Wednesday, April 6, 2011

ကိုယ်ပိုင်အမွေအနှစ်ကို သူတပါးပိုင် မလုပ်စေချင်ပါ

သို့ Burma Strange News,

မြန်မာစာနယ်ဇင်း စာမျက်နှာတွေနဲ့ မီဒီယာတွေမှာ အဆီအငေါ်မတည့် လွဲချော်နေတဲ့ အချက်တွေကို ထောက်ပြနေတဲ့ အတွက် ကျေးဇူးပါ။ တချို့ဖော်ပြချက်တွေ ဆိုရင် လုံးဝ မြင်မကောင်းအောင် လွဲနေတာတွေ တွေ့ရတယ်။ မဖြစ်သင့်ဘူးလို့ ရိုးသားစွာ ယူဆပါတယ်။

ဒီရက်ပိုင်းအတွင်း Popular News အင်တာနက် စာမျက်နှာမှာ မြန်မာပြည်ရဲ့ အနောက်ဖက် အကျဆုံး မြစ်တစ်စင်း ခေါင်းစဉ် တပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ (Click Here) အဲဒီမြစ်ဟာ "နတ်မြစ်" ဖြစ်တယ်ဆိုတာ ပထ၀ီ စသင်ဖူးတဲ့ မူလတန်း ကလေးတောင် သိပါတယ်။ မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေတဲ့ ကျောင်းသုံး ပထ၀ီဝင် စာအုပ်တွေက စလို့ စွယ်စုံကျမ်း အဆုံး၊ ထွက်ရှိသမျှ စာအုပ်စာတမ်းတွေမှာ ဒီမြစ်ကို နတ်မြစ်လို့ တရားဝင် ရေးသား ခေါ်ဝေါ် သုံးစွဲပါတယ်။


(Popular News)

လက်ရှိအနေအထားမှာ နတ်မြစ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို နယ်နိမိတ် ပိုင်းခြားထားတဲ့ မြစ် ဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခုက ပိုင်ဆိုင်တဲ့ မြစ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းက ပိုင်တဲ့ မြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ပြန် အဒေါ်ကြီး တစ်ယောက်ကတော့ ဘယ်လို ဘယ်ပုံ အိုင်ဒီယာတွေ ရသွားပြီးတော့ "နပ်ဖ်မြစ်" လို့ ရေးသလဲ မပြောတတ်ပါ။ အင်္ဂလိပ်လို Naf River လို့ စာလုံးပေါင်းတာ ဟုတ်ပါတယ်။ ဒါပေမဲ့ "နတ်မြစ်" လို့ ဘိုးစဉ်ဘောင်ဆက်က ခေါ်ဝေါ်လာခဲ့တာကို "နပ်ဖ်မြစ်" လုပ်သင့်ပါသလား။ စဉ်းစားသင့်ပါတယ်။ အကယ်၍ ဒီမြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပဲ ပိုင်ဆိုင်တဲ့ မြစ်တစ်စင်းဖြစ်ပြီး မြန်မာနဲ့လုံးဝ မသက်ဆိုင်ရင်တော့ သူတို့ အခေါ်အဝေါ်အတိုင်း အသံလှယ် ရေးသားတာကို ဘာမှ ကန့်ကွက်စရာ မရှိပါ။ ဒီမြစ်ကို ဘင်္ဂလားဘာသာစကားနဲ့ "နာဖ်နဒီ" လို့ ခေါ်ပါတယ်။ ဒါပေမဲ့ နတ်မြစ်ဟာ မြန်မာနိုင်ငံကလဲ ပိုင်ဆိုင်တဲ့ မြစ် ဖြစ်သလို၊ မြန်မာအမည် "နတ်မြစ်" ဆိုတာလည်း တရားဝင် ရှိနှင့် ပြီးသားပါ။ ဒါကို ဘာကြောင့် "နပ်ဖ်မြစ်" လုပ်ချင်ရသလဲ လုံးဝ မစဉ်းစားတတ်ပါ။ မူလတန်းတုန်းက ပထ၀ီ မသင်ခဲ့ဖူးတာတော့ မဖြစ်နိုင်ပါ။ သင်ခဲ့ဖူးမည်လို့ ထင်ပါတယ်။

တိဗက်ကုန်းမြင့်မှာ မြစ်ဖျားခံပြီး တရုတ်ပြည်၊ မြန်မာပြည်များကို ဖြတ်သန်းစီးဆင်းလာတဲ့ မြစ်ကြီး တစ်စင်းကို အင်္ဂလိပ်လို Salween River လို့ စာလုံးပေါင်းပါတယ်။ ဒါကို "သံလွင်မြစ်" လို့မရေးဘဲ "ဆာလ၀ိန်း မြစ်" လို့ ရေးရင် အဆင်ပြေပါ့မလား။ ဖြစ်ရော ဖြစ်သင့်ပါသလား။ စဉ်းစားကြရမှာပါ။ ဒီမြစ်ကို တရုတ်လို Nù Jiāng လို့ ခေါ်ပါတယ်။


အဒေါ်ကြီး အနေနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတာ မဟုတ်ဘဲ တရုတ်ပြည်ကသာ ပြန်လာပြီး သံလွင်မြစ် ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးခဲ့ရင် "မြစ်ဆာလ၀ိန်း စီးဆင်းနေသမျှ ခိုင်မြဲနေမည့် ချိုင်းနား-မြန်မာ ချစ်ကြည်ရေး" လို့များ ရေးလေမသား၊ 
"ကျုံးကွော်-မျန်ကျြင့်" ချစ်ကြည်ရေး လို့များ ရေးလေမလား မသိ။ (နပ်ဖ်မြစ် လုပ်ချင်တဲ့ အဒေါ်ကြီး အနေနဲ့ China ကိုလည်း တရုတ်လို့ မသုံးစွဲသင့်ပါ) ဒါမှမဟုတ် "နုရှာန်မြစ် (Nù Jiāng) ကို သက်သေတည်၍" ဆိုပြီး ဆောင်းပါးတွေ ရေးလေမလားမသိ။

ဘာပဲ ဖြစ်ဖြစ်၊ ကိုယ်မွေးဖွားကြီးပြင်း နေထိုင်တဲ့- ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသက ကိုယ်ပိုင် အမည်ရှိပြီးသား "နတ်မြစ်" ကို ဘင်္ဂလားဒေ့ရှ် အမည် "နပ်ဖ်မြစ်" လို့ ခေါ်ဝေါ် ချင်စိတ်ဖြစ်ပေါ်သွားရလောက်အောင် အဒေါ်ကြီးကို ဘင်္ဂလားဒေ့ရှ်က ဘာတွေများ လုပ်ပေးခဲ့လို့လဲဆိုတာကို အတွေးနယ် ချဲ့နေမိပါတယ်။

(မူလတန်းကျောင်းသားတစ်ဦး)


-စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်

10 comments:

  1. နတ်မြစ်ကို နတ်မြစ်မှန်း မသိတာကြီးကတော့ ရုပ်ပျက်တယ်။

    ReplyDelete
  2. Made in ယလော့ဒ်April 6, 2011 at 8:07 PM

    အင်း "Made in ယလော့ဒ်" .. လိုဖြစ်နေပြီ၊
    ကြားဖူးတာလေးပါ၊ အတိအကျမမှတ်မိတော့ဘူး
    ရွာလွတ်ရွာက ကျောင်းသားတစ်ယောက် နိုင်ငံခြား ပညာတော်သင် သွားသတဲ့။
    နိုင်ငံခြားမှာ ဆေးတံ လှလှလေး တွေ့သတဲ့။ Made in Ywalut လို့ ရေးထားတယ်ဆိုပဲ။ အဲဒီကျောင်းသားက Ywalut ဆိုတဲ့ နိုင်ငံခြား မြို့တမြို့က လုပ်တာထင်ပြီး ရွာက သူ့ဘကြီးအတွက် ဆေးတံ လက်ဆောင် ၀ယ်လာသတဲ့။
    ရွာရောက်တော့- ဘကြီး၊ ဒါနိုင်ငံခြားက ကျနော် ၀ယ်လာတာ၊ "Made in ယလော့ဒ်" လို့ ပြောသတဲ့။
    ဘကြီးက နိုင်ငံခြားလုပ်ဆေးတံသာပြောတယ်၊ ဒို့ရွာက ဆေးတံအတိုင်းပါလားလို့ ပြောသတဲ့။
    တူဝရီးနှစ်ယောက် အသေအချာ ပြန်ကြည့်တော့မှ Made in Ywalut ဆိုတာ "Made in ရွာလွတ်".. သူတို့ရွာက လုပ်တဲ့ ဆေးတံ ဖြစ်နေသတဲ့။

    ဒီအဒေါ်ကြီးလဲ ဘင်္ဂလားဒေ့ရှ်ရောက်တော့ နပ်ဖ်မြစ် (Naf မြစ်)ကို သွားတွေ့တယ် ထင်ပါ့။ ဒီ နပ်ဖ်မြစ်က - နတ်မြစ် ဖြစ်နေတာကို မသိရှာပေဘူး။
    ခုမှပဲ.... ကြားဖူးတဲ့ Made in ယလော့ဒ် ဆိုတာ တကယ်ရှိနေပါလား သတိထားမိတော့တယ်။

    ReplyDelete
  3. Ms. ဘိုဘုံငေါApril 7, 2011 at 2:14 AM

    နတ်မြစ်ကို မသိလို့မဟုတ်ပါဘူးရှင်။
    ကျွန်မက ဘိုတွေနေတဲ့ ဘိုလမ်းနဲ့နီးသွားလို့ နပ်ဖ်မြစ်လို့ ခေါ်မိတာပါရှင်။
    တောင်းပန်ပါတယ် တောင်းပန်ပါတယ်

    ReplyDelete
  4. အဲဒါဘိုလမ်းနီးတာဟုတ်ဘူးဂျ.......ကုလားလမ်းနီးသွားတယ်လို့ခေါ်တယ်ဂျ

    ReplyDelete
  5. နတ် ဆိုတာက ဘာသာရေး ဆန်လို့  မသုံးချင်တာ ဖြစ်ပါလိမ့်မယ်

    ReplyDelete
  6. အယ်ဒီတာမင်းတွေကရော ဘာတွေများ လုပ်နေရှာပါလိမ့်နော်..

    ReplyDelete
  7. BSN ရေ.. မူလတန်းကျောင်းသားတစ်ဦး ဆိုတဲ့အောက်ကဟာကို ဖြုတ်ကြည့်ပါလားလို့ အကြံပြုပါရစေ။ အရေးအသားက မူလတန်းကလေးရဲ့ ဥာဏ်ထက် ပိုနေလို့ပါ။ ကလေးလေသံလေးနဲ့ သရော်စာလိုမျိုးဆိုရင်လည်း ဒီပိုစ့်ရဲ့ deep meaning နဲ့ message ပျောက်သွားလိမ့်မယ်ထင်လို့ ။ အဲတာကြောင့် စာရေးသူအာဘော်လို့လည်းထည့်ထားသေး မူလတန်းကျောင်းသားတစ်ဦးဆိုတာလည်းထည့်ထားသေးဆိုတော့ ရှုပ်ကုန်တယ်။

    ReplyDelete
  8. မူလတန်းကျောင်းသား- ကလေး တောင် သိတဲ့ အမည်ကို ကလေးရဲ့ ဖွားဖွားအရွယ် အဒေါ်ကြီးတယောက်က "တလွဲ" ရေးထားတာကို ထောက်ပြတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ မူလတန်းကျောင်းသား ရေးရင်တောင် အဒေါ်ကြီးလို ပေါက်ကရ မဖြစ်ဘဲ မြန်မာအမည် အမှန်အတိုင်းဖြစ်ဦးမယ် ဆိုတဲ့ သဘော ထင်ပါတယ်။
    နတ်မြစ်ကို နပ်ဖ်မြစ်ရေးတာကို သရော်တဲ့ အနေနဲ့ ရေးသူ- "မိုင်ယန်မာနိုင်ငံသားတစ်ဦး" လို့ ပြောင်းလိုက်ရင် ပိုကောင်းမယ် ထင်ပါကြောင်း။

    ReplyDelete
  9. "မိုင်ယန်မာနိုင်ငံသားတစ်ဦး" ..
    I like it. :D

    ReplyDelete
  10. နတ်မြစ်တို့၊ ရှင်မဖြူကျွန်းတို့ဆိုတာ စစ်သူကြီးမဟာဗန္ဒုလရဲ့ပထမ အင်္ဂံလိပ်၊မြန်မာ စစ်ပွဲအကြောင်းသမိုင်းသင်ကတည်းကကြားဘူးခဲ့တဲ့ နာမည်တခုပါ၊

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။