Friday, May 20, 2011

အားလုံးကို ကျေးဇူးတင်ပါတယ်

ဒီနေ့ BSN သက်တမ်း ခြောက်လ ပြည့်ပါပြီ။

သက်တမ်း ခြောက်လ အတွင်းမှာ ကမ္ဘာအရပ်ရပ်မှ လာရောက် ဖတ်ရှုကြတဲ့ ပရိသတ် အပေါင်းကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။ အထူးသဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ဘာမှန်းမသိတဲ့ ပေါက်ကရ စာမျက်နှာတွေ တက်တက်လာပြီး ဒုက္ခပေးနေတဲ့ကြားက၊ အနှောင့်အယှက်ကို ဘေးဖယ်ပြီး၊ စိတ်ရှည်စွာနဲ့ အခုလို ဆက်လက် အားပေးနေတဲ့ အတွက်လည်း အကြီးအကျယ် ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

BSN ကို စတင်ထူထောင်ချိန်မှ ယနေ့အထိ စာဖတ် ပရိတ်သတ်များ အတွက် ပို့စ်အသစ် အဆန်းတွေကို နေ့စဉ် တင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ (အကြီးအကျယ် အချိန် ဆင်းရဲလို့ ပို့စ်မတင်နိုင်တဲ့ နေ့ရက်အနည်းငယ်တော့ ရှိခဲ့ပေမဲ့ အလွန့်အလွန် နည်းပါးလှတာကို တွေ့ရမှာပါ။) မနက် သုံးနာရီ၊ လေးနာရီ ထိုးမှ ပို့စ် အသစ်တင်ပြီးတော့မှ အိပ်စက်ခဲ့ရတဲ့ ညတွေလဲ မနည်းပါဘူး။

ပို့စ်အသစ် တင်နိုင်ဖို့ သတင်းတွေကို လက်တို့ကြသူ၊ ကိုယ်တိုင် သတင်းဝင်ရေးသူ၊ ၀ိုင်းဝန်း အကြံပေးသူ နဲ့ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက် ဖတ်ရှုကြတဲ့ ပရိသတ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်တာ အမှန်ပါ။ ဒီလို ၀ိုင်းဝန်းသူ မရှိဘဲ BSN ရပ်တည် ရှင်သန်ဖို့ မဖြစ်နိုင်ပါ။

BSN စတင်ချိန်က စပြီး အခုချိန်အထိ ကျွန်တော် ဇီးကွက်မျက်ပြူးက တောက်တိုမယ်ရ အလုပ်သမား တာဝန်ကို ယူထားပါတယ်။ စာရေးဖို့ ကုန်ကြမ်းရှာရလို့ မျက်စိ ညောင်းညာခြင်း ဝေဒနာနဲ့ အိုင်ဒီယာ ထုတ်ရလို့  ဦးယဉ်းခေါင်းခဲ ဝေဒနာတွေ ခံစားရသလို၊ "ဘလော့ပဲ ရေးနေတယ်၊ သတင်းတပုဒ် ဖြစ်ဖို့ အင်တာနက်ဆိုက်တွေပဲ တချိန်လုံး ထိုင်ကြည့်နေတယ်၊ အချိန်တွေ အလဟဿ ဖြုန်းတီးနေတယ်၊ ဘာမှလဲ အကျိုးရှိတာ မဟုတ်ဘူး" လို့ ဇနီးသည် မဒမ် ဇီးကွက်မျက်ပြူးရဲ့ တဗြစ်တောက်တောက်နဲ့ မျက်လုံးပြူး၊ မာန်မဲတာကို နေ့စဉ်နဲ့ အမျှ ခံနေရဆဲပါ။ ဒါပေမဲ့ နားဂွမ်းဆို့ပြီး စာဖတ်သူတွေအတွက် နေ့စဉ် ပို့စ်တွေ ရေးနေဆဲပါ။

နေ့စဉ် မြည်တွန်တောက်တီးပေမဲ့၊ သတင်းထူးလေးတွေ တွေ့တိုင်း ကျွန်တော့်ကို သူပဲ လက်တို့လေ့ရှိပါတယ်။ သီးသန့် Credit ပေးမထားတဲ့ ပို့စ်အတော်များများဟာ မဒမ်ဇီးကွက် လက်တို့တာတွေ ဖြစ်သလို၊ အချို့ ပို့စ်တွေဟာလဲ မဒမ်ရဲ့ အိုင်ဒီယာတွေ ဖြစ်ပါတယ်။ ဒီအတွက် မဒမ် ဇီးကွက် မျက်ပြူးကို ကျေးဇူးတင်ကြောင်း ယနေ့ ခြောက်လပြည့် အခါသမယမှာ ဖော်ပြလိုပါတယ်။ ဗြစ်တောက်ဗြစ်တောက် မြည်တွန် တောက်တီးပေမဲ့ ကျွန်တော် အခုလို စာရေးနေတာကို ကန့်ကွက်ခြင်း မရှိတဲ့ အပြင်၊ ပို့စ်တွေ ဖြစ်ပေါ်ဖို့ တဖက်တလမ်းက ကူညီ ပံ့ပိုးနေတဲ့ အတွက်လဲ ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။

ဒီလိုပါဘဲ မိတ်ဆွေ တဦးက သိုးဆောင်းဘာသာ အစီအစဉ်အတွက် စေတနာနဲ့ သိုးဆောင်းလို ပို့စ်တွေကို ဘာသာပြန်ပေးပါတယ်။ သူကတော့ ဇီးကွက်မျက်ပြူးလို နားဂွမ်းဆို့စရာ မလိုပေမဲ့ အချိန်ဆင်းရဲတော့ ပို့စ်ကို မကြာမကြာ မတင်နိုင်ရှာပါ။ သူ့ကိုလဲ "ရေးတော်မူပါ ဘုရား၊ ရေးတော်မူပါ ဘုရား" လို့ တောက်တိုမယ်ရ အလုပ်သမားက ဖင်မ ရလေ့ ရှိပါတယ်။ အခုချိန်ထိ သိုးဆောင်း တာဝန်ခံကို လက်ဖက်ရည် တခွက် တိုက်နိုင်ခြင်း မရှိခဲ့ပါ။

BSN ရဲ့ ပြည်တွင်း သတင်းထောက်များကလဲ မကြာခဏ ဆိုသလို ပြည်တွင်းကနေ သတင်းဦး၊ သတင်းထူးလေးတွေ၊ သတင်းဓာတ်ပုံတွေကို ပေးပို့လျက်ရှိပါတယ်။ သူတို့အနေနဲ့ အင်တာနက်ဖိုး အိပ်စိုက်ပြီး BSN ကို အခုလို ပေးပို့နေကြတာပါ။ သူတို့ကိုလဲ BSN အနေနဲ့ လက်ဖက်ရည် တခွက်တောင် မတိုက်နိုင်ခဲ့ပါ။

မကြာမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ကြော်ငြာ ထည့်သွင်းမှုဟာ BSN ကို ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်လို့ စမ်းသပ်လုပ်ဆောင်ကြည့်ရာက ဖြစ်ပေါ်လာရတာပါ။ ကျွန်တော်တို့ အနေနဲ့ သတင်း လက်တို့သူတွေ၊ ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်သလို၊ အားလုံးနဲ့လဲ လက်ရည် တပြင်တည်း လက်ဖက်ရည် သောက်လိုတဲ့ ဆန္ဒရှိပါတယ်။


တနေ့လျှင် မြန်မာပြည်ရဲ့ လက်ဖက်ရည်တခွက်ဖိုး (၃၀၀ ကျပ်ဝန်းကျင်) ၀င်ငွေရှိပါတယ်။

ဒီတော့ လက်ဖက်ရည် စီမံကိန်းကို စတင်ကြည့်တော့ BSN အနေနဲ့ တရက်ကို လက်ဖက်ရည် တခွက်ဖိုး ၀င်ငွေရနေပါတယ်။ လူ သုံးလေးငါးယောက်ပေါင်းမှ တနေ့ လက်ဖက်ရည် တခွက်သောက်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနှောင့်အယှက်ပေးပြီးမှ သောက်ရလို့လားတော့ မသိဘူး၊ သောက်ရတဲ့ အရသာက ချိုမြိန်သလိုပါဘဲ။ ဒီလို လက်ဖက်ရည် သောက်နိုင်ဖို့ အတွက် စာဖတ်သူတွေကို အနှောင့်အယှက် ဖြစ်ပေါ်စေတာကိုတော့ အနူးအညွတ် တောင်းပန်လိုပါတယ်။ တချိန်တည်းမှာပဲ နားလည်မှု အပြည့်အ၀ ရှိပြီး ဆက်လက် ဖတ်ရှုနေကြတဲ့ ပရိသတ် အပေါင်းကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့တွေ လက်ဖက်ရည်လေး သောက်ပြီး ပို့စ်တွေ ဖန်တီးရတော့ ဦးနှောက် ကြည်တာပေါ့ဗျာ။ ပရိသတ်များ အနေနဲ့လဲ တကူးတက လက်ဖက်ရည် တိုက်နေစရာ မလိုပါဘူးဗျာ။ ဒါလေးကိုတော့ နားလည်မှု ပေးကြလိမ့်မယ်လို့ ရိုးသားစွာ မျှော်လင့်မိတာ အမှန်ပါ။

adf.ly ကို စထည့်တုန်းက BSN ဖေ့ဘွတ်မှာ ပရိသတ်တဦး ပြောခဲ့သလို စာဖတ်သူတွေ အလွန် လျော့နည်းသွားမယ်လို့ ထင်ခဲ့မိပါတယ်။ ပုံမှန်ဆိုရင် BSN ကို လာကြည့်တဲ့ page view တရက်ကို ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာ ရှိပါတယ်။ adf.ly နောက်ပိုင်းမှာတော့ အရေအတွက် ၂၅၀၀ လောက်ကို နေ့စဉ် page view အနေနဲ့ တွေ့ရပါတယ်။ အရမ်းကြီး လျော့မသွားတဲ့အတွက် ဆက်လက် အားပေးနေသူတွေကို ကျေးဇူးစကား ဆိုပါရစေ။ BSN ဖေ့ဘွတ်မှာဆိုရင်လဲ ပို့စ်တခုစီအတွက် impression တွေကို အယင်အတိုင်းပဲ တွေ့ရပါသေးတယ်။ ပို့စ် တခုချင်းစီအတွက် ၂၄ နာရီအတွင်း impression ၂၀၀၀ နဲ့ ၂၅၀၀ ကြားမှာ တွေ့နေရသလို လူကြိုက်များတဲ့ ဗီဒီယိုပို့စ်တွေ အတွက် ၃၀၀၀ အထက်မှာ တွေ့နေရပါတယ်။ ဒီတော့ အားပေးသူ အပေါင်းကို ထပ်မံ ကျေးဇူးစကား ဆိုပါရစေ။ တချိန်တည်းမှာပဲ adf.ly ကြောင့် အနှောင့်အယှက် ဖြစ်ပေါ်ရတာကိုလည်း တောင်းပန်စကား ဆိုပါရစေ။

နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့...
မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ဖဲ့ပြီး BSN ကို တကူးတက လာရောက် လည်ပတ်သူ အပေါင်းကို အထူး ကျေးဇူးတင်ပါကြောင်း ထပ်မံ ပြောကြားလိုပါတယ်။

BSN ပရိသတ်များအားလုံး ကာယ၊ စိတ္တ သုခနှစ်ဖြာ ပြည့်စုံနိုင်ကြပါစေ။

လေးစားလျက်-

ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
ပရိသတ်များအတွက် နားဂွမ်းဆို့လျက် ရေးသားသည်။

11 comments:

  1. သာဓု ...
    သာဓု ...
    သာဓု ....

    ReplyDelete
  2. အားပေးပါတယ်ဗျာ။ ပို့စ်တစ်ခုကို အနည်းဆုံး နာရီဝက်တော့ အချိန်ယူပြင်ဆင်ရမှာပါ။ adf.ly က ၅ စက္ကန့်ကျော်ကျော်ပဲ စောင့်ရတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် လက်ဖက်ရည်တိုက်လို့ အဆင်မပြေပေမဲ့ adf.ly နဲ့ လက်ဖက်ရည်တိုက်ခွင့်ရတာကိုပဲ ကျေနပ်ပါတယ်ဗျာ။ အလကားရတဲ့ pageview တက်အောင် အားတဲ့အခါတိုင်း pageload လုပ်ပေးပါတယ်။

    ReplyDelete
  3. ဘာလို့ google adsense မသုံးတာလဲဗျ

    ReplyDelete
  4. ဘွတ်ဘွတ်May 21, 2011 at 12:23 PM

    ကိုဇီးရေ..ကောင်းပေစွ ကောင်းပေစွ။
    ဘာပဲဖြစ်ဖြစ် အားပေးပါတယ်၊ နေ့တိုင်းဝင်ဖတ်ဖြစ်တဲ့ ခင်ဗျားရဲ့ ဘလော့က အပြုသဘောဆောင်တဲ့ အတွက် လက္ခံကြပါတယ်။
    aung info တို့ မန်းကိုကိုတို့ထက်စာရင် လူတိုင်းလက္ခံတဲ့ ခင်ဗျားဆိုဒ်လေး တည်တဲ့ ခိုင်မြဲစွာနဲ့အဓွန့်ရှည် ၍ နောင်နှစ်ပေါင်းများစွာတိုင်စေသောဝ်။

    ReplyDelete
  5. စာကလေးMay 21, 2011 at 1:09 PM

    Congratulations ကိုဇီးကွက်! ငှက်တမျိုးသားလုံးက ၀မ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း...

    ReplyDelete
  6. အားပေးပါတယ်.....ကိုဇီးကွက်....ကျွန်တော်ကတော့..adf.ly စောင့်ရလဲအရင်အတိုင်းပဲဆက်ဖက်တယ်...

    ReplyDelete
  7. အားပေးလျက်ပါ နေ့စဉ်လာလယ်ဖြစ်ပါတယ်

    ReplyDelete
  8. ရွှေမြန်မာMay 21, 2011 at 1:54 PM

    ကျွန်တော်ကတော့ မိုးလင်းတာနဲ့ တရားဖွင့်ပြီးရင် တစ်ခါ ညအိပ်ရာဝင်ခါနီးတစ်ခါ တစ်နေ့ကို နှစ်ကြိမ်လောက် ဖတ်ပါတယ် အရမ်းလည်းသဘောကျသလို BSN ကို မဖတ်လိုက်ရရင်ပဲ တစ်ခုခုလိုနေသလို ရင်ထဲမှာ ဟာနေတယ်ဗျာ ပြည်ပရောက်တုံး အမြဲတမ်းအားပေးနိုင်ပေမယ့် ရွှေမြို့တော်ကြီးကိုပြန်ရောက်ရင် ဖတ်လို့မရနိုင်မှာပဲ စိုးရိမ်မိပါတယ် အခုလိုပို့စ်တွေကို မအားလပ်တဲ့ကြားထဲက ကြိုးစားတင်ပေးနေတဲ့အတွက် ကိုဇီးကွက်နဲ့ မဒမ်ဇီးကွက်တို့ နှစ်ယောက်လုံးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ဆက်လက်အားပေးနေမယ့်အကြောင်း...............................

    ReplyDelete
  9. ကိုဇီးကွက်နဲ့ မဒမ်ဇီးကွက်တို့ နှစ်ယောက်စလုံးကို အထူးကျေးဇူးတင်ပါကြောင်း နှင့် အစဉ်အမြဲအားပေးလျက်ရှိကြောင်း .........

    ReplyDelete
  10. မြန်မာကွ..ငါးစက္ကန့်ဆိုတာကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်..ထင်ပေါင်

    ReplyDelete
  11. google adsense ကိုလည်းသုံးပေါ့ လာလည်တဲ့သူတွေ တစ်ယောက် တစ်လင့် နှိပ်ပေးကြမှာပေါ့။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။