ အ၀ ၁၀ လက်မရှိ အရွယ်နှင့် အမြင့် ခြောက်လက်မ၊ အ၀ ခြောက်လက်မ အရွယ်ရှိ နှုတ်ခမ်းလန် အိုးများဖြစ်ကြောင်း သိရသည်။ အရိုးအိုးများနှင့်အတူ စေတီပတ်လည်တွင် တူးဖော်ရရှိခဲ့သော သံတိုသံစများမှာ ထန်းသမားသုံးပစ္စည်းများ ဖြစ်ပြီး ပုဂံခေတ် ထန်းတက် သူရဲကောင်းကြီး ငထွေရူးမှ တပါး အခြား မည်သည့် ပုဂ္ဂိုလ်မှ ဖြစ်ဖွယ် မရှိကြောင်း၊ ငထွေရူး၏ ထန်းတက်သမားသုံး ပစ္စည်းများနှင့် ဘုန်းကြီး အရိုးအိုး ယှဉ်တွဲ မြုပ်နှံမှုကို တွေ့ရသည့် အတွက် ငထွေရူး အသက်ကြီးသောအခါ ဘုန်းကြီးဝတ်ခဲ့သည်မှာ သေချာကြောင်း အဆိုပါ ပညာရှင်ကြီးက ဖြည့်စွက် ပြောကြားသွားသည်။


အပြည့်အစုံသို့

အမတ်များကို Airbus လေယာဉ်နှစ်စင်းဖြင့် ဒေါက်တာ-ဒေါက်တာ ခင်ရွှေက ပင့်ဖိတ်

ယခုအပတ် တနင်္လာနေ့ ချစ်သူများနေ့တွင် နေပြည်တော် Mount Pleasant ကြယ်ငါးပွင့် အဆင့် ဟိုတယ်၌ တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ အမတ်ပေါင်း ၆ဝ ကျော်ကို ဒေါက်တာ-ဒေါက်တာ ခင်ရွှေက ဖိတ်ကြားပြီး ကျွေးမွေးသည်။ လွှတ်တော်အတွင်း ဆိတ်သား၊ ၀က်သား စားရသည်ကို ငြီးငွေ့လာပြီဖြစ်သော အမတ်များ အတွက် အပြောင်းအလဲ ဖြစ်စေရန် ရည်ရွယ်ပြီး (ဆိတ်သား ၀က်သား သတင်းဖတ်ရန်) “အကောင်းစား” ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ဖြင့် ဧည့်ခံကြောင်း၊ ကာရာအိုကေ လည်းပါကြောင်း ဒေါက်တာ-ဒေါက်တာ ခင်ရွှေက ပြောသည်။

နေပြည်တော်သည် အလွန်ကြီးမားသော မြို့တော်ကြီး ဖြစ်သဖြင့် အမတ်များကို ဒေါက်တာ-ဒေါက်တာ ခင်ရွှေက စင်းလုံးငှား လေယာဉ်နှစ်စီးဖြင့် အမတ်များကို ပင့်ဆောင်ခဲ့ရကြောင်း သတင်းဌာနတခုက ရေးသားသည်။ အမတ်များ၏ အဆောင်မှ ဧည့်ခံပွဲပြုလုပ်သည့် Mount Pleasant ဟိုတယ်သို့  လေယာဉ်ဖြင့် မိနစ် ၃ဝ ခန့် သွားရပြီး၊ “အဲယားဘတ်စ်” နှစ်စီးဖြင့် ကြိုပို့ပေးကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ အမတ်တဦးက ပြောသည်။ အဆိုပါ “အဲယားဘတ်စ်” (Airbus) လေယာဉ် နှစ်စီးမှာ ရန်ကုန်လေဆိပ်တွင် နှစ်ပေါင်းများစွာ မပျံသန်းဘဲ ရပ်နားထားသည့် လေယာဉ်များ ဖြစ်ဖွယ်ရှိကြောင်း၊ “အဲယားဘတ်စ်”  လေယာဉ်များကို ဒန်အိုးဆိုင်သို့ မရောင်းချမီ နေပြည်တော် အမတ်များကို အကြိုအပို့ လုပ်ကာ၊ အခြေအနေ ကောင်းမကောင်း စမ်းသပ် ပျံသန်းကြည့်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့ အရေး လေ့လာသူများက ဆိုသည်။



အဆိုပါ ဧည့်ခံပွဲနှင့် ပတ်သက်၍ ပွဲတက်ခဲ့သူ အမတ်တဦးက “ကြွားတဲ့ ပုံစံမျိုးပါပဲ။ စည်းရုံးတာပေါ့ဗျာ။ သူလိုချင်တာ တခုရှိလို့ ရေလောင်းနေတာ။ အဲဒီလိုမြင်တာပဲ” ဟု သူ၏ အမြင်ကို ပြောပြသည်။ သို့သော် လွှတ်တော် အတွင်း ၀က်သား၊ ဆိတ်သားစားပြီး လက်ဖက်ရည် သောက်ရသည်ကို ငြီးငွေ့လာကြပြီ ဖြစ်သော အမတ်ကြီး ၆၀ ကျော်တို့မှာ ဒေါက်တာ-ဒေါက်တာ ခင်ရွှေ တည်ခင်းသည့် “အကောင်းစား” ဝီစကီ၊ ဘီယာနှင့် ဝိုင် တို့အား ငြင်းပယ်ခြင်းမရှိဘဲ နှစ်ခြိုက် မြိန်ရှက်စွာ စားသောက် သုံးဆောင်တော်မူ ကြကြောင်း၊ ဆံဖြူ သွားကျိုး အမတ် အဖိုးအိုကြီးများမှာ ချစ်သူများနေ့ အထိမ်းအမှတ် စားသောက် ပွဲသဘင် အတွင်း ပျော်ရွှင် မြူးထူးစွာ ကာရာအိုကေ ဆိုတော်မူကြကြောင်း မျက်မြင်တဦးက ပြောသည်။

လွှတ်တော် တက်ရသည်ကို ငြီးငွေ့ စိတ်ပျက်နေကြသော အမတ်အချို့ ဆေးခွင့်တင်ကာ ဆေးရုံတွင် အနားယူမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့်၊ အမတ်ကြီးများ စိတ်ထွက်ပေါက် ဖြစ်စေရန်နှင့် ဆေးရုံ တက်ခြင်းများ ထပ်မံ မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး စားသောက် ပွဲသဘင်ကြီးကို ဒေါက်တာ-ဒေါက်တာ ခင်ရွှေအား တည်ခင်း ဧည့်ခံစေခြင်း ဖြစ်နိုင်သည်ဟု မြန်မာ့ နိုင်ငံရေး အကဲခတ်များက သုံးသပ်သည် (ဆေးရုံတက် သတင်းဖတ်ရန်)။ ထိုသို့သော ၀ီစကီ ပွဲသဘင်များကို မကြာခဏ ဆက်လက် ကျင်းပဦးမည် ဖြစ်ကြောင်းကိုလည်း ဒေါက်တာ-ဒေါက်တာ ခင်ရွှေကပြောပြသည်။

ဇေကမ္ဘာပိုင်ရှင် ဒေါက်တာ-ဒေါက်တာ ခင်ရွှေမှာ နိုင်ငံခြား ကျောင်းအတု တခုမှ ပေးအပ်သည့် ဒေါက်တာဘွဲ့ အတု တခုကို ၀ယ်ယူရရှိခဲ့သည်။ အဆိုပါ ဘွဲ့မှာ အတုမှန်း အများသူငါ သိရှိသွား သောအခါ ရန်ကုန်တက္ကသိုလ်မှ နောက်ထပ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ တခုကို အရှက်ပြေစိမ့်သောငှာ ပေးအပ်ခြင်း ခံခဲ့ရသဖြင့် ဒေါက်တာဘွဲ့ နှစ်ခု ရရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် "ဒေါက်တာ-ဒေါက်တာ ခင်ရွှေ" ဟု အမည်တွင်သည်။


သတင်း အပြည့်အစုံသို့

Friday, February 18, 2011

မြန်မာ့လေကြောင်းမှ လေယာဉ်များကို ဒန်အိုးဒန်ခွက်ဆိုင်သို့ တကယ်ရောင်းချပြီ

မြန်မာ့လေကြောင်းမှ အိုမင်းရင့်ရော်သည့် ဖော်ကာ F-27 လေယာဉ် နှစ်စင်းနှင့်၊ ဖော်ကာ F-28 လေယာဉ်တစင်း တို့ကို ရောင်းချတော့မည် ဖြစ်ပြီး ဒန်အိုးဒန်ခွက်သမားများ အနေဖြင့် လာရောက် ၀ယ်ယူနိုင်ကြောင်း သတင်းထုတ်ပြန်သည် (Click Here)။

ဦးတေဇ၏ Air Bagan မှ ခရီးသည်တင် တဖြစ်လဲ Airbus A310 ကုန်တင် လေယာဉ် နှစ်စင်းကို ရောင်းချခဲ့ပြီး များမကြာမီ မြန်မာ့လေကြောင်းမှလည်း အားကျမခံဘဲ လေယာဉ်ဟောင်းများကို ဒန်အိုးဒန်ခွက် ဆိုင်သို့ လေလံတင် ရောင်းချ လိုက်ခြင်း ဖြစ်သည်။

ဒန်အိုးဆိုင်သို့ ရောင်းချရန်အသင့် ဖြစ်နေသော
ပန်ကာပြုတ်၊ အမြီးပြတ် F-27 လေယာဉ်များ (Photo: M Radzi Desa)

လေယာဉ်ကိုယ်ထည် အခွံသက်သက် ပိဿာချိန်ဖြင့် ရောင်းမည့်
F-28 လေယာဉ် (Photo: airlineupdate.com)

မြန်မာ့လေကြောင်းအနေဖြင့် ယင်း၏ လေယာဉ်များကို ရှေးယခင်ကလည်း ရောင်းချခဲ့ဖူးပြီး၊ ဗြိတိန်နိုင်ငံမှ Indra Airways ကဲ့သို့သော လေကြောင်းလိုင်းကပင် ၀ယ်ယူခဲ့ဖူးသည်။

ပုံကြီးချဲ့ကြည့်ရန် ဓာတ်ပုံကို Click ပါ

သို့သော် ခရီးသည်တင် လေယာဉ်အဖြစ် အသုံးပြုရန် မဟုတ်ဘဲ ဒန်အိုးဒန်ခွက် အဖြစ် အသုံးပြုရန် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ပုံတွင် မြန်မာ့လေကြောင်းမှ Viscount (Vickers 761D အမျိုးအစား) လေယာဉ် အမှတ် XY-ADH အား ဒန်အိုးဒန်ခွက်သမားများက အမြီးဖြတ်ထားသည်ကို Southamptom တွင် တွေ့ရစဉ် (Photo: Martin Stephan)

အထက်ပါလေယာဉ်နှင့် အမျိုးအစားတူ
မြန်မာ့လေကြောင်း XY-ADF ကိုတွေ့ရစဉ် (Photo: Mel Lawrence)

၁၉၇၀ နှစ်များဆီက မြန်မာ့လေကြောင်းတွင် Viscount လေယာဉ် သုံးစီးဖြစ်သည့် XY-ADF, XY-ADG နှင့် XY-ADH တို့ရှိခဲ့ပြီး သုံးမရသောအခါ ဒန်အိုးဒန်ခွက် ရောင်းချခဲ့ကြောင်း တွေ့ရသည်။ သို့သော် XY-ADG ကိုမူ အာဖရိကမှ အလွန်ဆင်းရဲသည့် Botswana နိုင်ငံမှ ၀ယ်ယူသွားပြီး Air Botswana တွင် ပျံသန်းပြေးဆွဲခဲ့ပါသည်။ (Click Here) အချိန်တန်သော် အာဖရိကမှ ဒန်အိုးဆိုင် သို့ ရောက်မရောက် ကိုတော့ အသေအချာ မသိရပါ။

Thursday, February 17, 2011

ခြေချောင်းလက်ချောင်း အများဆုံးပါတဲ့ မြန်မာကလေး ကမ္ဘာကျော်ပြီ


ခြေချောင်းလက်ချောင်း အများအပြားရှိသည့် မြန်မာကလေးသတင်းကို နိုင်ငံတကာရှိ သတင်းဌာနပေါင်း
၁၀၀ ကျော်က ရေးသား ထုတ်လွှင့်နေကြသည်။

ထိုကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ​၁ နှစ် ၄ လအရွယ် လဲ့ရတီမင်း ဖြစ်သည်။

လွှတ်တော် အမတ်မင်းများ ဆေးရုံတွင် အနားယူလျက်ရှိ

လွှတ်တော်တက်နေသော အမတ်မင်းများ စိတ်ညစ်နေကြသည်။ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိချိန်မှ စ၍ ရေမချိုးရသေးသော အမတ်တဦး ဆေးခွင့်တင်ပြီး ဆေးရုံတက်ရန် စဉ်းစားနေသည်။ ဆေးရုံရောက်တော့မှ ရေကောင်းကောင်း ချိုးရန် စီစဉ်ထားကြောင်း အမတ်ကြီးက ပြောသည် (ရေမချိုးသတင်း၊ Click Here)။ အဆိုပါ အမတ်ကြီး ဆေးရုံတက်ရန် စဉ်းစားနေစဉ် အခြား အမတ်ကြီး တဦး ၀က်သား အစားများ သဖြင့် သွေးတိုးကာ ဆေးရုံ တင်လိုက်ရသည်။ အဆိုပါ သတင်းကို ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် တွေ့ရသည်။ (အမတ်များ ဆိတ်သား ၀က်သား စားသည့်သတင်း၊ Click Here)။

(ဓာတ်ပုံ-ကြေးမုံသတင်းစာ)

အမတ်တဦးကမူ ဆိတ်သား၊ ၀က်သား စားရသည်မှာ ကောင်းသော်လည်း လွှတ်တော်အတွင်း လက်ဖက်ရည်သာ သောက်ရသဖြင့် စိတ်ညစ်နေသည်။ (ဆိတ်သား ၀က်သား သတင်းတွင် လက်ဖက်ရည်ပဲ သောက်နိုင်သည်ဟု ပါရှိ)။ ဆေးရုံတက်ပါက သတင်းမေးသူများ ယူလာမည့် အိုဗာတင်း၊ မိုင်လို၊ ဟောလစ် စသည်တို့ကို သောက်နိုင်မည် ဖြစ်သဖြင့် ဆေးရုံတက်ကာ အနားယူနေသည်ဟု ပြောသည်။ ဆေးရုံတက်လိုက်သဖြင့် လွှတ်တော်အတွင်း လက်ခုပ်တီးရသည့် အလုပ်နှင့် လက်ညှိုးထောင် ခေါင်းညိတ်ရသည့် အလုပ်များ သက်သာသွားကြောင်း ဆေးရုံတွင် အနားယူနေသည့် အမတ်များက ဆိုသည်။

(ဓာတ်ပုံ-ကြေးမုံသတင်းစာ)

လွှတ်တော် အတွင်း အသင့်ရေးပြီးစာများ ဖတ်ပြသည်ကို နားထောင်ရသဖြင့် လွန်စွာ အိပ်ငိုက်ကြောင်း၊ အိပ်မငိုက်ရ အမိန့်ကြောင့် (Click Here) လွှတ်တော်အတွင်း မအိပ်ငိုက်အောင် မနည်း ကြိုးစားကြရကြောင်း၊ ဆေးရုံရောက်သော အခါတွင်မှ အိပ်ချင်တိုင်း အိပ်နိုင်တော့ကြောင်း၊ လွှတ်တော် တက်စရာ မလိုသဖြင့် အလွန်ပျော်ရွှင်ကြောင်း ဆေးရုံတက် အမတ်ကြီးများက ပြောသည်။

B-Ong လက်တို့သည်

Wednesday, February 16, 2011

ပရလောကမှ ပေးပို့သည့် သတင်းများ

ချောကလက်လေးတွေ တန်းစီ

ကြံ့ဖွံ့ ထိပ်တန်းခေါင်းဆောင်များသည် လွှတ်တော်ထဲသို့ ချောကလက်လေးများသဖွယ် တန်းစီ၍ ဝင်လာလေ့ရှိကြောင်း လွှတ်တော်အမတ်တဦးက ပြောသည်။

ချောကလက်ကလေးတွေ တန်းစီ (Picture: myfreewallpapers.net)

“သူများတွေအားလုံး ထိုင်ပြီးတဲ့အချိန်မှာ နာယက မဝင်ခင်မှာ ၅ မိနစ် အလိုမှာပဲ မင်္ဂလာ ရွှေမောင်းတော်ကြီးကို ဒူဒူဒူ လို့ ထုတယ်ဗျာ။ မောင်းထုတဲ့ အချိန်မှာ သူတို့ဝင်လာတယ်။ သူတို့က နာယကရဲ့ ရှေ့လေးမှာ တန်းစီပြီး ဝင်လာတာ။ ဝင်လာတဲ့အခါမှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်။ အဲဒါပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ။ ဦးအောင်သောင်းတို့လည်း တခါတခါ အဲဒီလို ဝင်လာတယ်။ ချောကလက်လေးတွေ တန်းစီတဲ့ အတိုင်းဘဲ။ အဲသလို ဝင်လာပြီးတော့မှ စပါတော့မယ်ဆိုတဲ့ အချိန်မှာ နာယက ဝင်လာတယ်” ဟု သူက ပြောသည်

အပြည့်အစုံသို့

ရှင်ကျော်ဘုရားပွဲ၏ ထူးဆန်းသော ဖြစ်ရပ်

မြောက်ဦးမြို့ ရှင်ကျော်ဘုရားပွဲ၏ ယခုနှစ်ထူးခြားမူမှာ ပွဲတော်အား ပြာသိုလကွယ်နေ့တွင် ပြုလုပ်ခြင်း၊ ပွဲတော်အတွင်း သားမိနှစ်ဦး ရေနစ်သေဆုံးခြင်း၊ ဘုရားပွဲတော်အတွင်း ထီးတော်တင်ရန် စီစဉ်နေစဉ် ရဟန်းတော် တစ်ပါးမှ “ အောင်ပြီ” “ အောင်ပြီဟု ဆိုကာ အနီးအနားတွင် ထိုင်နေသော အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် ဆရာတော်ကြီးများကို ကန်ကျောက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းများ ဖြစ်ကြသည်။

မျက်မြင် ရဟန်းတော် တစ်ပါးက “ ပြာသိုလကွယ်နေ့ နံနက်ပိုင်း ၈ နာရီ ၉ နာရီခန့်ရှိမယ် ထင်ပါတယ်။ တိုင်းမှူး အပါအ၀င် အလိုတော်ပြည့် ဆရာတော် ဘုရားကြီးတို့ ထီးတော်တင်ဖို့ ပြင်ဆင် နေချိန်မှာ တိမ်ညိုနားမှာ ရှိတဲ့ သပြေကန် ဆရာတော် ဦးသုဝဏ္ဍက နတ်ပူးတယ်လို့ ပြောပါတယ်။ တိုင်းမှူး စိုးသိန်းကို ခြေထောက်နဲ့ ကန်တယ်။ အလိုတော်ပြည့် ဆရာတော်ကြီးကိုလည်း လည်ပင်း ညစ်ဖို့ လုပ်ပါတယ်။ ပီးရင် အောင်ပြီ အောင်ပြီလို့လည်း အော်ပါတယ်။


နိရဉ္စရာမှ တိုက်ရိုက် ထုတ်နှုတ်ကူးယူပါသည်။ 

(ပေးပို့သူ-ပရလောကသားများ)

အနောက်နိုင်ငံများကို ဦးတေဇက စီးပွားရေးပိတ်ဆို့ပြီ

စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက် ၄င်းက အဆိုပါ နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့လိုက်ကြောင်း ပြောဆိုလိုက်သည်။ ထိုကဲ့သို့ စီးပွားရေး ပိတ်ဆိုမှုကို ၂၀၀၇ ကတည်းက စတင်ပြုလုပ်ခဲ့ကြောင်း ဦးတေဇက ပြောသည်။

"အနောက်နိုင်ငံများကို ကျွန်တော်က စီးပွားရေး ပိတ်ဆို့ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံလုပ် Airbus များကို ကျွန်တော်တို့ အဲပုဂံ လေကြောင်းလိုင်းမှာ ပျံသန်းပြေးဆွဲခြင်း မပြုဘဲ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ အခုဆို လေယာဉ်တွေကို လုံးဝ လက်ဝယ် မထားတော့ပါဘူး။ ပြန်ရောင်းလိုက်ပါပြီ။ အနောက်နိုင်ငံတွေကို ပြန်မရောင်းပါဘူး။ ဒန်အိုးဒန်ခွက်လုပ်တဲ့ အာရှသားတွေဆီကိုပဲ ပြန်ရောင်းမှာပါ" ဟု ဦးတေဇက ပြောသည်။

အနောက်နိုင်ငံများကို စီးပွားရေး ထပ်မံပိတ်ဆို့သည့် အနေဖြင့် ၄င်း၏ လေကြောင်းတွင် ပျံသန်း ပြေးဆွဲနေသော အနောက်နိုင်ငံလုပ် ATR လေယာဉ်များနှင့် Fokker လေယာဉ်များကို မကြာမီ အချိန်အတွင်း လုံးဝ ပြေးဆွဲတော့မည် မဟုတ်ကြောင်းကိုလည်း ဦးတေဇက ထပ်လောင်း ပြောကြားသည်။

ဓာတ်ပုံ-အင်တာနက်၊ စာသား-ဇာနည်ဝင်း

ထိုသို့ မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇ၏ ပိတ်ဆို့ မှုဒဏ်ကို ခံရသဖြင့် အမေရိကန်နှင့် ဥရောပ နိုင်ငံများ တွင် ဒန်အိုးဒန်ခွက် အရောင်း အ၀ယ်လုပ်ငန်းများ ကျဆင်းသွားပြီး စီးပွားရေး အကြီးအကျယ် အထိနာ သွားသည်ဟု သိရသည်။ ဦးတေဇ၏ လေယာဉ် မပြေးဆွဲမှုကြောင့် အနောက်နိုင်ငံသားများ အနေဖြင့် လေယာဉ်ဖြင့် ခရီးမသွားနိုင်ကြတော့ပဲ နွားလှည်းဖြင့်သာ ခရီးသွားလာနေကြရသည်ဟု သတင်းတပုဒ်က ဆိုသည် (Click Here)။ 

ဦးတေဇ၏ ပိတ်ဆို့မှု ရိုက်ခတ်ခြင်း ဒဏ်ကို ဆင်းရဲသားများ၊ လူလတ်တန်းစားများပါ ခံကြရကြောင်း၊ စီးပွားရေး အတိဒုက္ခ ရောက်မှုကြောင့် စိတ်သဘောထားများလည်း ပြောင်းလဲသွားကြကာ တဦးနှင့်တဦး မုန်းတီးမှုများ သိသိသာသာ ပေါ်ပေါက်လာကြောင်း၊ ဦးတေဇ၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားများ လျော့ပါးရေးအတွက် ချစ်သူများနေ့ကို ဦးတေဇ၏ ပိတ်ဆို့မှုဒဏ် ခံရသည့် နိုင်ငံများအပြင် တခြားနိုင်ငံများကလည်း ပူးတွဲ ကျင်းပခဲ့ကြရကြောင်း၊ သို့သော် မလေးရှားကဲ့သို့သော နိုင်ငံတချို့တွင် ချစ်သူများနေ့ကို ကျင်းပခြင်း မပြုရန် တားဆီးမှုများရှိခဲ့ပြီး ထိုသို့သော တားဆီးမှုများ ဖြစ်ပေါ်စေရန် ဦးတေဇက ဖိအားပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု မြန်မာ့အရေး လေ့လာသူတို့က သုံးသပ်ကြောင်း ဧရာဝတီ ဘလော့ စာမျက်နှာတွင် ရေးသားထားသည်။

သတင်း အပြည့်အစုံသို့
ဦးတေဇ၏ ပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံများ အထိနာသည့် သတင်း

(ပရလောကသားများ လက်တို့သည်)

သူများနှာခေါင်း အငှားတောင်း MAI လေကြောင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)ဟာ လက်ရှိမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ ဗုဒ္ဓဂယာတို့ကို ပျံသန်းပြေးဆွဲနေတယ်။ မကြာခင်မှာ ရန်ကုန်ကနေ ကမ္ဘောဒီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နတို့ကို တိုးချဲ့ပြေးဆွဲတော့မယ်လို့ ကြွေးကြော်တယ် (Read Here)။ အခုဆိုရင် လေယာဉ် လေးစင်း ရှိနေပြီ။ ငါးစီးမြောက် လေယာဉ် လာတော့မယ် လို့လဲ ဆိုတယ်။ ဒီလို ကြီးပွားလာနေတဲ့ MAI လေကြောင်း အကြောင်းကို တစေ့တစောင်း အကဲခတ် ကြည့်ကြရအောင်ပါ။

MAI မှာ အထက်ပါ လေယာဉ် အမျိုးအစား ဖြစ်တဲ့ Airbus A320-231 သုံးစီး ရှိတယ်။ လေယာဉ်နံပါတ်တွေက XY-AGG, XY-AGI နဲ့ XY-AGL တွေပါ။ ပထမ နှစ်စီးက Adria Airways လေကြောင်းမှာ သုံးပြီးသား လေယာဉ် အဟောင်းတွေ ဖြစ်သလို၊ တတိယမြောက် လေယာဉ်ကလဲ Cyprus Airways မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်ပါတယ်။ MAI မှာ နောက်ထပ် သုံးစွဲနေတဲ့ လေယာဉ် အမျိုးအစား နောက်တမျိုး ကတော့ Airbus A321-111 ပါ။ သူက လေယာဉ်အမှတ် F-GYAO ဖြစ်ပြီး Swiss Air နဲ့ Air Méditerranée တို့မှာ အသုံးပြုခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ (Photo: M Radzi Desa)

MAI ဟာ စစချင်းမှာ ဘရူနိုင်း လေကြောင်းနဲ့ မလေးရှားလေကြောင်းက လေယာဉ်တွေနဲ့ သူများ နှာခေါင်း အငှားတောင်းကာ စတင် ပျံသန်းခဲ့ပါတယ်။ အဲဒီတုန်းက လေယာဉ်တွေဟာ သေသပ်လှပတဲ့ ရုပ်ဆင်း အင်္ဂါတွေ ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ အသေအချာကြည့်ရင် လေယာဉ် အမြီးနဲ့ အင်ဂျင်တွေကိုပဲ MAI အမှတ်တံဆိပ် ဆေးရောင်ခြယ်ထားတာ ဖြစ်ပါတယ်။ ဒီလေယာဉ်ကတော့ MAI မှာ ပထမဦးဆုံး လေယာဉ် အဖြစ် အသုံးပြုခဲ့တဲ့ Royal Brunei Airlines က Boeing 757-2M6 လေယာဉ်ဖြစ်ပါတယ်။ (Photo: Mika B Virolainen)

သိပ်မကြာပါဘူး၊ MAI ဟာ သူ့ရဲ့ လေယာဉ်တွေကို ရုတ်တရက် ကာလာ ပြောင်းလဲလိုက်ပါတယ်။ ဘာကြောင့် အဲသလို လေယာဉ် အရောင် ပြောင်းရပါသလဲ? (Photo: Jialian Gao)

လေ့လာကြည့်တဲ့အခါ လေယာဉ် အရောင်ပြောင်းတာမဟုတ်ဘဲ မူလ လေကြောင်းရဲ့ ကာလာအတိုင်း သုံးစွဲတာ ဖြစ်ကြောင်း အထက်ပါ ဓာတ်ပုံမှာ တွေ့ရပါတယ်။ မွဲတေလှတဲ့ မြန်မာ လေကြောင်းဟာ MAI ဆိုတဲ့ စာလုံး သုံးလုံးနဲ့ အမြီးကိုသာ ဆေးခြယ်ခဲ့တာပါ။ ပြီးတော့ PEGASUS ဆိုတဲ့ စာလုံးကို အပေါ်က အဖြူရောင်ခြယ်ပြီး ဖုံးဖိခဲ့ပါတယ်။ Boeing 737-82R အမျိုးအစားပါ။ (Photo: Reinhart Losch)

ဒီဓာတ်ပုံမှာတော့ သူများနှာခေါင်း အငှားတောင်းပြီး၊ သူတပါး လေကြောင်းလိုင်း အမှတ်သင်္ကေတ နဲ့ အရှက်မရှိ ပျံသန်းနေတဲ့ MAI ကို တွေ့ရမှာ ဖြစ်ပါတယ်။ Boeing 737-82R အမျိုးအစား လေယာဉ် ဖြစ်ပါတယ်။ (Photo: Beiley)

သူများ နှာခေါင်း အငှားတောင်း MAI လေကြောင်းဟာ Fokker 100 လေယာဉ်ရဲ့ Air Bagan အမှတ်အသား ကိုတောင် MAI တံဆိပ်ပြောင်းပြီး ဆေးမသုတ် နိုင်လောက်အောင် မွဲတေသွားပါတယ်။ အဲဒီ လေယာဉ်ဟာလဲ Air Littoral မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်းကြီးပါ။ (Photo: M Radzi Desa)

Orient Thai Airlines တံဆိပ်အတိုင်း ပြေးဆွဲနေတဲ့ MAI ရဲ့ MD 82 (DC-9-82) လေယာဉ် အဟောင်းကြီး ဖြစ်ပါတယ်။ ထိုင်းစာလုံးတွေတောင် ပါလိုက်သေး။ (Photo: Chaity)

Pacific Air လေကြောင်း သင်္ကေတကို ဆေးပြောင်း မသုတ်နိုင်လောက်အောင် မွဲတေတဲ့ MAI ရဲ့ နောက်ထပ် MD 82 လေယာဉ် (Photo: Stéphane Mutzenberg)

MAI လေယာဉ်ရဲ့ အဆိုးရွားဆုံး အခြေအနေ ဖြစ်ပါတယ်။ ဆေးရောင် ကျွတ်နေတာကိုတောင် ကောင်းကောင်း ဆေးမသုတ်နိုင်တော့ပါ။ လူသူ မသုံးတော့တဲ့ MD 82 အမျိုးအစားပါ။ (Photo: Andrew Hunt)

လေယာဉ် အမြီးက တော်တော် ရွဲနေတာ တွေ့ရတယ်။ Continental, Lionair လေကြောင်း တွေမှာ ဖွတ်ဖွတ်ကြေအောင် သုံးခဲ့တဲ့ အဲဒီ လေယာဉ်ဟောင်းကြီးရဲ့ မူလ လေကြောင်း သင်္ကေတ အမှတ်အသား တွေရဲ့ ဘေးမှာ MAI တံဆိပ်ကို ဆေးခြယ်ထားတာ တွေ့ရပါတယ်။ (Photo: Calixius Casper Koh)

ဒါတွေကတော့ သူများနှာခေါင်း အငှားတောင်းပြီးတော့ သူတပါး လေယာဉ် အဟောင်းတွေနဲ့ ပျံသန်း ပြေးဆွဲခဲ့ပြီး၊ ပြေးဆွဲဆဲ.. ပြေးဆွဲ လတ္တံ့သော MAI လေယာဉ်များ အကြောင်းဖြစ်ပါတယ်။ MAI ဟာ ယခုအခါမှာလဲ သူတပါး ဖွတ်ဖွတ်ကြေအောင် သုံးစွဲပြီးဖြစ်တဲ့ လေယာဉ် အဟောင်းများကို ဆေးရောင်လှလှ ခြယ်ကာ၊ လေယာဉ် အသစ်ယောင်ဆောင်ပြီးတော့ ခရီးစဉ်တွေ တိုးချဲ့မယ်လို့ ကြွေးကြော်နေခြင်းသာ ဖြစ်ပါကြောင်း။

Tuesday, February 15, 2011

ဦးအောင်သိန်းလင်း တစ္ဆေမွေးမြူရေး လုပ်ငန်း စတင်

မြို့တော်ဝန်ပြုတ် ဦးအောင်သိန်းလင်း တစ္ဆေမွေးမြူရေး စတင်လုပ်ဆောင်နေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်မှ အစပြုမွေးမြူခဲ့ပြီး ယခုအချိန်တွင် တဟုန်ထိုး တိုးတက်များပြား လာနေသည် ဆိုသော ရုပ်ရှင်မင်းသား ကိုကျော်သူ၏ သရဲတပ် အင်အားကို ယှဉ်ပြိုင် နိုင်ရန်ဟု ၄င်းက ပြောသည်။ ကိုကျော်သူ သရဲ မွေးမြူကြောင်း သတင်းကို ဤသတင်းဌာနမှ ပို့စ်မော်ဒန် သတင်းတပုဒ် အဖြစ် တင်ပြခဲ့ဖူးသည်။ (Click Here)

အဆိုပါ ပို့စ်မော်ဒန် သတင်းကို ဖတ်ပြီး မျက်စိလည်သွားသော ဦးအောင်သိန်းလင်းက ကိုကျော်သူ၏ သရဲအင်အားကို အချိန်တိုအတွင်း အမီလိုက်နိုင်ရန် လူသေအလောင်းများကို ငွေ ၂ သောင်းနှင့် အတင်းအဓမ္မ လုဝယ်ယူလျက် ရှိသည့်အပြင် လူသေဆုံး (သို့) အလောင်း တွေ့ရှိပါကလည်း မိမိတို့နှင့်သာ ဆက်သွယ် ဆောင်ရွက် ပါရန် ဦးအောင်သိန်းလင်း ဦးဆောင်သော ကြံ့အဖွဲ့ကြီးမှ အမိန့်ထုတ်ပြန်ထားသည်။

ဤအတိုင်းသာဆိုလျှင် လူသေအလောင်း အရောင်းအ၀ယ် ဈေးကွက်တခု ဖြစ်ပေါ်လာနိုင်ပြီး အလောင်းပျောက် ဆုံးမှု၊ အုပ်ဂူ ဖောက်ထွင်းမှု များလည်း ရှိလာနိုင်သဖြင့် အရေးကြီး လူသေ အလောင်းများကို ဘဏ်အချို့  တွင် သာ အပ်နှံထား သင့်ကြောင်း အသုဘရေးရာ ကျွမ်းကျင်တဦးက သုံးသပ်ပြောကြားသည်။

မည်သို့ပင် နည်းအမျိုးမျိုးဖြင့် စည်းရုံး ဆွဲဆောင် နေသော်လည်း ဦးအောင်သိန်းလင်း၏ တန်ခိုးသိဒ္ဓိ မပြည့်စုံမှု၊ တစ္ဆေမွေး မကျွမ်းကျင်မှု တို့ကြောင့် ဦးအောင်သိန်းလင်း၏ အသင်းဝင် တစ္ဆေ အလွန်ပင် နည်းပါး နေသေးကြောင်း သိရသည်။

ထို့ပြင် သေသူ အားလုံးကို တစ္ဆေဟု သတ်မှတ်သဖြင့် အသုဘပိုင်ရှင်များက ဦးအောင်သိန်းလင်းကို ပြင်းထန်စွာ ဒေါသထွက်နေကြောင်းလည်း သိရသည်။ ၄င်း၏ အူကြောင်ကြောင် စုံစမ်းမှုများအရ ဦးကျော်သူ မွေးမြူထားသော သရဲ အရေအတွက်မှာ ၂.၅ သန်းခန့် အထိ တိုးတက် များပြားလာနေပြီဟု ဦးအောင်သိန်းလင်းက ဆိုသည်။ သို့သော် ကိုကျော်၏ သရဲမှာ မည်သို့သော သရဲများ ဖြစ်ကြောင်းကိုမူ ဦးအောင်သိန်းလင်း သဘောမပေါက်သေးချေ။


သရဲစစ်တပ် (Photo: cool-wallpapers.biz)

ကိုကျော်သူသည် မကြာသော အချိန်အတွင်းတွင် သူ၏ သရဲတပ်အင်အား ကို အသုံးပြုကာ မြန်မာ့တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းလာနိုင်ကြောင်း BSNews ၏ ပို့စ်မော်ဒန်သတင်းကို ဖတ်ရှုပြီးသော မြန်မာ့ဗိုလ်ချုပ်ကြီးကလည်း သုံးသပ်သည်။ ထို့ကြောင့် ကိုကျော်သူ၏ သရဲများနှင့် ယှဉ်ပြိုင်ရန်အတွက် တစ္ဆေ၊ သရဲ၊ ၀ိဥာဉ်များနှင့် သွေးစုပ် ဖုတ်ကောင် များ စစ်မှုမထမ်း မနေရ ဥပဒေကို မကြာသေးမီက အရေးပေါ် ပြဌာန်းလိုက်သည်။ အဆိုပါ ဥပဒေအရ စစ်ဗိုလ်ချုပ်ကြီးများ ကွယ်လွန်ပြီးသည့်အခါ နာနာဘာဝများ ဖြစ်သည့် တိုင်အောင် စစ်မှုထမ်းကြရမည်ဟု ဆိုသည်။ (Click Here)

(ပြည်တွင်း သတင်းထောက် ပေးပို့သည်)

Monday, February 14, 2011

Apple Inc. ရဲ့ CEO က မြန်မာတွေကို ကျေးဇူးတင်စကားပြော

ဆေးခွင့်နဲ့အနားယူနေတဲ့ Apple Inc. က CEO Steve Jobs ဟာ
BSNews ရဲ့ "Apple ကုမ္ပဏီမှ မြန်မာပြည်တွင် စူပါကွန်ပျူတာများ တပ်ဆင်ထုတ်လုပ်" ဆိုတဲ့ သတင်း တင်ဆက် ခဲ့မှုကြောင့် (Click Here) BSNews မှာ အင်တာဗျူးတစ်ခု ထည့်ပေးဖို့ ယနေ့ ဘာလင်တံတိုင်းနေ့မှာ ပန်းသီးစားသူများအဖွဲ့ကို အတင်းကာရော ဆက်သွယ်ပြီးတော့ ပန်ကြားလာပါတယ်။

သူက iPad ဆိုတာ မြန်မာပြည်က ကျောက်သင်ပုန်း ဒီဇိုင်းကို အသုံးပြုထားပါလို့ ပြောပြပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကို ကျေးဇူးတင်ပါတယ်လို့ သူက အထူးအလေးပေး ပြောကြားသွားခဲ့ပါတယ်။
သူနဲ့ ပန်းသီးစားရင်း စကားပြောခဲ့တာတွေကို ပြန်လည် ဖွဆို လိုက်ပါတယ်။

Steve Jobs said:
ကျွန်တော်ပေါ့လေ ကျွန်တော်အရမ်းအရမ်းကိုပြောချင်နေခဲ့တာပေါ့လေ
ခင်ဗျားတို့မြန်မာနိုင်ငံရဲ့ကျေးဇူးတွေကျွန်တော်တို့ company အပေါ်မှာအများကြီးရှိပါတယ်။

ဘာလဲဆိုတော့.....
ကျွန်တော်လေ iPad အတွက် design ကိုစဉ်းစားတဲ့အခါမှာပေါ့လေ
တမူထူးခြားအောင်ဆိုပြီး ဘယ်သူမှလည်းမထင်မှတ်ထားတဲ့ design နဲ့ပေါ့လေ
ထုတ်မယ်ပေါ့နော်

ဒါနဲ့ အာရှမှာက ဒါမျိုးလေးတွေကရှိတတ်သားဆိုတော့ ပြဲပြဲစင်အောင်ရှာတဲ့အခါ
ခင်များတို့မြန်မာနိုင်ငံက ကျောက်သင်ပုန်း ဆိုတာကိုသွားပြီးတွေ့တယ်ဗျာ...


(Photo: wikimyanmar)

( လက်ဖျောက်တီးလျက် ) ကျွန်တော်လေ ပျော်လိုက်တဲ့အပျော် ၂ ရက်လောက်အိပ်မပျော်ဘူး၊ အဲဒီတုန်းထဲကပြောချင်နေတာ။
ဒီဘက်မှာက ကျောက်သင်ပုန်းကို တော်ရုံတန်ရုံ သိပ်ပြီးသိကြတာမဟုတ်တော့ design ကိုလည်းကြိုက်ကြ အရောင်းလည်းသွက်တယ်ဗျား။

အခု ကျွန်တော်လေ နောက်ထုတ်မဲ့ iPad 2 ကိုလည်း ကျောက်သင်ပုန်း နဲ့ပိုပြီးတူအောင်လုပ်ထားတယ်ဗျာ

(Photo: scottsoapbox.com)

အဲဒါဘာလဲသိလား???
Home button ဆိုတဲ့ ခလုတ်ထည့်မထားဘူး ညှင်း ညှင်း ညှင်း။
ကျွန်တော်ဘယ်လောက်ပိုင်ထားသလဲ။
အဲ...နောက်ပိုင်းမှာဆက်ထုတ်မယ့် iPad 3 အတွက်ကိုလည်း ကျွန်တော်လေ ကျောက်တံပါထည့်ပေးရင်ကောင်းမလားပေါ့လေ စဉ်းစားထားတယ်ပေါ့။
အားပေးကြပါဦးလို့။

နို့ ဒါပေသိ ကျောက်သင်ပုန်း မူပိုင်ခွင့်နဲ့ပါတ်သက်ပြီး ကျွန်တော့်ကိုဘာမှတောင်းဆိုဖို့တော့မကြိုးစားစေချင်ဘူးနော
ခင်များတို့မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေဗျား...

လို့ ပြောယင်း သူ့ရဲ့ style အတိုင်း အဟက်ဟက် နဲ့ရယ်ရင်း နိဂုံးချုပ်သွားပါတယ်။

(ပန်းသီးစားသူများ အင်တာဗျူးသည်)


Apple will remove home button on next iPad and iPhone

ဘာလင်တံတိုင်း နေ့

ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့သည် ဘာလင်တံတိုင်းနေ့ ဖြစ်သည်။ ထိုနေ့တွင် အရှေ့ဘာလင် နှင့် အနောက်ဘာလင်ကို ကာဆီးထားသော ဘာလင် တံတိုင်းကြီး ပြိုလဲသွားပြီးနောက် အရှေ့နှင့် အနောက် ၂၉ နှစ်နီးပါး ကွဲကွာနေသော ဘာလင်မြို့မှ ချစ်သူနှစ်ဦး ပထမဦးဆုံး အကြိမ် ပွေ့ဖက်ကာ မွှေးမွှေးပေးကြသည့် နေ့ဖြစ်သည်။

ချစ်သူများကို စည်းခြားလိုက်သည့် ဘာလင်တံတိုင်း (Photo: novaonline)

ဘာလင် တံတိုင်းကို ၁၉၆၁ သြဂုတ် ၁၃ တွင် အရှေ့ဂျာမနီ အစိုးရက စတင် ကာရံခဲ့သည်။ ထိုအချိန်မှ စ၍ ဘာလင် တမြို့တည်းတွင် နေထိုင်သည့် ချစ်သူများလည်း ဝေးကွာခဲ့ကြရသည်။ တွေ့မည် ဆိုလျှင်ပင် တွေ့ဆုံရန် လျှောက်လွှာ တင်ရသည့် ဘ၀၊ ဗီဇာ ယူရသည့် အခြေအနေဖြစ်သည်။ ၁၉၈၉ နိုဝင်ဘာ ၉ တွင် ဘာလင် တံတိုင်းကို စတင် ဖြိုဖျက်သည်။ ထိုနေ့မှ စ၍ အရှေ့ အနောက် ဘာလင်မှ ကွဲကွာသူများ ပြန်လည် ဆုံတွေ့မှု စတင် သော်လည်း အမျိုးသားများက တူများ၊ ပုဆိန်များဖြင့် ထုရိုက်ဖြိုဖျက်ခဲ့ကြခြင်း ဖြစ်သဖြင့် ပြန်လည် ဆုံတွေ့သူများမှာ အမျိုးသားများသာ ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ ရက်ရောက်မှသာ ဘာလင်တံတိုင်းကြီး ရှင်းရှင်းလင်းလင်း ပြိုလဲသွားခဲ့ပြီး ချစ်သူများ ပြန်လည် ဆုံစည်းခြင်း ဖြစ်၏။ ၁၉၉၀ အောက်တိုဘာ ၃ ရက်တွင် အရှေ့နှင့် အနောက် ဘာလင် မှ ၂၉ နှစ်တာ ကွဲကွာနေသော ချစ်သူများ ပေါင်းစည်းမှု တရားဝင် အသိအမှတ်ပြု ခံရပါသည်။

@ပန်းချီ-ရဲဒွန်

ဘာလင် တံတိုင်း အကြောင်း

ပြည်ပထွက်ခွာသူများအဖွဲ့ အခွန်စိစစ်ရေးရုံးနဲ့ တစ်မနက်တာ

(Photo: Hanthawaddy)

မနက် ၉ နာရီလောက်ဆို အစိုးရရုံးတွေ ဖွင့်ချိန်မို့ Taxi ကလေးနဲ့ အပြေးသွားခဲ့ပါတယ်...

အရပ်သားစကားနဲ့ဆို ပုံစံ ၁၉ ရုံးပေါ့....

ရုံးရှေ့ကိုလည်း ရောက်ရော သံပန်းတံခါးပိတ်ထားတဲ့ ရုံးကြီးနဲ့ ရုံးမျက်နှာစာအပြည့် အုံနေတဲ့ လူတွေကို တွေရတော့ သိလိုက်ပါတယ်....ထုံးစံအတိုင်းပဲဆိုတာ....တိုးရ ဝှေ့ရတော့မယ်ဆိုတာပေါ့.....

ဒါပေမဲ့ ဘုမသိ ဘမသိနဲ့တော့ ဒီအတိုင်း တိုးမနေနိုင်တာနဲ့ မေးကြည့်မိပါတယ်..ဘာလို့တိုးနေကြတာလဲပေါ့..အဲဒါနဲ့ တန်းစီတိုးနေတဲ့လူတွေက ဒီနေ့ကစပြီး ရုံးဖွင့်နောက်ကျမှာတဲ့..ပြီးတော့ လူဦးရေ အကန့်အသတ်နဲ့ပဲ အခွန်ကင်းရှင်းကြောင်းစာရွက်တွေ ထုတ်ပေးမတဲ့...မရလို့လည်း မဖြစ်ဘူးလေ..ဒီစာရွက်ပြမှ ချစ်စရာကောင်းတဲ့ အနီရောင်စာအုပ်ရမှာကိုး။ ဒါနဲ့ပဲ တိုးကြလေတော့သတည်းပေါ့...


၁၀ နာရီမှ ရုံးတံခါးဖွင့်မှာ ဆိုတော့ ၁ နာရီလောက်တော့ စောနေသား၊ ဒါပေမဲ့ မရဘူးဆရာရေ့ တိုးနေကြတာမှ ပက်ပက်စက်စက်..တစ်ခုကောင်းတာက မိန်းကလေး သက်သက်၊ ယောက်ကျားလေးသက်သက်မို့။ နို့မို့ဆို မတွေးဝံ့စရာပါပဲ။

နေကလည်းပူတာမှ ခြစ်ခြစ်တောက်၊ တန်းစီတဲ့နေရာကနေလည်း ဘယ်မှ မလှုပ်ရဲ၊ နေရာပျောက်သွားမှာလေ။ ဒါနဲ့ ဖွင့်ပါပြီတဲ့ ၁၀ နာရီ။ ၁၀ ယောက်တစ်ခါတဲ့။ အမလေးလေး တိုးလိုက်တာမှ ပိုက်ဆံအလကားဝေသလားမှတ်ရတယ်၊ တံခါးတစ်ခါဖွင့်ရင် တိုးလိုက်၊ နင်းလိုက်၊ ကြိတ်လိုက်နဲ့ပေါ့။ ကဲရောက်ပါပြီနောက်ဆုံးအထဲကို။ ၀င်တာနဲ့ ဖောင်ဝယ် - ပိုက်ဆံ ၁၀၀၀။ သွား ဟိုနားကို။ ဘာညာဖြည့်။ တိုကင်သွားယူ။ နာမယ်ခေါ်မယ် စောင့်နေ။ မကြားလို့ကတော့ နာပြီမှတ်။

ကဲရော့ ဒီမှာ..ဘဏ်ကိုသွား ပိုက်ဆံသွားသွင်း..ရီတော့ရီရသား..ဘဏ်ဆိုင်းဘုတ်ကို ဖတ်ရတာ..E-bank တဲ့..အဟမ်း..ဘဏ်အတွက် ဖောင်စဖြည့်တာကနေ အဆုံးထိ အီးနဲ့ပတ်သက်ပြီး လုပ်ရတာဆိုလို့ ထိုင်စောင့်ရင်း အီးပေါက်တာလေးပဲ ရှိပ။

ဒါနဲ့ သွားစမ်းဟဲ့ ဟိုအပေါက်ဆိုပြီး သွားလိုက်ကြတာ နောက်ဆုံး လူတွေ စုပုံ စောင့်နေတဲ့ အ၀င်ဂိတ်ကို ပြန်ရောက်..မျက်စိသူငယ်နဲ့ ဘာလဲဟဲ့ဆိုပြီးပြန်စောင့်ပေါ့နော်..ဒါနဲ့ ဥပဓိရုပ်ကောင်းကောင်း အောစ့်ဖစ်ဆာကြီးတစ်ယောက်ထွက်လာပြီး မတိုးကြနဲ့ နာမယ်ခေါ်မဟဲ့လုပ်..ဘာရမလဲ..မြန်မာနိုင်ငံသားပီပီ တိုးလိုက်ကြတာမှ လက်ကုန်၊ အကြောင်းသိတယ်လေ..မတိုးလို့က ဘာမှ မရ။ ထမင်းစားချိန်လည်း ရောက်ပြီ ထမင်းကလည်းမစားရသေး၊ ရေလည်းသွားမသောက်ရဲ ကိုယ့်အလှည့်လွန်သွားမယ်လေ...ဒါနဲ့ပဲစောင့်လိုက်တာ..ဟော ရပါပြီတဲ့ စက္ကူစုတ်သာသာ အခွန်ကင်းရှင်းကြောင်းစာရွက်တဲ့..ပြန်မယ်လုပ်တုန်း..ဟေ့ဟေ့ ဦးစီးမှူးလား ဘာလားဆီမှာ လက်မှတ်သွားထိုးဆိုလို့ အမြန်သွားလိုက်တာမှ ဖတ်ဖတ်မော။ ရုံးချိန်မှာ ရုံးမှာ မရှိတဲ့ လူကြီးရဲ့ စားပွဲပေါ်က စာရွက်ထပ်ကို ကြည့်ပြီး အမယ်လေးနော် ဒီတစ်သက် နိုင်ငံခြားမသွားရလည်း ရှိစေတော့..စိတ်ကို တုံးတုံးချတဲ့ အချိန်မှ ပိုက်ဆံ ၁၀၀၀ ထုတ်ထား လာပြီကွ လက်မှတ်တွေ ဆိုင်္ပြီး တစ်ယောက်ပြီးတစ်ယောက် အော်တိုတွေရလို့ သက်သာရာရ..

ဒါနဲ့ပြီးပြီလားဆိုတော့ မပြီး မိတ္တူဆိုတော့..သွားပါတယ် ရုံးထဲက မိတ္တူဆိုင် ငါးရာတန်ပေးလိုက်တာ ပြန်ကို မရ။ အော် ဒုက္ခ..ဒုက္ခလို့သာ တ ရင်း နောက်တစ်နေ့ အနီရောင်စာအုပ်ရုံးကလေးကို သွားရမဲ့ အရေး ရင်လေးမိသေး။


©Webber

ရတနာဂီရိမှ မန္တလေးနန်းတော်စတိုင် သီပေါမင်းစံအိမ်တော်ကို အိန္ဒိယက ပြုပြင်မွမ်းမံ

သီပေါမင်း နေထိုင်သွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ရတနာဂီရိက စံအိမ်တော်ကို ပြန်လည် ပြုပြင်ဖို့ စီစဉ်နေကြပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လက ပြတိုက်ဖြစ်လာတဲ့ စံအိမ်တော်ကို ပြင်ဆင် မွမ်းမံဖို့ ရှေးဟောင်းသုတေသနနဲ့ ပြတိုက်ဌာနက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီ စံအိမ်ကို မန္တလေး စတိုင် နန်းတော် ပုံစံလိုမျိုး ဆောက်ထားတာ ဖြစ်တယ်လို့ သတင်း တပုဒ်က ဆိုပါတယ်။ ဒါပေမဲ့ မန္တလေးနန်းတော်နဲ့ ရတနာဂီရိ စံအိမ်ကို ယှဉ်ကြည့်တဲ့အခါ တူတာဆိုလို့ အနီရောင်ပဲ တွေ့ရပါတယ်။

ပြန်ဆောက်ထားတဲ့ မန္တလေးနန်းတော် (Photo: travelpod)

မန္တလေးစတိုင်  မန္တလေးနန်းတော် ပုံစံ ဆောက်လုပ်ထားတယ် ဆိုတဲ့
ရတနာဂီရိမှ သီပေါမင်းစံအိမ်တော် (Photo: OkTaTaByeBye)


လက်တို့သူ-မေမြို့သား

Sunday, February 13, 2011

အဖေ ...

(Source: youtube)

လေးဖြူရဲ့ အဖေ သီချင်းပါ။ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ တက်ဆက်လိုက်ပါတယ်။

ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ


၂၀၁၁ ဖေဖော်ဝါရီ ၁၃ မှာ ကျရောက်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
(၉၆) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ယူကျုကနေ ပြန်လည် ဝေမျှ လိုက်ပါတယ်။

ဟာသတွေ ပြောတဲ့ သခင်တင်မြ

မနေ့က ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ သခင် တင်မြရဲ့ ဆောင်းပါး တပုဒ် ပါရှိတယ်။ အဲဒီ ဆောင်းပါးထဲမှာ သခင်တင်မြ ပြောထားတာက- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "လမ်း၊ တံတား၊ ဆည်တွေ ဆောက်တာ ကောင်းသလား" လို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးသတဲ့။ ဒေါ်အောင်ဆန်းစုကြည်က "မကောင်းဘူး" လို့ ဗိုလ်ချုပ်ကြီး နေ၀င်းကို ပြန်ဖြေပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။
သတင်းစာမှာ သခင် တင်မြ ရေးထားတဲ့ အတိုင်း ဖတ်ရှုနိုင်ပါတယ်။ သူလဲ အသက်ကြီးပြီ ဆိုတော့...

ငရုတ်ကောင်းမှ ရုပ်သံထုတ်လွှင့်မှု နည်းပညာ မြန်မာပညာရှင်များတီထွင်

ငရုတ်ကောင်းမှ နေ၍ ရုပ်မြင်သံကြား အစီအစဉ်များ ထုတ်လွှင့်မှုကို မြန်မာ အင်ဂျင်နီယာ ပညာရှင်များက တီထွင်လိုက်ပြီဟု ယမန်နေ့ထုတ် ကြေးမုံသတင်းစာက ရေးသားသည်။

အဆိုပါ နည်းပညာအရ ပထမဦးစွာ ငရုတ်ကောင်းစေ့ များကို အမှုန့်ကြိတ်ရကြောင်း၊ ထို့နောက် ရရှိလာသည့် ငရုတ်ကောင်းမှုန့်များကို ဒယ်အိုး တအိုးထည့်တွင် ထည့်ကာ အပူပေးရကြောင်း သိရသည်။ ၄င်းမှ ထွက်ပေါ်လာသည့် ငရုတ်ကောင်းငွေ့များသည် လေထဲတွင် ပြန့်နှံ့လျက်ရှိရာ အဆိုပါ အငွေ့များကို antenna ဖြင့် ဖမ်းယူ နိုင်ကြောင်း၊ ရုပ်မြင်သံကြားစက်အတွင်း ငရုတ်ကောင်းငွေ့များ ၀င်ရောက် သွားသောအခါ ရုပ်သံ အစီအစဉ်များ အဖြစ် ပြောင်းလဲ ဖြစ်ပေါ်သွားကြောင်း သိရသည်။ ယခုအခါ ငရုတ်ကောင်းမှ ရုပ်မြင်သံကြား အစီအစဉ်များကို ကြည်လင် ပြတ်သားစွာ ထုတ်လွှင့်လျက် ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


(Source: the Mirror)

@B-Ong

မြန်မာမီဒီယာတခု အာရပ် ဘာသာဖြင့် သတင်းတင်ဆက်မှု စတင်

မြန်မာ သတင်းမီဒီယာကြီး တခုက အာရပ် ဘာသာဖြင့် သတင်းများ တက်ဆက်မှုကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စတင်လိုက်သည်။ မြန်မာ မီဒီယာ လောက အနေဖြင့် အာရပ်ကမ္ဘာအထိ သတင်းများ ထိုးဖောက်ရန် ရည်ရွယ်ပုံ ရကြောင်း၊ မြန်မာပြည်သို့ ထွက်ပြေးလာသည့် အာရပ်ကမ္ဘာမှ ဟိုဇာနည် မူဖာယက် (သို့မဟုတ်) ဟို-ဇနီး မူဖာယက် ၏ လတ်တလော မြန်မာပြည်မှ အခြေအနေများကို အာရပ်လူမျိုးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး အာရပ် ဘာသာစကားဖြင့် တိုးချဲ့ တက်ဆက်ခြင်း ဖြစ်ပုံ ရကြောင်း မြန်မာ့ အရေး အကဲခတ်များက သုံးသပ် ပြောဆိုသည်။

အာရပ်ဘာသာ သတင်းခေါင်းစီးကို တွေ့ရစဉ်

Saturday, February 12, 2011

အီဂျစ်သမ္မတ မူဖာယက် ရာထူးမှ ဆင်းပြီးနောက် မြန်မာပြည်သို့ ထွက်ပြေးရောက်ရှိ

အီဂျစ် သမ္မတဖြစ်သူ၊ အာဏာရှင်ကြီး ဟိုဇာနည် မူဖာယက် ရာထူးမှ ဆင်းပေးပြီးနောက် တိုင်းပြည်မှ ထွက်ပြေးသွားသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဟု ဟိုဇာနည်နှင့် နီးစပ်သော ဂီတလောက မှ ပြောသည်။ နှစ်ပေါင်း သုံးဆယ်ကြာ လုပ်ခဲ့သော သမ္မတ အဖြစ်မှ ပြုတ်သွားပြီးနောက် လုပ်စားစရာ မရှိတော့သော ဟိုဇာနည်က အဆိုတော် လုပ်မည်ဟု ပြောသည်။ ယခုအခါ ဟိုဇာနည်သည် အဆိုတော် R-ဇာနည် ထံတွင် သီချင်း ဆိုနည်းများကို အနီးကပ် လေ့လာ သင်ယူလျက် ရှိသည်။

အဆိုတော်လုပ်တော့မည့် ဟိုဇာနည်
စတူဒီယိုတွင် အသံသွင်းနေစဉ် (Photo: worldsheadlines.net)

အိမ်မှာကျယ်သော "လော့စ် အိမ်ကျယ်လိစ်တိုင်းမ်"ကမူ ဟိုဇာနည် မူဖာယက် အင်္ဂါဂြိုဟ်သို့ ထွက်ပြေးသွားကြောင်း မှားယွင်းစွာ သတင်းတပုဒ် မှန်းဆ ရေးသား ထားသည်ကို တွေ့ရသည်။ အိမ်ကျယ်လိစ်တိုင်းမ် သည် သတင်းများကို အပြင်ထွက်ကာ မလေ့လာဘဲ အိမ်ထဲတွင် ထိုင်ရေးလေ့ ရှိသဖြင့် ထိုသို့ မှားယွင်းသွားခြင်း ဖြစ်သည်။ (Click Here)

ဆက်စပ် သတင်း တပုဒ် အရ မူဖာယက်နှင့် မယားညီအစ်ကို တော်စပ်သူ ပါကစ္စတန် အာဏာရှင် သမ္မတဟောင်း မူလျှာယက် မှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘရာဇီယာ ပုတို လုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရကြောင်း သိရသည်။ (Click Here)


ဟိုဇာနည် မူဖာယက် နှင့် မူလျှာယက် နှစ်ဦးစလုံးသည် မြန်မာနွယ်ဖွားများ ဖြစ်ကြောင်း ယင်းတို့၏ အမည်များက သက်သေပြနေသည်။ အတည်မပြုရသေးသော သတင်းတပုဒ်က ယခု ပြုတ်ကျသွားသော အီဂျစ် သမ္မတ၏ အမည်မှာ ဟို-ဇနီး မူဖာယက် ဟု ဆိုသည်။ ဟိုဇနီး မူဖာယာက်သည် တရုတ်လူမျိုး မစ္စတာ ဟို ၏ ဇနီးဖြစ်ကြောင်း၊ မိန်းမ တဦးဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။ မူဖာယက် ယောက်ျားလား မိန်းမလား ဆိုသည်နှင့် ပတ်သက်၍ BSNews သတင်းထောက်များက အနီးကပ် လေ့လာလျက် ရှိကြသော်လည်း အသေးစိတ် တွေ့မြင်ရန် အခွင့်မသာ သေးကြောင်း သတင်းရရှိသည်။

မြန်မာတိုင်းမ် ဂျာနယ်တည်ထောင်သူ မစ္စတာ ဒန်ကလေး အဖမ်းခံရ

(Photo: teakdoor.com)

မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ဒန်အိုးဒန်ခွက် ရောင်းဝယ်သူ မစ္စတာ ဒန်ကလေး ကို မနေ့က ရန်ကုန်မှာ ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာကတော့ အမျိုးမျိုး ပြောဆိုနေကြတုန်းပါပဲ။ သေချာတာကတော့ နေပြည်တော်မှာရှိတဲ့ တော်ဝင် ဒန်အိုးဒန်ခွက် တွေကို ပြည်ပသို့ ခိုးယူမှုကြောင့် ဖြစ်တယ်လို့ ဒန်အိုး ဒန်ခွက်ရောင်းဝယ်သူ ဘာဘူကြီး တဦးက ပြောပါတယ်။ မစ္စတာ ဒန်ကလေး ပြည်ပကို ခိုးရောင်းတဲ့ အထဲမှာ မိဖုရားကြီး အပေါ့အပါးသွားတဲ့ ရွှေပိန်းချ ဒန်အိုးကြီး တလုံးလဲ ပါဝင်တဲ့ အတွက် အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့လဲ သတင်းတပုဒ်က ဆိုပါတယ်။


@Irrawaddy
@FNG

တို့ပြည်ထောင်စုသားတွေ

ဒီနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုဖွား ညီနောင်များနဲ့ ပတ်သက်ပြီးတော့ မြန်မာ အဘိဓာန် ပညာရှင်ကြီးများက ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုထားကြပါသလဲ။ မြန်မာစာအဖွဲ့က ပညာရှင်ကြီးများ ပြုစုတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ထဲမှာ ကြည့်ကြရအောင်ပါ။

ကချင်
က /ka./ v dance (စာမျက်နှာ-၁)။ ချင် /chin/part particle denoting wish or desire to do or have sth (as in သွား~ -၊ လာ~). (စာ-၇၁)။ ဒီတော့ က+ချင် (ကချင်)= wish or desire to dance (အဘိဓာန်ရဲ့ ဖွင့်ဆိုချက် နှစ်ရပ်ကို ယှဉ်တွဲ ကြည့်မိတာပါ)


ကယား /khaja: (kaja:)/ n beaker; jug with beak and handle; vessel with spout and handle; kettle (such as a tea-kettle) (စာ-၅) (အဘိဓာန်မှာ ဖော်ပြထားတဲ့ "ကရား" ရဲ့ တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆိုချက်ပါ)

ကရင် /kajin/ n thin-walled bamboo, the slender clums of which are used in making the handles of paper umbrellas (စာ-၆) ("ကရင်" လို့ အမည်ရတဲ့ ၀ါးတစ်မျိုး အကြောင်း ဖွင့်ဆိုချက်ဖြစ်ပါတယ်)

ချင်း /gyin:/ n ginger (စာ-၇၁) ("ချင်း" စာလုံးပေါင်းသတ်ပုံရဲ့ အဘိဓာန် ဖွင့်ဆိုချက် မူရင်းအတိုင်း)

ဗမာ /bamar/ n one of the suites in the three-deck domino game (သုံးပုံဖဲ) (စာ-၃၁၁) (ဗမာရဲ့ အဘိဓာန် ဖွင့်ဆိုချက် မူရင်းအတိုင်း)

မွန် /mun/ pron [obs] term of address used among women (as in ဟောကြည့်စမ်း~ ၊ တစ်နှံကို ဆယ်ပြည်ထွက်၊ ဖြိုးအက်လို့သီး) (စာ-၃၇၅) ("မွန်" စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မူရင်းအတိုင်း)

ရခိုင် /jakhain/ n name of a species of banana (စာ-၃၈၉) ("ရခိုင်" ဝေါဟာရရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် မူရင်းအတိုင်း)

ရှမ်း /shan:/ n suit of dominoes in a three-deck domino game (သုံးပုံဖဲ) (စာ-၄၂၁) ("ရှမ်း" ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မူရင်းအတိုင်း)

အထက်ပါ အဓိပ္ပါယ် ဖွင့်ဆိုချက်များဟာ အမှတ်-၂၇၊ ပြည်လမ်း (၆ မိုင်ခွဲ)၊ ရန်ကုန်မြို့၊ မြန်မာစာအဖွဲ့ ဦးစီးဌာန က (ထုတ်ဝေခွင့်အမှတ်-၀၃၃၇၃) နဲ့ ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် (န၀မအကြိမ် ပုံနှိပ်ခြင်း) ၂၀၀၈ ခုနှစ် မှ "၏၊ သည် မလွဲ" မူရင်းအတိုင်း တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်းဖြစ်ပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ကူးယူတဲ့ စာမျက်နှာများနဲ့ တကွ အတိအကျ မှတ်တမ်းတင် ထားပါတယ်။
ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းချက်များနဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ ကန့်ကွက်လိုတာနဲ့ ဝေဖန် ဆွေးနွေး အကြံပြုစရာများ ရှိရင် မြန်မာစာ အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်တော်မူကြပါ ခင်ဗျား။

(Pictures: AllThingsBurma & GuideForMyanmar)