Saturday, June 11, 2011

လျှပ်စစ်မီး သုံးစွဲခွင့်၊ ဘတ်စ်ကား ချောင်ချိစွာ စီးခွင့်၊ သန့်ရှင်းသော ငွေစက္ကူ အသုံးပြုခွင့်များကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းမည်

ကုလသမဂ္ဂ၏ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အင်တာနက်သုံးစွဲခွင့်ကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းလိုက်ပြီဖြစ်သည် (ဒီမှာ ဖတ်ပါ)။ ယခု ဆက်လက်ပြီး မြန်မာပြည်သူ ပြည်သားများအတွက် လျှပ်စစ်မီး အပြည့်အ၀ သုံးစွဲခွင့်၊ ဘတ်စ်ကားများကို ချောင်ချိစွာ စီးနိုင်ခွင့်၊ သန့်ရှင်းသော ငွေစက္ကူများကို ကိုင်ဆောင်ခွင့်များကိုလည်း မြန်မာပြည်သူ့လူ့အခွင့်အရေး အဖြစ် ထည့်သွင်းရန် စီစဉ်နေပြီဟု သိရသည်။

ဖြောင့်တန်းစွာ စာမကျက်နိုင်ခြင်းသည်
အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်
(Photo: aturnic.livejournal.com)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာထဲတွင် ကျောင်းသူ ကျောင်းသား ကလေးငယ်များ၏ စာကျက်မှတ်လေ့လာရန် အဓိက လိုအပ်ချက် ဖြစ်သော လျှပ်စစ်မီး မရရှိခြင်း၊ ပြည်သူ လူထု၏ နေ့စဉ် လူမှုဘ၀ အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး မလာခြင်း၊ နေ့စဉ် သွားလာ လှုပ်ရှားရာတွင် လွတ်လပ်မှု မရှိဘဲ လူမတန်တဆ ပြည့်သိပ် ကျပ်ညပ်ကာ လူနှင့် မတူအောင် ဘတ်စ်ကား စီးရခြင်း၊ ညစ်ပတ်ပေရေပြီး ရောဂါပိုးမွှားများ တွယ်ကပ်နေနိုင်သော ငွေစက္ကူများကို နေ့စဉ်ကိုင်တွယ် သုံးစွဲရခြင်းများကို လူတစ်ဦးချင်း၏ လွတ်လပ် အဆင်ပြေမှု၊ ပညာရေး တိုးတက်မှုနှင့် ကျန်းမာရေး ရှုထောင့်များမှ ကြည့်လျှင် (လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ ဘတ်စ်ကား ကျပ်ညပ်စွာ စီးရခြင်း၊ ညစ်ပတ်ပေရေသော ငွေစက္ကူများကို သုံးစွဲရခြင်း များကို အဆင်ပြေအောင် စီစဉ် ဆောင်ရွက်မှု လုံးဝ မရှိခြင်း) သည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်လို့ အတိအလင်း ဖော်ပြထားပါသည်။

BSN သတင်းဌာနက မြန်မာနိုင်ငံမှ ပြည်သူများကို ၂၀၁၁ ခုနှစ် မတ်လအတွင်း စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၁၀၀ ရာခိုင်နှုန်းသော  ပြည်သူများက ဖော်ပြပါ အချက်များမှာ အခြေခံကျသော အခွင့်အရေးဖြစ်သည်ဟု ယူဆကြကြောင်း ဖော်ပြခဲ့ကြပါသည်။

ကျောင်းသူ ကျောင်းသားများ ပညာရည် မြင့်မားစေရန် အတွက် ညဘက်တွင် လျှပ်စစ်မီးဖြင့် စာကျက်မှတ် နိုင်ရေးသည် အလွန် အဓိကကျသည်။ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ ၏ တိုးတက်မှုကို ပိတ်ပင်သော လျှပ်စစ်မီး မရရှိခြင်းမှာ ကျောင်းသား လူငယ်များ၏ အဓိက လူ့ခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဘတ်စ်ကားများကို လူနှင့်မတူဘဲ အလွန်အမင်း ကျပ်သိပ်စွာ စီးနင်းခြင်းကြောင့်၊ ခရီးသည်များ အကြား၊ ကူးစက်ရောဂါများ လွန်ကူစွာ ပြန့်နှံ့နိုင်သည်။ ထိုနည်းတူ ချေးအထပ်ထပ်တက်ကာ ညစ်ပတ်ပေရေနေသော ငွေစက္ကူများကလည်း ရောဂါပိုးမွှားများကို ပြန့်ပွားစေနိုင်သည်။ အဆိုပါ အဖြစ်အပျက်များကို ကာကွယ်မှု မပြုဘဲ မျက်ကွယ် ပြုထားခြင်းသည် ပြည်သူ လူထု၏ အခြေခံ အခွင့်အရေး ဖြစ်သော ကျန်းမာရွှင်လန်းပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။


No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။