မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်တစ်ဦးက အဖြေရှာ တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။ အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား အဆင့် ဖြစ်သဖြင့် အမျိုးသမီးများ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲသို့ "ဒေါ်" အမည်ဖြင့် တက်ရောက် စာတမ်း တင်သွင်းသူများမှာ ယောက်ျားလျှာများ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး မြန်မာပညာရှင်ကြီး တစ်ဦးက ဆင်းရဲမွဲတေမှု လုံးဝ ချုပ်ငြိမ်း ပပျောက်ရေး လမ်းပြ စာတမ်းကို တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပြ စာတမ်းတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေကို နှစ်ဆမှ စတင်ကာ၊ သုံးဆ၊ လေးဆ၊ ငါးဆ၊ ဆယ်ဆ အထိ မြင့်တက်အောင် ဆောင်ရွက်မည့် နည်းလမ်းများကို တင်ပြထားသည်ဟု နေပြည်တော်သို့ သွားရောက် သတင်းရယူခဲ့သူ ပြည်တွင်း သတင်းထောက်က BSN သို့ သတင်း ပေးပို့သည်။
သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်ကြီးက မြန်မာနိုင်ငံ၏ လူဦးရေကို လက်ရှိ လူဦးရေ၏ တစ်ဝက်သို့ လျှော့ချ ခြင်းဖြင့် လူတစ်ဦးချင်း ၀င်ငွေကို နှစ်ဆ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ အကယ်၍- မြန်မာပြည်၏ လူဦးရေကို လက်ရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချလိုက်ပါက မြန်မာပြည်၏ တစ်ဦးချင်း ၀င်ငွေမှာ ယခုထက် ဆယ်ဆ မြင့်တက်လာမည် ဖြစ်ကြောင်း ပညာရှင်ကြီး၏ လမ်းပြ စာတမ်းတွင် တင်ပြထားသည်ကို တွေ့ရသည်။
လူဦးရေ လျှော့ချရေးအတွက် နည်းလမ်း ပေါင်းစုံ ရှာဖွေရမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်း တစ်ခု အနေဖြင့် နယ်စပ်ဒေသများတွင် စစ်ဆင်ရေး များ အရှိန်မြှင့် ဆောင်ရွက်ကာ၊ တိုင်းသူပြည်သား လူအများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း ပညာရှင်ကြီးက အကြံပြုသည်။ ထို့ပြင် နာဂစ်ကဲ့သို့သော မုန်တိုင်းများ တိုက်ခတ်ပါကလည်း ကယ်ဆယ်ရေးများ မလုပ်ဘဲ လူများ သေကျေသည်ကို ဒီအတိုင်း စောင့်ကြည့်နေသင့်ကြောင်း လမ်းပြ စာတမ်းတွင် အကြံပြုထားသည်။ သို့မှသာ မြန်မာပြည်၏ လူဦးရေများ လျော့ကျသွားမည် ဖြစ်ပြီး တိုင်းပြည်၏ တစ်ဦးချင်း ၀င်ငွေမှာလည်း လူဦးရေ အချိုးအစားပေါ် မူတည်ကာ မြင့်မား လာမည် ဖြစ်သည်ဟု သမ္မတ၏ အကြံပေး ပညာရှင်ကြီးက တင်ပြသည်။
အခြား နည်းလမ်းအနေဖြင့် မြန်မာပြည်ရှိ ဆင်းရဲမွဲတေသူများကို အငတ်ဘေး ကြုံတွေ့ရသည့် ဆင်းရဲမွဲတေမှု အဆင့်ထိ ရောက်အောင် စောင့်ကြည့်နေသင့်ကြောင်းကိုလည်း ပညာရှင်ကြီးက ဆက်လက် အကြံပြုသည်။ သို့မှသာ ဆင်းရဲမွဲတေသူများ ငတ်သေပြီး ပပျောက်သွားမှာ ဖြစ်သည်ဟု သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်ကြီးက သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး လမ်းပြ စာတမ်းတွင် တင်ပြထားသည်။
တချို့  သတင်းတွေကို ဒိုင်ထားတာ ကောင်းတယ်။ ဥပမာ ဒီသတင်းပေါ့။
ReplyDeleteဗိုလ်ပြုတ်တွေ ဒီသတင်း ဖတ်မိရင် အိုင်ဒီယာ ရပြီး လိုက်လုပ်နေအုံးမယ်း)