Wednesday, April 20, 2011

တက္ကသိုလ်က တီးတိုးငွေ

မာမာလွင်တယောက် နေပူကြီးထဲ ချွေးပြိုက်ပြိုက် ကျနေတယ်။ တချက်တချက် စည်းကမ်းမရှိတဲ့ ကျောင်းသားတွေ ရုန်းရင်းဆန်ခတ် လုပ်လို့ စီတန်းနေသူတွေ နောက်လဲပြိုမလို ဖြစ်ရပါတယ်။

မာမာလွင် စိတ်ထဲတွေးနေတာက သူရောက်နေတဲ့နေရာကနေ နေ့ခင်း ၂ နာရီ မထိုးခင်ကောင်တာရောက်ပါ့ မလား…

စာကျက်ရတာ စာမေးပွဲဖြေရတာကို သူမကြောက်၊ အခုလို ပထမနှစ်ဝက် အဆိုင်းမန့်တင်တာ၊ ဒုတိယနှစ်ဝက် အဆိုင်းမန့် တင်တဲ့အခါတွေကိုတော့ သူကြောက်တယ်။

သူကံကောင်းတယ်လို့ ဆိုရမယ်။ ၂ နာရီ မထိုးခင်မှာပဲ သူ့ရှေ့က အတန်းကြီး ရွေ့သွားပြီး ကောင်တာကို ရောက်သွားတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက နောက်မှာ ကျန်နေတဲ့ ကျောင်းသားတွေ အတွက်ပဲ။ ဒီနေ့က အဆိုင်းမန့်တင်ရမယ့် နောက်ဆုံးရက်။ ၂ နာရီထိုးရင် လက်ခံပေးမယ့် ရုံးဝန်ထမ်းတွေ အိမ်ပြန်ကြမှာ။ ဒါကြောင့် ကျန်တဲ့ကျောင်းသားတွေ ထုချေလွှာနဲ့ ဒဏ်ကြေး တွဲပြီး တင်ရမယ့်ရက်ကိုစောင့်ရုံပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မာမာလွင်ကတော့ သိပ်ရှည်ရှည်ဝေး မတွေးနိုင်တော့ပဲ တစ်ကိုယ်ကောင်းဆန်စွာ ထွက်လာခဲ့ပါတယ်။

ကားဂိတ် ရောက်တော့မှ သတိရသွားတာက သူ့သူငယ်ချင်း မေသူ့ကိုပါ။ မေသူ ဒီနေ့ မလာပါ။ ဒါကြောင့် သူ့ကို ဖုန်းဆက်ကြည့်ရတော့မယ်။ မေ့နေရင် သတိပေးပြီး ဒဏ်ကြေးတင်ခိုင်းမယ့် ရက်ကို မလွတ်တမ်း စောင့်နိုင်အောင် ပြောရတော့မယ်။ သူ့လက်ကိုင်ဖုန်းကို ဆက်လိုက်တဲ့အခါ “မေသူတယောက် ရှော့ပင်း ထွက်နေတယ်” တဲ့။ ဒီနေ့ အဆိုင်းမန့် နောက်ဆုံးနေ့လေ။ မသိဘူးလားလို့ မေးတော့ “ကိစ္စမရှိဘူး။ ငါက တန်းစီစရာမလိုဘူး သူငယ်ချင်းရဲ့။ ငါ အဲဒီက ဝန်ထမ်းတစ်ယောက်ကို ပေါင်းထားလိုက်တာ။ ငါ့အစ်ကိုတုန်းကလဲ သူပဲ လုပ်ပေးတာလေ။ ပထမ အဆိုင်းမန့်အတွက် တစ်သောင်းခွဲ၊ ဒုတိယ အဆိုင်းမန့်အတွက် တစ်သောင်းခွဲနဲ့ စုစုပေါင်း သုံးသောင်းပေးထားလိုက်တယ်။ ကိုယ်က ဘာမှပြန်ကြည့်စရာ မလိုဘူး။ စာတွေလဲ သူပဲ ဖြည့်ပေးတယ်။ ပြီးရင် တင်ပေးတယ်။ တင်ပြီးရင်လဲ ဖုန်းဆက် အကြောင်းကြားပေးတယ်။ ဒါကြောင့် နင်စိတ်မပူနဲ့” လို့ သူ့ကို ပြောလာတယ်။

ဒီတော့ မာမာ က “ အေးပါ..အေးပါ ငါတို့လို သုံးသောင်း မပေးနိုင်တဲ့သူတွေတော့ အခုလို နေပူကြီးထဲ အငေါက်ခံပြီး တန်းစီရတာပေါ့ ”လို့ ရိသဲ့သဲ့ ပြန်ပြောခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အဆိုင်းမန့်တင်ရာတွင် ကျောင်းသားများ လိုက်နာရန်မှာ မိမိကိုယ်တိုင် မေးခွန်းများကို ဖြေဆိုကာ ကိုယ်တိုင် တင်သွင်းကြရမည် ဖြစ်သည်။


မဇ္ဈိမ မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။

3 comments:

  1. စာကလေးApril 20, 2011 at 4:44 PM

    ငွေရှိရင် အဖြေသိစရာ မလိုဘူးပေါ့... ဟုတ်စ

    ReplyDelete
  2. မှတ်ချက်က ရှင်းနေပါတယ်
    အဆိုင်းမန့်တင်ရာတွင် ကျောင်းသားများလိုက်နာရန် ဆိုတော့ ကျောင်းသားမဟုတ်သူကလိုက်နာစရာမလိုဘူးလေ ၊ ဒါကြောင့် မေးခွန်းများကိုကိုယ်စားဖြေဆိုကာကိုယ်စားတင်လို့ ရနေပြီပေါ့ ( ဒါမျိုးက ရိုး ဟိုး ဟိုး နေပါ ပြီ ဟီဟီဟီ

    ReplyDelete
  3. ဒါကမြန်မာတွေရဲ့အကျင့်လိုဖြစ်နေပါပြီ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။