Sunday, August 21, 2011

ပြည်ပရောက် သင်္ဘောသားများ ၆ လအတွင်း မြန်မာပြည် ပြန်လာကြရန် သမ္မတကြီး ပြောဆို

နိုင်ငံတော်သမ္မတကြီးက ပင်လယ်ရပ်ခြားတွင် အလုပ်လုပ်သော သင်္ဘောသားများကို ၆ လအတွင်း အမိမြေသို့ ပြန်လာစေလိုကြောင်း ပြောကြားလိုက်သည်။ ရေမြေခြားတွင် ၆ လထက်ကျော်လွန် နေထိုင်ပါက အမိနိုင်ငံအပေါ် သံယောဇဉ် လျော့နည်းသွားစရာရှိသည့်အပြင် ဆိုမာလီ ပင်လယ် ဓားပြများ၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရသည်ဟု သမ္မတကြီးက ပြောကြောင်း ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက သတင်းထောက်များကို ပြောသည်။

ထိုအကြောင်းများကို ထောက်ရှု၍ သမ္မတကြီးက ၀င်ငွေခွန်ဆောင်ရသည့် နှုန်းထားကို လျှော့ပေးလိုက်ကာ၊ လျှော့ပေးသည့်ကာလကိုလည်း ၆ လသာ သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း အကယ်ဒမီ ကျော်ဆန်းက ရှင်းပြသည်။


သို့မှသာ နိုင်ငံခြားရောက်နေသော သင်္ဘောသားများ ၆ လအတွင်း မြန်မာနိုင်ငံသို့ ကမန်းကတန်းပြန် လာပြီး အခွန်ဆောင်စေခြင်းဖြင့် မြန်မာနိုင်ငံအား အချိန်အကြာကြီး ခွဲမသွားဘဲ ပြည်တော်ပြန်နိုင်ကြမည် ဖြစ်ကြောင်း၊ ၄င်း အပြင် ခင်ပွန်းသည်နှင့် အကြာကြီး ခွဲခွာနေရသော သင်္ဘောသား ဇနီးမယားတို့မှာလည်း ခင်ပွန်းယောက်ျား သင်္ဘောသားများ ၆ လ အတွင်း ပြန်လာကြခြင်းဖြင့် ခင်ပွန်းသည်နှင့် မြန်မြန် ဆုံဆည်း နိုင်ကြမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ စီစဉ် ဆောင်ရွက်ပေးသည့် သမ္မတကြီး၏ စေတနာနှင့်သံယောဇဉ် ပမာဏကို သင်္ဘောသား ဇနီးမယားတို့ အနေဖြင့် ခန့်မှန်း ကြည့်ကြစေလိုကြောင်း အကယ်ဒမီ ကျော်ဆန်းက ပြောသည်။

ပင်လယ်ပြင်တွင် မဟုတ်ဘဲ နိုင်ငံရပ်ခြား ကုန်းမြေ တွင် အလုပ်လုပ်နေသူများ အနေဖြင့်လည်း ၆ လအတွင်း အခွန်ဆောင်မှသာ လျှော့ပေါ့သော နှုန်းထားကို ရရှိကြမည် ဖြစ်ကြောင်း၊ ၆ လ ကျော်လျှင် ဒုံရင်းအတိုင်း ဆောင်ကြရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀% အစား ၂%သို့ လျှော့ပေါ့သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့ထိ (၆)လသာ ပြဌာန်းထားခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်သည်။

ပေးပို့သူ-ဖရိုဇင်

1 comment:

  1. သမ္မတကြီး ဦးသိန်းစိန်ကို YouTube ဖွင့်ပေးပြီး အင်တာနက်တွေ မြန်ပေးဖို့ တောင်းဆိုရမယ်။ နို့မို့ဆို သူတို့သီချင်းတွေ လိုလို နဲ့ ဖီလင်ကြီးတွေ နှစ်ပိသာလောက်နဲ့ တက်ဆိုနေတဲ့ သူတွေရဲ့ မူရင်းသီချင်းတွေကို မြန်မာပြည်ကသူတွေ သိစေချင်လို့ပါ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။