Wednesday, June 8, 2011

တို့နိုင်ငံက ၀န်ကြီးချုပ် (ယခု သမ္မတ) ထိုင်းဝန်ကြီးချုပ်ထက် ဘုန်းကံမြင့်မား

မြန်မာ ၀န်ကြီးချုပ် ဖြစ်ခဲ့သူ၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ ထက် ဘုန်းကံ မြင့်မားသည်ကို တွေ့ရသည်။

(Photo: AP)

သမ္မတကြီး ဦးသိန်းစိန်သည် ဘုန်းကံပါရမီနှင့် ပြည့်စုံသောကြောင့် လက်ဖက်ရည် ကော်ဖီတို့ကို ကိုယ်တိုင် ဖျော်သောက်စရာ မလိုဘဲ အသင့်ဖျော်ထားသည့် လက်ဖက်ရည်၊ ကော်ဖီကို ဇိမ်ကျကျ သောက်သုံးနိုင်သည်။

(Photo: Irrawaddy Blog)

သို့သော် လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ မှာမူ ငယ်စဉ်က အလွန်ဆင်းရဲပြီး လက်ဖက်ရည်ဆိုင်တွင် ဖျော်ဆရာ အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သဖြင့် ကော်ဖီကို ကိုယ်တိုင် ဖျော်သောက်ရရှာသည်။

ထိုနည်းတူ ၀န်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲ ၀င်မည့် သက်ဆင်၏ ညီမ ရင်လပ် ရှင်နာဝပ်မှာလည်း ကိုယ်တိုင် လက်ဖက်ရည် ဖျော်ရောင်းပြီး ဆင်းရဲသော သူမပါတီအတွက် ရန်ပုံငွေ ရှာဖွေပေးနေရသည်။



(သူမသာ ရွေးကောက်ပွဲ အနိုင်ရပါက ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာမည်ဟု သတင်းတစ်ပုဒ်က ဆိုထားသည်။ သူမ အနိုင်ရချိန်မှသာ ထိုင်းနိုင်ငံတွင် ပထမဆုံး ၀န်ကြီးချုပ် ရှိလာမည် ဖြစ်သဖြင့်- အဖိဆစ် ၀ိဇ္ဇာဇီဝမှာ ၀န်ကြီးချုပ် မဟုတ်ဘဲ
ဝန်ကလေးချုပ် ဖြစ်ပုံရသည်။ ထို့နည်းတူ ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် Phraya Manopakorn Nititada (၁၉၃၂-၁၉၃၃) မှာလည်း ပထမဆုံး ၀န်ကလေးချုပ် ဖြစ်ပုံရပါသည်။ :P စကားချပ်)

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ- ဦးသိန်းစိန်နှင့် နှိုင်းယှဉ်လျှင် ဘုန်းကံပါရမီ အလွန့် အလွန်ညံ့ဖျင်းသဖြင့် ယခုကဲ့သို့ လက်ဖက်ရည် ကော်ဖီကို ကိုယ်တိုင်ဖျော်ကာ၊ လမ်းဘေး ဈေးသည်ကဲ့သို့ ရောင်းချနေကြရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဝေဒသုတေသန အသင်း အမှုဆောင်တစ်ဦးက BSN သို့ ပြောပြသည်။

သူတို့ နှစ်ဦးတွင် တစ်ဦးဦး ရွေးကောက်ပွဲ ရှုံးနိမ့်သွားပါက လက်ဖက်ရည်ဆိုင်ဖွင့်ပြီး၊ နိုင်ငံရေးလောကမှ အနားယူကာ အေးအေးလူလူ နေထိုင်ကြမည်ဟု သိရှိရသည်။


Read Original News ...

3 comments:

  1. ppl don't have brain to understand your satire.. :D

    ReplyDelete
  2. သူများနိုင်ငံက ၀န်ကြီးချုပ် အရွေးခံမယ့်သူတွေ ကိုယ်တိုင် လက်ဖက်ရည် ကော်ဖီ ဖျော်ပြပြီး... မဲဆွယ်နေတာ ဖြစ်ပြီး (မဲဆွယ်တယ် ဆိုတာ လူထု ထောက်ခံမှု ရအောင်လုပ်တာ)... လူထု ထောက်ခံမှု ရှိမှ ရွေးကောက်ပွဲ အနိုင်ရမှာဖြစ်တယ် ဆိုတဲ့ အချက်နဲ့

    ဦးသိန်းစိန်ကတော့ မဲဆွယ်စရာ မလို.. ပြည်သူလူထု ထောက်ခံမှု ဘာတစ်ခုမှ ရှိစရာ မလိုဘဲ အလိုအလျောက် အခန့်သား သမ္မတ ဖြစ်လာတာကို နှိုင်းယှဉ် ထားတာ ဖြစ်နိုင်ပါတယ်။

    စာဖတ်သူတွေ ရီရအောင် ရီစရာ အနေနဲ့ ပေါ့ပေါ့ပါးပါး ရေးထားတာလဲ ဖြစ်နိုင်ပါတယ်။

    ReplyDelete
  3. ရင်လပ် ဝန်ကြီးချုပ်ဖြစ်ခဲ့မယ်ဆိုရင် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုပြီး နာမည်ကြီးနေတာပါရှင့်... BSN မှ အမှတ်များမှာနေရော့သလားပဲ... :P :D :D

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။