Friday, February 11, 2011

အဲဒီ-ဆင် ဟူသော မြန်မာ့ ဆင်ပြောင်ကြီး


ယနေ့ကား ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူဖြစ်သည့် မြန်မာ့ဂုဏ်ဆောင် "အဲဒီ-ဆင်" ဟူသော ဆင်ပြောင်ကြီး၏ ၁၆၄ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ 

"အဲဒီ-ဆင်" ဆိုသည့် မြန်မာ့ ဆင်ပြောင်ကြီးသည် တီထွင်မှု ပေါင်း (၁၀၉၃) မျိုးကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သော ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူ မြန်မာပြည်သား တစ်ဦးလည်း ဖြစ်သည်။

သူ၏ အခမ်းနားဆုံး တီထွင်မှုမှာ လျှပ်စစ်မီးကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး တကမ္ဘာလုံးကို အမှောင်ခွင်း၍ အလင်းဆောင်ခဲ့ ခြင်းပေတည်း။ သူ အခြေချ နေထိုင်ရာ အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ကာ သူ့ကို ဂုဏ်ပြုမှုများ ရှိခဲ့၏။

မြန်မာတို့ကား မြန်မာ့ ဆင်ပြောင်ကြီးကို အတိုင်းထက် အလွန် ဂုဏ်ပြုကြသည်။ မြန်မာပြည်သား "အဲဒီ-ဆင်" ကို ဂုဏ်ပြုသော အားဖြင့် မြန်မာပြည်အတွင်း လျှပ်စစ်မီးများကို နေရာအနှံ့ ဖြတ်တောက် ဂုဏ်ပြု လျက် ရှိသတည်း။

နန်းဆုရတီစိုးတွင် ခွဲမရအောင် ရုပ်ရည်ဆင်တူသည့် အမြွှာညီမ တဦးရှိ

နန်းဆုရတီစိုးနှင့် သူမ၏ အမြွာညီမ ဖြစ်သူ နန်းစုရတီစိုး တို့၏ ဓာတ်ပုံများကို လျှပ်တပြက် ဂျာနယ်က ယှဉ်တွဲ ဖော်ပြလိုက်သည်။ ဂျာနယ်၏ ထိပ်ဆုံးပုံတွင် အစ်မဖြစ်သူ နန်းဆု၏ ပုံကို ဖော်ပြထားပြီး၊ ၄င်းပုံ အောက်တွင် ညီမဖြစ်သူ နန်းစု၏ ဓာတ်ပုံကို တွေ့ရသည်။

(Photos: Snap Shot)
ပုံကြီးချဲ့ရန် ဓာတ်ပုံကို Click ပါ


နန်းဆု တွင် သူမနှင့် ရုပ်ရည် ခွဲမရအောင် တူသည့် အမြွှာညီမငယ် နန်းစု ရှိနေသည်ကို သိရှိသူ နည်းပါးသည်။

ယခင်က ညီမဖြစ်သူ နန်းစုရတီစိုး၏ အကြောင်းကို ဓာတ်ပုံနှင့် ဂျာနယ်အချို့တွင် ဖော်ပြဖူးသော်လည်း (True News ဂျာနယ်ဖော်ပြချက်၊ ဒီမှာကြည့်ပါ) ညီအစ်မ နှစ်ဦးစလုံးအား အတူတကွ ယှဉ်တွဲ ဖော်ပြသည်ကို တွေ့ရလေ့ မရှိပေ။

သတင်းများအရ နန်းဆုရတီစိုး၏ ညီမဖြစ်သူ နန်းစုရတီစိုးသည် အစ်မ ဖြစ်သူ ပြုမူ လှုပ်ရှား သမျှကို တခုမကျန် လိုက်လုပ်နေကြောင်း သိရသည်။ သို့သော် ညီအစ်မ နှစ်ယောက်စလုံးကို ပြင်ပတွင် တပြိုင်တည်း တွေ့ဖူးသူ တယောက်မျှ မရှိသေးပေ။


(လက်တို့သူ-ဇာနည်ဝင်း)

ညီအစ်မနှစ်ဦးပုံကို လျှပ်တပြက်တွင် ရှုစားရန်

ကိုကျင်ဝှက် လက်ရှိရာထူး သက်တမ်းသစ် အရွေးခံမည်မဟုတ်


(Photo: wikipedia)

မြန်မာ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို အစဉ်တစိုက် ပြောဆိုခဲ့သော အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ တရုတ်-မြန်မာ ကပြား ကိုကျင်ဝှက် သည် ၂၀၁၂ တွင် သက်တမ်း အသစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်ရန် အရွေးခံတော့မည် မဟုတ်ဟု ကြေညာလိုက်သည်။ ကိုကျင်ဝှက်သည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခဲ့ဖူးသည်။ ကိုကျင်ဝှက်၏ ထူးခြားသော ဆောင်ရွက်မှုအဖြစ် အင်းလျားကန်ဖြတ် ရေးကူးသူ မြန်မာ အဖိုးကြီး ကိုကြက်တောကို မြန်မာပြည်မှ ပြန်လည် ခေါ်ယူ သွားခြင်း ဖြစ်သည်။

အပြည့်အစုံသို့

Thursday, February 10, 2011

ရွှေတကျပ်သားထက် ပိုယူခွင့်မရှိ ဥပဒေအရ၊ အမျိုးသမီးများကို ရန်ကုန်လေဆိပ်တွင် အသေးစိတ် ရှာဖွေလျက်ရှိ

မကြာသေးမီက ထုတ်ပြန်လိုက်သည့် ရွှေတကျပ်သားထက် ပိုမယူရ ဥပဒေအရ (သတင်းဖော်ပြပြီး၊ Click Here) ပြည်ပသို့ ထွက်ခွာမည့် အမျိုးသမီးများကို ရန်ကုန်လေဆိပ်တွင် အကောက်ခွန် အရာရှိများက အထူး အသေးစိတ် ရှာဖွေလျက် ရှိသည်ဟု
ဧရာဝတီ သတင်းဌာနက ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြသည်။

အမျိုးသမီးများအနေဖြင့် ရွှေထည်ပစ္စည်းများနှင့် လက်ဝတ်ရတနာများကို သယ်ဆောင်လေ့ရှိသဖြင့် ယခုကဲ့သို့ တကိုယ်လုံးနှံ့အောင် အသေးစိတ် ရှာဖွေမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အကောက်ခွန် အရာရှိက ပြောသည်။ ထိုသို့ နေရာအနှံ့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနေစဉ် လေဆိပ်အတွင်း ရှာဖွေခံရသူ အမျိုးသမီးတဦး၏ နောက်ဘက်မှ အမိအရ မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံ တပုံကို ဧရာဝတီက သတင်းနှင့်အတူ ပူးတွဲ ဖော်ပြထားသည်။


 ဧရာဝတီသတင်းကို ဖတ်ရှုစဉ်
ဓာတ်ပုံနှင့်တကွ ဤသို့ တွေ့မြင်ရသည်

ထိုနည်းတူ အခွန်ရှောင်လျှင် ထောင်ချမည်ဟု ဥပဒေသစ် ပြဌာန်းမှုကြောင့် ရှိသမျှ အကုန် ပေါင်နှံ ရောင်းချပြီး အခွန်ဆောင်လိုက်ရသဖြင့် ၀တ်စရာ ဘာတခုမျှ မကျန်တော့သည့် အမျိုးသမီးတယောက်၏ ဓာတ်ပုံကိုလည်း ဧရာဝတီသတင်းဌာန အင်တာနက် စာမျက်နှာတွင် ပုံနှင့်တကွ ထပ်မံဖော်ပြထားသည်။

ဧရာဝတီသတင်းတွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်ကို တွေ့ရစဉ်

@လက်တို့သူ-ဇာနည်ဝင်း

Wednesday, February 9, 2011

၃၇ မင်း အစိုးရ ဖွဲ့မည်

၃၇ မင်း နတ်များ ကခုန်တော်မူစဉ်
(Photo: topdecktours)

မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရသစ်တွင် ပါရှိမည့် ဝန်ကြီးဌာန ၃၄ ခု၏ အမည်စာရင်းကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်တွင် အင်္ဂါနေ့က တင်သွင်းလိုက်သည်။

ထို့ကြောင့် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၃၄ ပါးရှိလာမည် ဖြစ်ပြီး၊ အစိုးရ အကြီးအကဲမင်း သုံးပါးဖြစ်သော သမ္မတ တဦးနှင့် ဒု-သမ္မတ နှစ်ဦးကို ထည့်ပေါင်းပါက အစိုးရ အဖွဲ့ကို ဦးဆောင်သူ စုစုပေါင်း (၃၇) မင်း ရှိမည်ဟု သိရသည်။ (၃၇) မင်းမှာ မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှု သမိုင်းတွင် အလွန်ထင်ရှားသော နတ်များဖြစ်ကြပြီး၊ နတ်အားလုံးမှာ အစိမ်းသေရာမှ နတ်ဖြစ်တော်မူလာကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နတ်ကိုးကွယ်မှုသမိုင်းတွင် နတ်ကြီးများ အဖြစ် ထင်ရှားသော်လည်း (၃၇) မင်း နတ်စာရင်းတွင် မပါဝင်သော နတ်ကြီးအချို့ ရှိကြောင်းကိုလည်း နတ်သမိုင်း သုတေသီများက သမိုင်း အထောက်အထား များဖြင့် တင်ပြ ပြောဆိုသည်။

(Updated on 31 March 2011)

အစိုးရ အဖွဲ့ဝင် ၃၅ ဦး ရှိသည်ကို သတင်းစာတွင် တွေ့ရပြီး မင်းတြားကြီးနှင့် ဒုတိယ-မင်းတြားမှူးကြီး ၂ ဦး ကို ထည့်ပေါင်းသော် ၃၇ မင်းအစိုးရ ကွက်တိ ဖြစ်သွားပါကြောင်း (ဖြည့်စွက်သည့် နေ့စွဲ- ၃၁-၃-၂၀၁၁)

-----------
ဝန်ကြီးဌာန (၃၄)ခု ဖွဲ့စည်းကြောင်း  ဖော်ပြသည့် သတင်းများ
BBC
Mizzima
DVB

မြန်မာ့ပထမဆုံး ဒီမိုကရေစီခေတ်သည် တပါတီစနစ်သာဖြစ်ဟု အင်တာနက်စာမျက်နှာတခုကဆို

၁၉၄၈ မှ ၁၉၆၂ အတွင်း ကျင့်သုံးခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သည် ပါတီစုံ စနစ်မဟုတ်ဘဲ တပါတီအာဏာရှင် စနစ် ဖြစ်သည်ဟု မြန်မာ အင်တာနက် စာမျက်နှာတခုက ရေးသားသည်။

၂၀၁၀ ရွေးကောက်ပွဲ အပြီး၊ ယခု စတင်ကျင့်သုံးသည့် "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" စနစ်သည်သာ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြစ်ကြောင်း အဆိုပါ အင်တာနက် စာမျက်နှာက ဆိုသည်။


(snippet from the webpage)

အပြည့်အစုံသို့

@NYU

မြန်မာပြည်မှ ရေယာဉ်များသည် သက်ရှိသတ္တ၀ါများ (သို့) လက်နက်ကိုင်တတ်သော စက်ရုပ်များဖြစ်

မြန်မာ့ရေပိုင်နက်အတွင်း သွားလာနေသော ရေယာဉ်များ ခွင့်ပြုချက်မရှိဘဲ လက်နက် ကိုင်ဆောင်သည်ကို တွေ့ရှိပါက ၁၀နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၉/၂၀၁၀ဖြင့် နိုဝင်ဘာ ၁၄ ရက်က ပြဋ္ဌာန်းထားသည့် လက်နက် တပ်ဆင်မှု တားမြစ်ရေး ဥပဒေအရ သိရသည်ဟု ရန်ကုန်မီဒီယာက ရေးသားသည်။

မြန်မာနိုင်ငံမှ ရေယာဉ်များသည် လက်နက်များကိုပင် ကိုင်ဆောင်တတ်သဖြင့် အလွန်ထူးဆန်းသော သတ္တ၀ါများ (သို့မဟုတ်) စက်ရုပ်များ ဖြစ်ဖွယ်ရှိသည်ဟု ကမ္ဘာ့ သိပ္ပံပညာရှင်များက သုံးသပ်သည်။ ပို၍ ထူးဆန်းသည်မှာ အဆိုပါ လက်နက် ကိုင်ဆောင်တတ်သည် ဆိုသော ရေယာဉ်များတွင် လက်များ ကိုသော် လည်းကောင်း၊ ခြေထောက်များ ကိုသော်လည်းကောင်း လုံးဝ မတွေ့ရှိရခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ရေယာဉ်များ အနေဖြင့် လက်နက်များကို မည်သို့ မည်ပုံ ကိုင်ဆောင်မည်နည်း ဟူသော ကိစ္စနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ အကြား အငြင်းပွားလျက် ရှိနေကြောင်း သတင်း ရရှိသည်။



(News mentioned in yangontimes)

See: Under "Local News" in http://theyangontimes.com/

ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းသစ်တွင် ရွေ့လျားအင်တာနက် သုံးနိုင်ရန် စီစဉ်

ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် Elite Express ယာဉ်လိုင်းသစ်တွင် ရွေ့လျား အင်တာနက် ၀န်ဆောင်မှုကို သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုယာဉ်လိုင်း မန်နေဂျာ ဦးထွန်းမြင့်စံက ပြောကြားသည်။

“ကားတွေက ရွေ့လျားနေတော့ ကားပေါ်မှာ သုံးတဲ့ အင်တာနက်ကလည်း ရွေ့လျား အင်တာနက် ပေါ့ဗျာ။ ကားမှာ ရွေ့လျား ဘီးလုံးတွေ တပ်ဆင်ထားပါတယ်။ ရွေ့နေတဲ့ ကားပေါ်က ထိုင်ခုံတွေကလည်း ရွေ့လျား ထိုင်ခုံတွေ ဖြစ်သလို၊ ကားစီးနေသူတွေဟာလည်း ကားနဲ့ အတူ ရွေ့နေတဲ့အတွက် ရွေ့လျား လူသားများ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းမှာ ရွေ့လျား ရေသန့်ဗူးများ အခမဲ့ ဖြန့်ဝေပါတယ်။ ရွေ့လျား သွားတိုက်တံတွေ၊ ရွေ့လျားတစ်ရှုးတွေ ရွေ့လျား ချိုချဉ် သကြားလုံးတွေကိုလဲ၊ ရွေ့လျား ယာဉ်လိုင်း ၀န် ထမ်းတွေက ရွေ့လျား ယာဉ်စီးနင်းသူတွေကို ဖြန့်ဝေသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ရွေ့လျား လူသား ယာဉ်လိုင်း မန်နေဂျာက မော်တော်ယာဉ် မထွက်ခွာမီ မရွေ့လျားဘဲ တည်ငြိမ်နေစဉ် တခဏတွင် ရှင်းပြသွားခဲ့သည်။


အပြည့်အစုံသို့

Tuesday, February 8, 2011

၂၀၁၂ ဂင်းနစ် စံချိန်တင် မှတ်တမ်းတွင် မြန်မာ ကလေးငယ် ဖော်ပြခံရဖွယ်

မြန်မာ မိန်းကလေးတဦးတွင် လက်တစ်ဖက်လျင် လက်ချောင်းလေး (၆)ချောင်းစီနှင့် ခြေတစ်ဖက်လျင် ခြေချောင်းလေး (၇)ချောင်းစီ ပါဝင်သောကြောင့် (၂၀၁၂)ခုနှစ် ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ခြေချောင်း လက်ချောင်း အများဆုံး လူသားအဖြစ် ဖော်ပြခံရဖွယ်ရှိနေသည်။

မြန်မာနိုင်ငံမှ ကလေးငယ် တစ်ဦးသည် ခြေချောင်းလက်ချောင်း အများဆုံး ရှိနေသည့် စံချိန်အတွက် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခြင်း ခံရဖွယ် ရှိနေကြောင်း သိရသည်။ အပတ်စဉ်ထုတ် Messenger သတင်းဂျာနယ်က အသက်(၁)နှစ်အရွယ် မလဲ့ရတီမင်းတွင် စုစုပေါင်း ခြေချောင်း၊ လက်ချောင်း (၂၆)ချောင်းထိ ရှိနေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ မိန်းကလေးတွင် လက်တစ်ဖက်လျင် လက်ချောင်းလေး (၆)ချောင်းစီနှင့် ခြေတစ်ဖက်လျင် ခြေချောင်းလေး (၇)ချောင်းစီ ပါဝင်သောကြောင့် (၂၀၁၂)ခုနှစ် ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ခြေချောင်းလက်ချောင်း အများဆုံး လူသားအဖြစ် ဖော်ပြခံရဖွယ် ရှိနေသည်။ တောင်ဥက္ကာပ မြို့နယ်တွင် နေထိုင်သော မလဲ့ရတီမင်းနှင့် အဓိက ယှဉ်ပြိုင်လာဖွယ် ရှိသူမှာ အိန္ဒိယမှ ဖြစ်ပြီး ၎င်းသည် လက်ချောင်း(၁၀)ချောင်းနှင့် ခြေချောင်း (၁၆)ချောင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ လက်ရှိ ဂင်းနစ်မှတ်တမ်းတွင် ခြေချောင်းလက်ချောင်း အများဆုံး စံချိန် တင်ထားသူများမှာ အိန္ဒိယမှ ကလေးငယ် နှစ်ဦးဖြစ်ပြီး ခြေချောင်းလက်ချောင်း (၂၅)ချောင်းစီ ရှိကြသည်။ အခြားသော မြန်မာနိုင်ငံသား တစ်ဦးသည်လည်း (၂၀၁၂)ခုနှစ် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် သွေးလှူမှု အကြိမ်အများဆုံး စံချိန်အတွက် ဖော်ပြရန် တောင်းဆိုထားသည်။ အသက်(၆၈)နှစ်ရှိ ဦးခွန်စိုင်းမောင်မောင်သည် (၁၉၅၆)ခုနှစ်၊ ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် သွေးစလှူခဲ့ပြီးနောက် (၂၀၁၀)ပြည့်နှစ်၊ ဩဂုတ်လတွင် သွေးလှူဒါန်းမှု (၂၀၄)ကြိမ် ပြည့်မြောက်ခဲ့ပြီဟု သိရှိရသည်။

Credited to: Planet Myanmar
မူရင်းအတိုင်း တိုက်ရိုက် ကူးယူဖော်ပြသော သတင်း ဖြစ်ပါသည်။

လူတူ ပရိုင်းမိတ် မြန်မာပြည်တွင် ရှာဖွေတွေ့ရှိ


(kyaymon newspaper)

လူနှင့်အလွန်တူသည့် လူတူ ပရိုင်းမိတ်ကို မြန်မာပြည်တွင် ရှာဖွေ တွေ့ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဓာတ်ပုံနှင့် ပူးတွဲ ဖော်ပြထားသည့် သတင်းတပုဒ် တွေ့ရသည်။

ပရိုင်းမိတ် သတ္တ၀ါသည် လူနှင့် တူသော်လည်း လူဖြစ်မည်ကို ဝေးစွ၊ မျောက်ပင် မဖြစ်သေးကြောင်း ကမ္ဘာ့ ပညာရှင်များက တင်ပြထားကြသည်။-

@C-G

ပရိုင်းမိတ်အကြောင်း သိချင်ရင်

အလင်းတန်းဂျာနယ်ကို အမေရိကန်ပြည်ထောင်စုတွင် ပုံနှိပ်ပြီး မြန်မာတပြည်လုံးသို့ ဖြန့်ချီပြီ

ယခုအပတ် နောက်ဆုံးထုတ် အလင်းတန်း ဂျာနယ်ကို အမေရိကန် ပြည်ထောင်စုတွင် ပုံနှိပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက် တင်သွင်း ဖြန့်ချီသည်။

(Cover of theRayofLight)

အမေရိကန်ကဲ့သို့သော နိုင်ငံမှပင် ရိုက်နှိပ် ထုတ်ဝေကာ တင်သွင်းဖြန့်ချီသည့်အတွက် မြန်မာ့ဂျာနယ် လောက အလွန် အဆင့်မြင့်သွားကြောင်း ဂျာနယ်လစ် တဦးက သုံးသပ်သည်။

"ဂျာနယ်ကို အမေကြီးကားက အထပ်နှစ်ရာမြင့်တဲ့ သတင်းစာတိုက်ကြီးရဲ့ အပေါ်ဆုံးထပ်မှာ ရိုက်တာပါ။ ဒါကြောင့် အရမ်း အဆင့်မြင့်ပါတယ်" ဟု ဂျာနယ်နှင့် နီးစပ်သူ တဦးက ပြောပြသည်။

လွှတ်တော်သစ် စတင် ကျင်းပပြီးနောက် သမ္မသစ် လက်ထက်တွင် ဂျာနယ်များကို စာပေစီစစ်ရေးမှ ဆင်ဆာ ဖြတ်တောက်မှု လုံးဝ မပြုတော့ပေ။ ထိုအချက်ကို ကျင်းပဆဲ ဖြစ်သော လွှတ်တော်အတွင်း သတင်းသမားများ လွတ်လပ်စွာ သတင်းရယူခွင့်က သက်သေပြထားသည်။ ဤကဲ့သို့ သတင်းရေးသားခွင့် လွတ်လပ်လာသည့်အတွက် မြန်မာ့ ဂျာနယ်များကို အမေရိကန်တွင် အရည်အသွေး မြင့်မားစွာ ပုံနှိပ်ပြီး သတင်းများကိုလည်း ပွင့်လင်း လွတ်လပ်စွာ ရေးသားနေကြပြီဟု သိရသည်။ စာနယ်ဇင်း သမား များမှာ လည်း အမေရိကန်များနှင့် ဓာတ်ပုံ တွဲရိုက်နေကြပြီ ဖြစ်သည်။ အောက်ပုံတွင် တိုက်ဂါးဝုဒ်နှင့် ဓာတ်ပုံ တွဲရိုက် ထားသည်ကို တွေ့ရသည်။

(Photo: U Win Nyein's Facebook)

@ဇာနည်ဝင်း

Sunday, February 6, 2011

အင်ဂျင်မပါဘဲ မောင်းနှင်နိုင်သည့် ဖုဿရထားများ တင်သွင်းမည်

မော်တော်ယာဉ် မောင်းနှင်ရန်အတွက် အင်ဂျင်မပါဘဲ ရွေ့လျား သွားလာနိုင်သည့် တရုတ်နိုင်ငံလုပ် ခရီးသည်တင် ဖုဿရထားများ ပြည်တွင်းသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း Treasure Palace International Trading ကုမ္ပဏီမှ ၂၆-၁-၂၀၁၁ ရက်တွင် သိရသည်။ “ခြောက်နာရီလောက် မန္တာန်ရွတ်ပြီးရင် ဝန်အပြည့်တင်ဆောင်ကာ ကီလိုမီတာ ၅၀၀ လောက် မောင်းလို့ရတယ်။” ဟု အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းနိုင်က အထက်ပါရက်တွင် ပြောသည်။

အဆိုပါ ဖုဿရထားများသည် လောင်စာဆီ အသုံးပြု၍ မောင်းနှင်ခြင်းမဟုတ်ဘဲ ဇီဝ-ဇီဝ ဆိတ်ဖွား ဆိတ်ဖွား ဂါထာ မန္တာန်ကို အသုံးပြု ရွတ်ဖတ်ကာ မောင်းနှင်ခြင်း ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိကြောင်း ယင်းကပြောသည်။ ဖုဿရထားများအတွက် ဈေးနှုန်းသည် ကျပ်သိန်း ၁၂၀၀ ခန့် ကျသင့်နိုင်ကြောင်း၊ ကနဦး ရင်းနှီးမြှုပ်နှံမှုစရိတ် ကြီးမြင့်သော်လည်း ရေရှည်တွက်ခြေကိုက်ကြောင်းလည်း ယင်းကပြောသည်။ အဆိုပါ ဖုဿရထားများသည် တရုတ်နိုင်ငံက သိမ်းပိုက်ထားသော တိဗက်ပြည်မှ လာမာ ဘုန်းကြီးများ ၏ မန္တာန် နည်းပညာနှင့် ပစ္စည်းများ အသုံးပြု၍ တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


အပြည့်အစုံသို့

Saturday, February 5, 2011

စက်ရုပ်ကြီးနှင့် မိဘမဲ့များ သမ္မတနှင့် ဒု-သမ္မတ ဖြစ်ပြီ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ နှင့် အညီ နိုင်ငံတော် သမ္မတနှင့် ဒု-သမ္မတ အသီးသီးကို သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က ယမန်နေ့တွင် တင်မြှောက် လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

(မြန်မာ့အလင်း သတင်းခေါင်းစီး)

အဆိုပါ သမ္မတနှင့် ဒု-သမ္မတများ အားလုံးသည် အခြေခံဥပဒေ ပုဒ်မ ၅၉ (ခ)ပါ မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြဌာန်းချက်ဖြစ်သော မိမိသာမက၊ မိမိ၏ မိဘ နှစ်ပါးစလုံး သည် နိုင်ငံတော်၏ အာဏာပိုင်နက် (သို့မဟုတ်) in the territory under the jurisdiction of the Union အတွင်းတွင် မွေးဖွားရမည် ဆိုသည့် အချက်နှင့် လုံးဝ ကိုက်ညီမှုရှိကြောင်း သိရှိရသည်။

ပြည်ထောင်စု တရားစီရင်ရေး နယ်နိမိတ် (သို့မဟုတ်) နိုင်ငံတော် အာဏာပိုင်နက် သည် မြန်မာပြည် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့ တွင်မှ စတင် အာဏာတည်သည်။ ထို့ကြောင့် ထိုနေ့မတိုင်မီ မွေးဖွားသူများမှာ ဗြိတိသျှအင်ပါယာ၏ အာဏာပိုင်နက် အတွင်းတွင် မွေးဖွားသူများ ဟု သတ်မှတ်နိုင်သည်။ အခြေခံဥပဒေအရ သက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမက ၄င်းတို့၏ မိဘနှစ်ပါးစလုံးသည် မြန်မာနိုင်ငံ အာဏာပိုင်နက် အတွင်းတွင် မမွေးဖွားခဲ့လျှင် သမ္မတနှင့် ဒု-သမ္မတ ဖြစ်ပိုင်ခွင့် မရှိပေ။

ဦးသိန်းစိန်ကို ဗြိတိသျှ အင်ပါယာ အတွင်း၊ ၁၉၄၅ ခု၊ ဧပြီလ ၂၀ ရက်နေ့တွင် သိပ္ပံပညာရှင် တဦးက ဖန်တီး တီထွင်ခဲ့သည်။ သူသည် ဗြိတိသျှ အာဏာပိုင်နက် အတွင်းတွင် "မွေးဖွားခဲ့ခြင်း" မဟုတ်သဖြင့် အခြေခံ ဥပဒေနှင့် ကိုက်ညီမှုရှိကြောင်း သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဦးသိန်းစိန်၏ နှလုံးကို ကိုင်ကြည့်လျှင် စက်ကိရိယာဖြင့် လည်ပတ်နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သူသည် စက်ရုပ်ကြီး တရုပ် ဖြစ်ကြောင်း သတင်းစာက ရေးသားသည်။

ဒုတိယ သမ္မတနှစ်ဦးစလုံးမှာ ၁၉၅၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ကြသဖြင့် နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်းတွင် မွေးဖွားသူများ ဖြစ်ကြောင်း၊ ၄င်းတို့ နှစ်ဦးစလုံးသည် မိဘမဲ့များ ဖြစ်ကြကြောင်း၊ မိဘမရှိသဖြင့် ၄င်းတို့၏ မိဘများမှာ ဗြိတိသျှ အာဏာပိုင်နက် အတွင်း မွေးဖွားခြင်း၊ မမွေးဖွားခြင်းနှင့် ပတ်သက်မှု မရှိတော့ကြောင်း၊ သမ္မတ ရွေးချယ် တင်မြှောက်ရေးအဖွဲ့က ဆိုသည်။ ဒု-သမ္မတများသည် အခြေခံ ဥပဒေနှင့် ကိုက်ညီစေရန် ရွေးချယ်မခံရမီ နာရီပိုင်းအလိုတွင် ၄င်းတို့၏ မိဘများကို မိဘအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့ကြသည်။

နိုင်ငံတော် သမ္မတနှင့် ဒု-သမ္မတ အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (ခ) နှင့် အထူး ကိုက်ညီစွာဖြင့် ရွေးချယ် တင်မြှောက်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက အထူး အတည်ပြု ရေးသား သွားသည်။

Friday, February 4, 2011

၁၉၄၈ မှ ၁၉၆၂ အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တွင် သမ္မတ တဦးမျှ မရှိခဲ့ဟု ပြည်တွင်း မီဒီယာဖော်ပြ

၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၁၉၆၂ ခုနှစ်အထိ မြန်မာပြည်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်ဆိုခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် သမ္မတကြီး တဦးတယောက်မျှ မရှိခဲ့ဟု မြန်မာ မီဒီယာတခုက ယနေ့ ထူးဆန်းစွာ ရေးသားလိုက်သည်။


(theyangontimes webpage)

အဆိုပါ ရေးသားချက်အရ ဆိုလျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတကြီးအဖြစ် စ၀်ရွှေသိုက်က (၁၉၄၈ မှ ၁၉၅၂) အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်း လုံးဝ မရှိပေ။ ထိုနည်းတူ ဒေါက်တာ ဘဦးနှင့် မန်းဝင်းမောင် တို့သည်လည်း (၁၉၅၂ မှ ၁၉၅၇ အထိ)နှင့် (၁၉၅၇ မှ ၁၉၆၂ အထိ)   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတများ လုံးဝ မဖြစ်ခဲ့ကြပေ။ ဤကဲ့သို့ ထူးဆန်း အံ့သြဖွယ် ကောင်းသည့် သတင်းဖော်ပြချက်ကို ကမ္ဘာတလွှားမှ နိုင်ငံခေါင်းဆောင်များနှင့် ကမ္ဘာ့မီဒီယာများက ပါးစပ် အဟောင်းသားဖြင့် အလွန်ထူးဆန်းသော သတင်းတပုဒ် အဖြစ် ခေါင်းကုတ် ဖတ်ရှုသွားကြကြောင်း သိရှိရသည်။

See: http://theyangontimes.com/

မူဘာရက်ကို အိုဘားမား ကြောက်ရွံ့

ရာထူးမှ ဆင်းရန် ဖိအားပေးခံနေရသူ အီဂျစ်သမ္မတ မူဘာရက်သည် သူ၏ ပြည်သူများကိုသာမက ကမ္ဘာ့ခေါင်းဆောင်များကိုပင် လုံးဝ ဂရုမစိုက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် 7DAY ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထိုဓာတ်ပုံတွင် မူဘာရက်က အမေရိကန် သမ္မတ အိုဘားမားကို ပြစ်တင်ပြောဆိုနေကြောင်း တွေ့ရသည်။

“အိုဘားမား ခမျာ သနားပါတယ်နော်၊ မူဘာရက် ဟိန်းဟောက် ခြိမ်းခြောက်သမျှ ခေါင်းလေး ငုံ့ပြီး ခံနေရရှာတယ်” ဟု ရန်ကုန်မြို့ တနေရာမှ စာဖတ်သူ တဦးက ပြောသည်။

နောက်တဦးကလည်း “ဟုတ်ပါ့အေ၊ အိုဘားမားလေးခမျာ မြန်မာပြည်က အကျဉ်းသားတွေ အရာရှိရှေ့မှာ ပုံစံနဲ့ ရပ်နေရတာ မြင်လိုက်တော့ ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်ဘူး။ မူဘာရက်ကြီးက တန်ခိုးကြီးလိုက်တာနော်” ဟု ဆိုသည်။


(News from 7Day Journal)

နှစ် ၃၀ နီးပါး အာဏာကို ဆုပ်ကိုင်ထားနိုင်သဖြင့် မူဘာရက်က တန်ခိုးကြီးခြင်း ဖြစ်ကြောင်း၊ အိုဘားမားက သမ္မတသက် ၂ နှစ်သာ ရှိသေးကြောင်း သိရသည်။

အီဂျစ်သမ္မတကို အိုဘားမားကပင် လန့်နေရသဖြင့် နိုင်ငံအများအပြားတွင် တုန်လှုပ်နေကြသည်။ ယမန်နေ့က တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်တို့တွင် ရုံးများကိုပင် ပိတ်ထားလိုက်ကြသည်။


©ဇာနည်ဝင်း

အိုင်တီသမားတို့ ဘ၀ပြောင်းတော့မည်

ရန်ကုန်မြို့ရှိ အိုင်တီ ကျွမ်းကျင်သူများသည် ယခု ရက်ပိုင်းအတွင်း မှာပင် နိုင်ငံရေးသမားတိုင်း ကြိုက်သည့် နှင်းဆီခိုင်များ ဖြစ်သွားကြသည်။

နိုင်ငံရေးသမားတို့က အိုင်တီသမားတို့ကို အသေရရ အရှင်ရရ အလို ရှိနေကြသောကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ကြိုတင်မဲဒဏ်ကို အလူးအလဲ ခံလိုက်ရသော ပါတီတခုက အိုင်တီ ဗဟုသုတ ရှိသူကို ခေါင်းဆောင်တင်မည်ဟုပင် ပြောလိုက်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် 7DAY ဂျာနယ်တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌသစ်က အိုင်တီအကြောင်း နားလည်ရမယ်” ဟူသော ပါတီ၏ ပြောရဲဆိုရဲရှိသူ ရှင်းပြပုံကို ဂျာနယ်တွင် တွေ့ရသည်။


(7Day သတင်း)

ပါတီ ဥက္ကဋ္ဌ လုပ်လိုသူ အများအပြား အိုင်တီ သင်တန်းတက်ရန် အသည်းအသန် ကြိုးစားနေကြသည်ဟု သတင်းရကြောင်း နယူးဒေလီအခြေစိုက် မြန်မာဘလော်ဂါများ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်ဇာနည်မာန က ပြောသည်။ အိုင်တီသမားတို့လည်း ဥက္ကဋ္ဌဖြစ်ရေး နီးစပ်သဖြင့် ရင်ခုန်နေကြပြီး ထိုရင်ခုန်သံကို ဒေလီမှပင် ကြားရသည်ဟု ဆိုသည်။

“အိုင်တီသမားတွေအတွက် သတင်းကောင်းပေါ့ရှင်။ သူတို့က ကွန်ပျူတာရှေ့မှာ အညောင်းမိနေတာ များတယ်လေ။ အခုလို ပါတီ ဥက္ကဋ္ဌ လုပ်ရတော့မယ် ဆိုတော့ အပြောင်းအလဲ ဖြစ်တာပေါ့” ဟု သူက သုံးသပ်ပြသည်။

အိုင်တီသမားတို့ အင်းစိန်ထောင်နှင့် ပိုမို နီးစပ်သွားကြောင်းလည်း သူက ဖြည့်စွက် ပြောကြားသွားသည်။

ဤအတောအတွင်း ကျင်းပနေသည့် လွှတ်တော်များတွင် ပါတီဥက္ကဋ္ဌ၏ အရည်အချင်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေသည်ဟု နေပြည်တော်မှ လာသော သတင်းများအရ သိရသည်။

ပါတီဥက္ကဋ္ဌမှန်သမျှ စစ်ရေးအတွေ့အကြုံ ရှိရန် လိုအပ်သည်ဟူသော အချက်ကို အခြေခံဥပဒေတွင် ဖြည့်စွက်ရန် သေချာနေပြီဟု ဆိတ်သား၊ ၀က်သားဟင်းများဖြင့် နေ့လယ်စာ စားနေသည့် လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပြသည်။


©ဇာနည်ဝင်း

စက်သံမဲ့ မော်တော်ကား မြန်မာနိုင်ငံက တီထွင်လိုက်ပြီ

စက်သံမထွက်သော မော်တော်ကားကြီးများကို မြန်မာနိုင်ငံတွင် အောင်မြင်စွာ တီထွင်လိုက်သည်။

လွှတ်တော် ခေါ်ယူကျင်းပသဖြင့် အလွန် မင်္ဂလာရှိနေသည့် အခါသမယတွင် ပေါ်ပေါက်လာသော အဆိုပါ တီထွင်မှု သတင်းကောင်းကို ယမန်နေ့က ထုတ်ဝေသည့် 7DAY ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကြောင်း တွေ့ရလေသည်။

ဓာတ်ပုံတွင် “အမြန်လမ်းမကြီးတွင် တိတ်တဆိတ် မောင်းနှင်နေသော ကုန်ကား နှစ်စီး” ဟု စာတန်း ထိုး ဖော်ပြထားသည်။ ညအချိန်တွင် ရိုက်ကူးထားသောကြောင့် ထူးဆန်းထွေလာမော်တော်ကားကို သဲကွဲစွာ မမြင်နိုင်ပေ။ ဈေးကွက်သို့ မရောက်ရှိသေးသဖြင့် မထင်မရှားဖော်ပြခြင်း ဖြစ်နိုင်သည်ဟု ဟံသာဝတီ ကားပွဲစားတန်းမှ ကား ကျွမ်းကျင်သူများက ယူဆကြသည်။


(Photo: 7Day)

ဤသတင်းကြောင့် ရန်ကုန်မြို့ တရုတ်တန်းတွင် ဆူညံ ပွက်လောရိုက်သွားသည်။ ထိုသို့ ပွက်လောရိုက်ခြင်းမှာ တရုတ်နှစ်သစ်ကူးကာလ ဗျောက်အိုး နှင့် တရုတ်နဂါးအက ဗုံသံများကြောင့်လော၊ ထိုသတင်းနှင့် ပတ်သက်ပြီး ပြောဆိုငြင်းခုံကြသောကြောင့်လော ဟူသည်ကို သဲကွဲစွာ မသိရသေးပေ။

“ကုန်တင်ကား ဆိုလာမျိုးက အီရမ်း အီသံ ကျယ်လာ ကွ။ အာခုတော့ စက်သံ မီထွက်ပူး ဆိုလော့ ထူးစန်းနေလာပေါ့ကွ။ ၀ လည်း တာစီးတော့ ၀ယ်ထားရအုံးမယ်။ မီကောင်းဘူးလား” ဟု လသာမြို့နယ် ၁၉ လမ်းထိပ်ရှိ တရုတ်ကြီးတယောက်က သုံးသပ်သည်။

ဤသို့သော မော်တော်ကားများ တီထွင်နိုင်မှုကြောင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးကို အထောက်အကူဖြစ်စေမည်ဟု လွှတ်တော် ၃ ရပ်ရှိ သဘာပတိများက ယနေ့ ဖတ်ကြားသည့် မိန့်ခွန်းများတွင် ထည့်သွင်း ဖော်ပြသွားကြသည်။


အမြန်လမ်းပေါ်တွင်ပင် အသံတိတ် လျှင်မြန်စွာ မောင်းနှင်နိုင်သော မြန်မာ့မော်တော်ကား၏ တန်ဘိုးမှာ အလွန် တရာ ဈေးမြောက်မည် ဖြစ်ကြောင်း အကဲခတ်များက ခန့်မှန်းကြသည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပေါ်ပေါက်လာသော ဤ တီထွင်မှုကို ထူးထွေတည့် အံ့ရာသော် ဟုပင် ဆိုထိုက်ကြောင်း ဖင်လန်နိုင်ငံ Shet Sa Yar Gyi တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာန၏ လက်ထောက်ဌာနမှူး ဒေါက်တာ ပေါ်တင်က ပြောသည်။

“ကမ္ဘာ့ အကြာဆုံး အမျိုးသား ညီလာခံ၊ အရှက်မရှိဆုံး အခြေခံဥပဒေ၊ စည်းကမ်း အရှိဆုံး လွှတ်တော် တွေကို တီထွင်ထားနိုင်တဲ့ မြန်မာပြည်မှာ အခုနောက်ဆုံး အသံတိတ် ကုန်တင်ကားကြီးတွေ ဖန်တီးလိုက်နိုင်တဲ့အတွက် မနာလို ဖြစ်မိပါတယ်” ဟု လက်ထောက်ဌာနမှူးက လက်ထောက်ပြီး ပြောသည်။


©ဇာနည်ဝင်း

ပြေတီဦးကို အိန္ဒြာကျော်ဇင် စိတ်ကောက်

လက်ထပ်ပြီး မကြာမြင့်မီတွင် အိန္ဒြာကျော်ဇင်က ပြေတီဦးကို စိတ်ကောက်သွားသည်။ ပြေတီဦးက သူမ၏ လက်ကို မကိုင်ဘဲ အခြားတယောက်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်မှုကြောင့် ဖြစ်သည်။

ထိုအပြုအမူအတွက် အိန္ဒြာကျော်ဇင် အလွန် ဒေါသထွက်ပြီး မျက်နှာတခုလုံး စူပုပ်နေသည်။ ခင်ပွန်းဖြစ်သူ၏ အယုအယကို ခံရသူအပေါ် မျက်စောင်းခဲထားပြီး၊ အံကို တင်းတင်းကြိတ်ထားသည်ကို ဓာတ်ပုံတွင် တွေ့ရသည်။ သို့သော် ပြေတီဦး၏ နွေးထွေးယုယမှုကို ခံယူရရှိသူ၏ မျက်နှာမှာ ၀မ်းသာ ပီတိဖြစ်ပြီး ပြုံးရွှင်လျက် ရှိသည်။


(ဓာတ်ပုံ-ဦးဝင်းငြိမ်း Facebook မှ)
@ဇာနည်ဝင်း

ပြည်ပနိုင်ငံများတွင် မြန်မာကို ရွှေ ဟု မခေါ်ဘဲ ပလတ်စတစ် (သို့) ပလက်တီနမ် ဟု ခေါ်ရန် အမိန့်ထုတ်

လေကြောင်း ခရီးဖြင့် နိုင်ငံခြားသို့ ထွက်ခွာမည့် မြန်မာများ အနေဖြင့် ရွှေတကျပ်သားထက် ပိုမို ၀တ်ဆင်ခြင်း မပြုရဟု မြန်မာ အကောက်ခွန်က အမိန့်ထုတ်လိုက်သည်။ ထို့ပြင် ရွှေ လက်စွပ် ၀တ်ဆင် လျှင်လည်း ကျောက်မျက် ရတနာများနှင့် ကျောက်စိမ်းတို့ မပါရှိသော လက်စွပ်ကိုသာ ခွင့်ပြုသည်ဟု ဆိုသည်။
(Photo: popular)

ထို့ကြောင့် ပြည်ပထွက်ခွာသူ မြန်မာများမှာ ရွှေမ၀တ်ကြရတော့ပဲ ရွှေမဟုတ်သော အခြားပစ္စည်းများကို ၀တ်ဆင်ရမည့်ကိန်း ဆိုက်နေသည်။ အထူးသဖြင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများနှင့် ဖန်စီ ပစ္စည်းများကို ၀တ်ဆင်ရဖွယ် ရှိသည်။ ထိုသို့သာ ၀တ်ဆင်ကြရပါက ရွှေမြန်မာအစား ပလတ်စတစ် မြန်မာဟု ပြောင်းလဲ ခေါ်ဆိုကြရဖွယ် ရှိသည်။

သို့သော် ထိုအမိန့်တွင် ပလက်တီနမ် မ၀တ်ရဟု ဖော်ပြမထားပေ။ သို့ဖြစ်၍ ပလက်တီနမ် ၀တ်လိုက ၀တ်နိုင်သည်ဟု အဓိပ္ပါယ် သက်ရောက်နေပြီး၊ ထိုသို့သာ ၀တ်ဆင်ကြပါက မြန်မာလူမျိုးကို "ရွှေ" ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခြင်းမှ "ပလက်တီနမ်" ဟု ပြောင်းလဲ ခေါ်ဝေါ်လာနိုင်သည်။ ယခုအချိန်အထိ ပြည်ပထွက်ခွာသူ မြန်မာများ အနေဖြင့် မည်သည့် အရာကို ၀တ်ဆင်ကြမည်ကို မသိရသေးသဖြင့် မြန်မာကို ရွှေ အစား ပလတ်စတစ် ဟု ခေါ်မလား၊ ပလက်တီနမ်ဟု ခေါ်မလား အသေအချာ မသိရသေးပေ။


သတင်း အသးစိတ် ဖတ်ရှုရန်
News in English
@HN

စစ်ရှောင် အမျိုးသားများနှင့် အဖိုးကြီးများ ဒုက္ခရောက်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ကလေးများ လုံခြုံရေးအတွက် ထိုင်းအစိုးရက ကူညီရန် အဖွဲ့အစည်း တခုက တောင်းဆိုလိုက်သည်။ သို့သော် အမျိုးသားများနှင့် အဖိုးကြီးများမှာမူ အကူအညီတောင်းဆို ခံရခြင်း မရှိသည့်အတွက် အခက်တွေ့နေရကြောင်း သတင်း ရရှိသည်။

အပြည့်အစုံသို့
@HN