Tuesday, August 30, 2011

သိုးဆောင်း စာဆိုကြီး ရှိတ်စပီးယား မသေသေး

ပရလောက သတင်းဌာန၏ ပြည်ပ သတင်းထောက် တာတေကြီး၏ စုံစမ်း လေ့လာမှုများ အရ ကမ္ဘာကျော် ကဗျာပါရဂူကြီး ၀ီလျံ ရှိတ်စပီးယား မသေဆုံးသေးကြောင်း သိရှိရသည်။

၁၅၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ ယခုအခါ အသက် ၄၄၇ နှစ် ရှိနေပြီဖြစ်သော ဆရာကြီး ရှိတ်စပီးယား မသေဆုံး သေးကြောင်းကို မကြာသေးမီက ထုတ်ဝေသော မြန်မာ စာအုပ် တစ်အုပ်အတွက် အမှာစာ ရေးပေးခဲ့သည် ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။


(ဓာတ်ပုံ- ပရလောက)

ယင်း၏ ညီမဖြစ်သူမှာ ပေါ့ပ် အဆိုကျော် ဘရစ်တနီ စပီးယား  ဖြစ်သည်။ သူမသည် ရှိတ်စပီးယားထက် အသက် ၃၈၇ နှစ် ငယ်သည်။

အဆိုပါ ပြဇာတ်စာပေနှင့် ကဗျာဆရာကြီးသည် ဂုဏ်ပကာသန အောင်မြင်မှုတို့ကို ရွံရှာငြီးငွေ့လာသဖြင့် သေဆုံးပြီဟု သတင်းလွှင့်ပြီး ဇာတိချက်ကြွေ အင်္ဂလန်ပြေကို စွန့်ခွာ၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် လာရောက် နေထိုင်လျက် ရှိသည်။ ထိုသို့ နေထိုင်စဉ် ကာလအတွင်း ရှိတ်စပီးယားသည် ရှေ့မှီနောက်မှီ ၀ါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးချစ်လှိုင်(ခ) ကိုကိုမောင်ကြီးနှင့် သိကျွမ်းရင်းနှီးကာ ယင်း မကြာသေးမီက ထုတ်ဝေခဲ့သော “ကျွန်တော်သိသော တစ်ရံရောအခါများ”  စာအုပ်အတွက် အမှာစာ ချီးမြှင့်ပေးခဲ့သည်။

မြန်မာ့ ခေတ်ပြိုင်စာပေနှင့် ရာဇ၀င် ပညာရှင် ပေါရာဇာ (ပထမံဝိဇ္ဇာ ဘိလပ်) က ဦးချစ်လှိုင်ကတော့ ရှေ့မှီနောက်မှီ စစ်စစ်ပါဘဲ။ သူ့ဟာ အစည်းအဝေးတွေမှာ ဆိုရင် သေသေချာချာ မဆွေးနွေးဘဲ အရှေ့ကို မှီလိုက်၊ အနောက်ကို မှီလိုက် လုပ်ပြီးတော့ အိပ်ငိုက်နေတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ်။ ဒါပေမယ့် သူနဲ့ ဘရစ်တနီ စပီးယားရဲ့ အစ်ကိုကြီး ဘယ်လို ဆုံစည်းမိသွားတယ်ဆိုတာကိုတော့ ကျွန်တော် မလေ့လာရသေးပါဘူး။ ၀ီကီပိဒိယကနေ ခိုးချပြီး ကျွန်တော် စာတမ်းတစ်စောင် အမြန်ဆုံး ပြုစုလိုက်ပါမယ် ဟု ပြောကြားသည်။

ပရလောကသတင်းဌာန
တာတေကြီးနှင့် နှစ်ဘက်ချွန် ပူးပေါင်းရေးသားသည်။

စတူးဒင့် မဟုတ်သော စကူးဆန်းများ အတွက် "ဓမ္မ စကူး" လာပြီ


ဓမ္မ စကူး ဖွင့်လှစ်မည် ဖြစ်ပါသောကြောင့် တက်ရောက်လိုကြသော စကူး ဆန်း (school= ကျောင်း၊ son= သား) School Son များ စကူးအပ်နှံရန် ပြင်ဆင်နိုင်ကြပြီ ဖြစ်ကြောင်း နိုင်ငံတော် ကြေးမုံ သတင်းစာကြီးတွင် ရေးသား ဖော်ပြထားလေသည်။

Read More ...

ကွင်တားနား၏ ငါးရက်ကြာ ခရီးစဉ်ကြောင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံး နေရာပြောင်းရွှေ့လိုက်ရ ..

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး၏ ငါးရက်ကြာ ခရီးစဉ်၏ ရလဒ်အဖြစ် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးကို နေရာပြောင်းရွှေ့လိုက်ရကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။


အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အမှတ် (၆) နတ်မောက်လမ်း၊ တာမွေမြို့နယ်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ ၀န်ထမ်းတစ်ဦးနှင့် ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းက “ဟုတ်လား . ကျွန်တော်တို့ ရုံးပြောင်းသွားတာ ကျွန်တော်တောင် မသိလိုက်ဘူး။ ဘယ်နေရာကို ပြောင်းသွားတာလဲ . ကျွန်တော်တို့ရုံး Website မှာ တင်ထားတဲ့ လိပ်စာကို အခုချက်ချင်း ပြောင်းဖို့ ပြောလိုက်ပါမယ်” ဟု ပြန်လည် ဖြေကြားသည်။

ကွင်တားနားသည် ၎င်း၏ ငါးရက်ကြာ ခရီးစဉ် အတောအတွင်း အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။ ထိုဆွေးနွေပွဲများမှ ရလဒ်အဖြစ် ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် ထောင်တွင်း တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်း  ပေါ်ထွက်လာသည်။

ပရလောကသတင်းဌာန

တာတေကြီးနှင့် နှစ်ဘက်ချွန် ပူးပေါင်းရေးသားသည်။

Saturday, August 27, 2011

လစ်ဗျား အာဏာရှင် ဂဒါဖီ ခွေးယောင်ဆောင်လျက်ရှိ

လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ ခွေးယောင် ဆောင်နေကြောင်း သတင်းရရှိသည်။

အာဏာရှင် စနစ်ကို ဆန့်ကျင် ပုန်ကန်နေသူများထံတွင် အဖမ်းခံရမည် စိုးရိမ်သဖြင့် ခွေးကဲ့သို့ ပုန်းအောင်နေကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။



ထို့ပြင် ၄င်းအား တွေ့မြင်သူများ မမှတ်မိစေရန် မူလအမည် "ဂဒါဖီ" မှ "ကရာဖီ" သို့ အမည်ပြောင်းထား ကြောင်းလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

အီရတ် အာဏာရှင်ဖြစ်သူ ဆက်ဒမ် ဟူစိန် သည်လည်း ကြွက်ယောင် ဆောင်ပြီး၊ ကြွက်တွင်းထဲတွင် ပုန်းအောင်းဖူးသည့် သာဓက ရှိခဲ့ဖူးသည်။


Read More ...

ဗထူးကွင်းကို Water polo ကွင်းအဖြစ် ပြောင်းလဲ

(Photo: Weekly Eleven)

ယခု ရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ ဗထူးကွင်းကို ကမ္ဘာ့အဆင့်မီ Water polo ကွင်းအဖြစ် ပြောင်းလဲ ထားကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ဗထူးကွင်းတွင် ဘောလုံးပွဲစဉ်များကို ကျင်းပမည် မဟုတ်ဘဲ Water polo ပွဲများကိုသာ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

@Minn


Link

Thursday, August 25, 2011

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်ပြီ

(Photo: Mizzima)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမ္မတ အဖြစ် တင်မြှောက်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် သစ္စာ သတင်းဂျာနယ်တွင် မျက်နှာဖုံး သတင်း အဖြစ် ရေးသား ဖော်ပြသည်။

အဆိုပါ သတင်းတွင် နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နေသော တိုက်ပုံအင်္ကျီ ၀တ်ဆင်ထားသည့် နဖူးပြောင်ပြောင် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။


Read More ...

မင်းတုန်းမင်းကြီးကို FB မှာ Friend အဖြစ် Add နိုင်ပြီ

ဒီဖေ့စ်ဘွတ် စာမျက်နှာကို လူမော်ဟန်က ဖန်တီးထားတာပါ


Courtesy: KHET HTAN


မင်းတုန်းမင်းကြီးနဲ့ Friend ဖြစ်လိုသူများ မိမိတို့ရဲ့ ဆန္ဒအလျောက် ဒီ(link) ကိုသွားရောက်ပြီး Add ကြည့်မယ် ဆိုရင်ဖြင့် . . . .  :D

(ပျော်ရွှင် ပြုံးပျော်နိုင်ပါစေ)

သမ္မတကြီး ဘာလုပ်နေသနည်း


(Photo: Mr Creator)

လွှတ်တော် အတွင်း သမ္မတကြီး Facebook သုံးရန် ပြင်ဆင်နေသည်။
ဒု-သမ္မတ အိပ်ငိုက်နေသည်။


Courtesy: Zarny Win

Tuesday, August 23, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ကန်တော့မည်

ပရလောကသားတစ်ဦး၏ သတင်းပေးပို့ချက်အရ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုံအလယ်တွင် ရှိခိုးကန်တော့ရန် ပြင်ဆင်နေကြောင်း ကြားသိရသည်။

ကျောက်စိမ်းတူးဖော်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘိလပ်မြေနှင့် အဖျော်ယမကာထုတ်လုပ်ရေး အစရှိသော စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကို လုပ်ကိုင်နေသည့် ဦးဇော်ဇော်သည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပလဲနံပသင့်သူ ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သို့သော် စစ်အစိုးရ အတိုက်အခံ အချို့ကမူ ဦးဇော်ဇော်သည် မနုဿနွယ်ဖွား လူသားစင်စစ် မဟုတ်ဘဲ လူယောင် ဖန်ဆင်းထားသော ယက္ခဘီလူးကြီးသာ ဖြစ်သည်ဟု ဖွင့်ချထားသည် (Click Here)။ ဦးဇော်ဇော်သည် မြန်မာလူမျိုး မဟုတ်ဘဲ ရိုမေးနီးယားနွယ်ဖွား သွေးသောက်ဘီလူး (သို့) သွေးစုပ်ဖုတ်ကောင် ဟု အတိအလင်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။



မည်သို့ပင်ဆိုစေကာမူ အဆိုပါ သွေးသောက် ဘီလူးကြီးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လူပုံအလယ်တွင် နဖူးမြေစိုက် ဦးခိုက်တောင်းပန်ရန် ကြံစည် ပြင်ဆင် နေကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို ကျွန်ုပ်တို့၏ ပရလောက သတင်းဌာနက ရှာဖွေတွေ့ရှိထားသည်။

Soccer Myanmar တွင် ဖော်ပြထားသည့် သတင်းများအရ သွေးသောက်ဘီလူးကြီးသည် သြဂုတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ် စနေနေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်း ဗဟိုဌာန၌ ပြုလုပ် ကျင်းပခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၀န်ချ တောင်းပန် ကန်တော့လိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့သော် အချို့ သတင်းဌာနများကမူ သွေးသောက် ဘီလူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို U-19 ဘောလုံးပြိုင်ပွဲသို့ ဖိတ်ကြားခဲ့သည် ဟုသာ လွဲလွဲမှားမှား ဖော်ပြထားသည် (Click Here)။


ဒေါ်အောင်ဆန်းစုကြည်အား ဦးဇော်ဇော်က ၀န်ချတောင်းပန်ရန် ပြင်ဆင်နေစဉ်

ပရလောက သတင်းထောက်ကြီး ဦးနှစ်ဖက်ချွန်၏ အလိုအရ ဘီလူးကြီးက လူထုခေါင်းဆောင်ကို ကန်တော့မည့် ကာလမှာ စက်တင်ဘာလ ၈ရက်နေ့မှ ၂၁ရက်နေ့ အထိ ဖြစ်ပြီး၊ ကန်တော့မည့် နေရာမှာ ရန်ကုန် သုဝဏ္ဏ အားကစားကွင်း ဖြစ်မည် ဟု ခန့်မှန်းသည်။ အမေရိကန် ပြည်ထောင်စုရောက် မြန်မာ့ အရေး လေ့လာသူ သုတေသီ ဒေါက်တာသာဂိ က "ဘာပဲ ဖြစ်ဖြစ် ဒါဟာ စောင့်ကြည့်ရမယ့် အခြေအနေ တစ်ရပ်ပါပဲ။ ကျွန်တော်တို့လို ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း အကြံပေးလိုတာကတော့ ဘောလုံးပွဲကို သွားမယ်ဆိုရင် ကျည်ကာ အကျီင်္တင် မကဘူး၊ ရေသန့်ဘူး ကာ၊ ကွမ်းယာထုပ် ကာ၊ ဖိနပ် ကာ၊ အုတ်ခဲ ကာ အကျီင်္ ၀တ်ဆင်ပြီးမှာ သွားရောက် ကြည့်ရှုသင့်တယ်လို့ ယူဆပါတယ်။ ဘာ့ကြောင်လဲ ဆိုတော့ ဒီ ဘောလုံးပွဲ ပရိတ်သတ်ထဲမှာ စစ်အစိုးရက လက်သပ် မွေးထားတဲ့ စွမ်းအားရှင် လူမိုက်တွေ ရှိနေနိုင်လို့ပါပဲ” ဟု ပြောကြားသည်။

E Grass (မစင် မြက်ပင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ “အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲ သွားကြည့်မယ်ဆိုရင် အာဏာရ အဖွဲ့အစည်းနဲ့ အတိုက်အခံ ကြားမှာ နားလည်မှု တစ်ခု တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေ ပေါ်ထွက်နိုင်ဖွယ် ရှိတယ်။ ဒါကို စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ၊ Stakeholder တွေက ကြားဝင် ပံ့ပိုးပေးရမယ်။ ဒါမှာ နှစ်ဘက်လုံး ၀င်းဝင်း ဖြစ်နိုင်မယ်” ဟူ၍ ပြောကြားလိုက်သည်။ (မှတ်ချက်။ ။ ၀င်းဝင်း ဆိုသည်မှာ သင်းသင်း၏ ညီမကလေး ဖြစ်ပြီး ရုပ်ရည်ရူပကာနှင့် ပြည့်စုံသူ ဖြစ်သည်။)

ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ပရိတ်သတ်ကို အနှောင့်အယှက်ပေးခဲ့သည့် ဦးဇော်ဇော်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားစဉ် (Photo: Mizzima)

မကြာသေးမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း အတွင်း ယှဉ်ပြိုင် ကစားကြစဉ်ကလည်း သွေးသောက် ဘီလူးကြီးသည် သူ၏ အမှားများကို သိမြင်နားလည်ပြီး ဘောလုံးပွဲ လာရောက် ကြည့်ရှုသူ ပရိသတ်များကို တောင်းပန် ကန်တော့ခဲ့ဖူးသည်။ သို့သော် ပရိတ်သတ်များက ခွင့်မလွှတ်ခဲ့ကြပေ။ ထို့ပြင် သွေးသောက် ဘီလူးကြီး ဦးဇော်ဇော် လန်ကွတ်တီ ၀တ်မည် ဟူသည့် သတင်းလည်း မကြာသေးမီက ထွက်ပေါ်ခဲ့ဖူးသည် (Click Here)။ ထိုသတင်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန် ကန်တော့မည်နေ့တွင် ဘီလူးကြီး မြန်မာရိုးရာ ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် အနောက်တိုင်း ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် လန်ကွတ်တီ ၀တ်မည်လော စသည့် သို့လော သို့လော ခန့်မှန်းချက်များ တရစပ် ထွက်ပေါ်နေသည်။


ပရလောကသတင်းဌာန

Monday, August 22, 2011

အစိုးရဆိုတာ ...


အစိုးရဆိုတာရဲ့ အဓိပ္ပါယ်ကို စာရေးဆရာကြီး ဦးအောင်သင်းက ဘယ်လို ဖွင့်ဆိုပါသလဲ????

(မင်းသန့်ကျော် ဗီဒီယို ရိုက်ကူးရေးက မှတ်တမ်းတင်ထားတဲ့ မြောက်ဥက္ကလာ စာပေဟောပြောပွဲမှတ်တမ်းမှာ ကြည့်ရှု နားဆင်နိုင်ကြပါတယ်)

Sunday, August 21, 2011

ပြည်ပရောက် သင်္ဘောသားများ ၆ လအတွင်း မြန်မာပြည် ပြန်လာကြရန် သမ္မတကြီး ပြောဆို

နိုင်ငံတော်သမ္မတကြီးက ပင်လယ်ရပ်ခြားတွင် အလုပ်လုပ်သော သင်္ဘောသားများကို ၆ လအတွင်း အမိမြေသို့ ပြန်လာစေလိုကြောင်း ပြောကြားလိုက်သည်။ ရေမြေခြားတွင် ၆ လထက်ကျော်လွန် နေထိုင်ပါက အမိနိုင်ငံအပေါ် သံယောဇဉ် လျော့နည်းသွားစရာရှိသည့်အပြင် ဆိုမာလီ ပင်လယ် ဓားပြများ၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရသည်ဟု သမ္မတကြီးက ပြောကြောင်း ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက သတင်းထောက်များကို ပြောသည်။

ထိုအကြောင်းများကို ထောက်ရှု၍ သမ္မတကြီးက ၀င်ငွေခွန်ဆောင်ရသည့် နှုန်းထားကို လျှော့ပေးလိုက်ကာ၊ လျှော့ပေးသည့်ကာလကိုလည်း ၆ လသာ သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း အကယ်ဒမီ ကျော်ဆန်းက ရှင်းပြသည်။


သို့မှသာ နိုင်ငံခြားရောက်နေသော သင်္ဘောသားများ ၆ လအတွင်း မြန်မာနိုင်ငံသို့ ကမန်းကတန်းပြန် လာပြီး အခွန်ဆောင်စေခြင်းဖြင့် မြန်မာနိုင်ငံအား အချိန်အကြာကြီး ခွဲမသွားဘဲ ပြည်တော်ပြန်နိုင်ကြမည် ဖြစ်ကြောင်း၊ ၄င်း အပြင် ခင်ပွန်းသည်နှင့် အကြာကြီး ခွဲခွာနေရသော သင်္ဘောသား ဇနီးမယားတို့မှာလည်း ခင်ပွန်းယောက်ျား သင်္ဘောသားများ ၆ လ အတွင်း ပြန်လာကြခြင်းဖြင့် ခင်ပွန်းသည်နှင့် မြန်မြန် ဆုံဆည်း နိုင်ကြမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ စီစဉ် ဆောင်ရွက်ပေးသည့် သမ္မတကြီး၏ စေတနာနှင့်သံယောဇဉ် ပမာဏကို သင်္ဘောသား ဇနီးမယားတို့ အနေဖြင့် ခန့်မှန်း ကြည့်ကြစေလိုကြောင်း အကယ်ဒမီ ကျော်ဆန်းက ပြောသည်။

ပင်လယ်ပြင်တွင် မဟုတ်ဘဲ နိုင်ငံရပ်ခြား ကုန်းမြေ တွင် အလုပ်လုပ်နေသူများ အနေဖြင့်လည်း ၆ လအတွင်း အခွန်ဆောင်မှသာ လျှော့ပေါ့သော နှုန်းထားကို ရရှိကြမည် ဖြစ်ကြောင်း၊ ၆ လ ကျော်လျှင် ဒုံရင်းအတိုင်း ဆောင်ကြရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀% အစား ၂%သို့ လျှော့ပေါ့သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့ထိ (၆)လသာ ပြဌာန်းထားခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်သည်။

ပေးပို့သူ-ဖရိုဇင်

Friday, August 19, 2011

ဒေါ်စုကို ဦးသိန်းစိန် ကြောက်ရွံ့

(Photo: The Voice Weekly)

သမ္မတကြီး ဦးသိန်းစိန်သည် အလွန် ကြောက်တတ်သူ ဖြစ်သည်။

"နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတ အိမ်တော်ဖြစ်ပြီးတော့ အဲဒီ့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဓာတ်ပုံလဲ မချိတ်ထားပါလား" ဟု ဒေါ်အောင်ဆန်းစုကြည်ထံ အပြောခံရမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သမ္မတ ဦးသိန်းစိန်က ချိတ်ဆွဲထား လိုက်သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်နှင့် တပြိုင်နက် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံချိတ်ဆွဲထားသည်ကို ဦးသိန်းစိန်က စတင်ပြသခဲ့ကြောင်း၊  ထို့ကြောင့် ဦးသိန်းစိန်မှာ အမျိုးသားခေါင်းဆောင်ကြီး၏ သမီးဖြစ်သူထံတွင် အပြစ်တင် မခံရတော့ကြောင်း BSN သတင်းထောက်က နေပြည်တော်မှ သတင်းပေးပို့သည်။

အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ကြောက်ရွံ့သဖြင့် ချိတ်ဆွဲခဲ့ခြင်း ဖြစ်သော်လည်း၊ နိုင်ငံတော်၏  ကျေးဇူးရှင် အပေါ်တွင် ကျေးဇူးသိတတ်ရာ ရောက်သည့် လုပ်ရပ် ဖြစ်သဖြင့်၊ ပြည်ထောင်စု၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ချိတ်ဆွဲခဲ့သူ ဦးသိန်းစိန်အား ယမမင်းကြီးက ခွေးပုရပိုက်တွင် အမည်စာရင်း ရေးမှတ်ခြင်းမှ ယာယီ ပယ်ဖျက်လိုက်ကြောင်း BSN သို့ အကြောင်းကြားစာ တစ်စောင် ပေးပို့သည်။

နိုင်ငံတော်၏ ကျေးဇူးရှင်အပေါ် ကျေးဇူး သိတတ်ရမှန်း မသိလောက်အောင် ဆိုးရွား ရိုင်းစိုင်းလှသော- မိမဆုံးမ၊ ဖမဆုံးမ သားသမီးများ ဖြစ်ကြသည့် န၀တ-နအဖ စစ်ခေါင်းဆောင် အချို့ကိုမူ ခွေးပုရပိုက်တွင် မှတ်တမ်းတင်ထားဆဲ ဖြစ်ကြောင်း၊ ငရဲပြည်ရောက်လျှင် သူ့အကြောင်းကို ကောင်းကောင်း သိစေရမည် ဖြစ်ကြောင်း၊ ယမမင်းကြီး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုနှစ်အတွင်း မြန်မာပြည်တွင် ဆန်စပါး ရှားပါးမည်

စပါးခင်းများ ဖျက်ဆီးမှု သတင်း

၂၀၀၉ နှင့် ၂၀၁၀ နှစ်များအတွင်း စပါးစိုက်ခင်း စုစုပေါင်း ၁၉,၅၉၂ ဧက ကို နိုင်ငံတော်က ဖျက်ဆီးလိုက်သည်။

အကျိုးဆက်အဖြစ် မြန်မာပြည်တွင် ၂၀၁၁ ခုနှစ်အတွင်း ဆန်စပါး အကြီးအကျယ် ရှားပါးတော့မည် ဖြစ်သည်။

ဆန်စပါး ရှားပါးမှု ပြသနာကို ဖြေရှင်းနိုင်ရန် မြန်မာသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် စပါးစိုက်နေသည် (ဖတ်ရန်)။ သို့သော် သမ္မတကြီး၏ စပါးခင်းမှ ထွက်သော ဆန်စပါး ပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာကို မဆိုထားနှင့်၊ မိသားစု စားသောက်ရန်ပင် လုံလောက်မှု မရှိဟု သိရသည်။  

သမ္မတကြီး ကြံရာမရတော့သဖြင့် ဆံပင်များကျွတ်ထွက်ကာ ခေါင်းပြောင် သွားသည်ဟု သတင်းတစ်ပုဒ်က ဆိုသည်။

သမ္မတကြီး ဦးသိန်းစိန် ကြံရာမရတော့သည့် အဆုံးတွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲများ တစ်ခုပြီး တစ်ခု ကျင်းပပြီး၊ ဆန်စပါးပြတ်လပ်မှု ပြသနာ ဖြေရှင်းရန်အတွက် အရပ်ကူပါ လူဝိုင်းပါ အဖြေရှာခိုင်းနေသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပါ သမ္မတကြီးက အကူအညီ တောင်းခံထားသည်။ 

ယနေ့ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတကြီးတို့ တွေ့ဆုံကြသည်ဟု သိရပြီး ဆွေးနွေးမှု အသေးစိတ် အချက်အလက်များကို မသိရပေ။

သမ္မတ၏ စီးပွားရေး အကြံပေးများကမူ ဆန်စပါး ရှားပါးမှုကြောင့် ပြည်သူလူထု ထမင်းမစားရလျှင်လည်း ပြသနာ မရှိကြောင်း၊ ထမင်းမစားရပါက ပေါင်မုန့် စားကြလိမ့်မည် ဖြစ်ကြောင်း ယနေ့ ဖွင့်လှစ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အကြံပြုကြသည်ဟု သတင်းရရှိသည်။

@7MH-

ဘယ်သူက စောင်ရေ အများဆုံးလဲကွယ်?

Credit: Journalist's Hittai

Thursday, August 18, 2011

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ မုတ်ဆိတ်မွေး ရိတ်မည် မဟုတ်

မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများကို ရိတ်သိမ်းမည် မဟုတ်ဟု ကျော်သူက ပြောဆိုကြောင်း မဇ္ဈိမ သတင်းဌာနက ယနေ့ ရေးသားဖော်ပြသည်။

သမ္မတ ဦးသိန်းစိန်က သူသည် ကျော်သူ့ ပရိသတ်ဖြစ်ပြီး၊ ရုပ်ရှင်မင်းသား ကျော်သူမှာ အလွန်ချော၊ အလွန်ခန့်ကာ သူအလွန် သဘောကျခဲ့ရသည့် မင်းသား ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တွင် အကယ်ဒမီကျော်သူ၏ ဇနီး ရွှေဇီးကွက်နှင့် နှုတ်ဆက်စဉ် သမ္မတကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က ကျော်သူ့ အနေဖြင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွေးများကို ရိတ်ပြီး မင်းသားပုံစံဖြင့် နေစေချင်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

သို့သော် ကျော်သူက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများကို ရိတ်ကာ လှလှပပ ပြုပြင် နေထိုင်ဘို့ အတွက် စိတ်ဆန္ဒ မရှိတော့ဟု ပြောဆိုလိုက်သည်။

(မဇ္ဈိမ သတင်းဌာန၏ ရေးသားချက်မှ ကောက်နုတ်ဖော်ပြပါသည်)


သတင်း အသေးစိတ် ဖတ်ရှုရန် ...

ကျော်သူ ရုပ်ရှင် ရိုက်ကူးခွင့် ရတော့မည်

ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်ခံထားရသော သရုပ်ဆောင် ကျော်သူ ရုပ်ရှင် ပြန်လည် ရိုက်ကူးခွင့် ရရှိတော့မည်ဟု The Voice Weekly ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက် အရ သိရသည်။

(The Voice မှ)

မြန်မာ အစိုးရက မုတ်ဆိတ်မွေးထားသော အနုပညာရှင်များ၏ အနုပညာ ဖျော်ဖြေခွင့်ကို ပိတ်ပင်ခဲ့ဖူးသည်။

(ယခင် သတင်းတစ်ပုဒ်- ပြန်ဖတ်ရန်)

ယခု ကိုကျော်သူ ရုပ်ရှင် ပြန်လည် ရိုက်ကူးပါက မုတ်ဆိတ်မွေး ဆက်လက် ထားရှိမည် မထားရှိမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။

ကရင် ဗိုလ်မှူးကြီးနဲ့ သူ့ချစ်သူ ပြသနာဖြစ်

ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးနဲ့ သူ့ချစ်သူတို့ ပြသနာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီးရဲ့ ဂရုစိုက်တာ မခံရတဲ့ အတွက် ချစ်သူက ဗိုလ်မှူးကြီးတို့ရဲ့ စခန်း တစ်ဖက်ကမ်းမှာ ရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က မြို့တော်ဝန်ကို အကူအညီတောင်းခံတာ ဖြစ်ပါတယ်။

မဲဆောက်မြို့တော်ဝန်ကလည်း ကရင်စခန်းအထိ လိုက်လာပြီးတော့ ဗိုလ်မှူးကြီး- ချစ်သူနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဗိုလ်မှူးကြီးကိုလည်း ချစ်သူအပေါ် ဂရုတစိုက်ရှိစေဖို့ တိုက်တွန်းပြောဆိုသွားမယ့် အကြောင်း သတင်းတပုဒ်မှာ ဖတ်ရှုရပါတယ်။



Read More ...

Saturday, August 13, 2011

ရာထူးမှ ပြုတ်တော့မည် ဖြစ်သဖြင့် ဦးကျော်ဆန်း ငိုကြွေး

ဓာတ်ပုံများကို (ဒီနေရာ)က ယူပါတယ်။

သတင်းစာ ရှင်းလင်းပွဲများတွင် ပေါက်တတ်ကရ မမှန်မကန် ပြောဆိုမှုများကြောင့် ဦးကျော်ဆန်းကို ၀န်ကြီးရာထူးမှ အနားပေးရန် စီစဉ်နေကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်က သူ၏ သန့်ရှင်းသော အစိုးရတွင် လိမ်ညာသူများကို ဆက်လက် မထားရှိတော့ဘဲ ဖယ်ရှားသွားမည်ဟု

ကြုံးဝါးလိုက်သည်။ လိမ်ညာသူများမှာ အာပုတ်စော် နံကြောင်း၊ အာပုတ်စော် နံသူများကို သန့်ရှင်းသော သူများဟု မခေါ်ဆိုနိုင်ကြောင်း ဦးသိန်းစိန်က ပြောသည်။

ထိုသတင်းကို ကြားရသဖြင့် ဦးကျော်ဆန်း အလွန် ၀မ်းနည်းသွားသည်။ ၀မ်းနည်း သွားသဖြင့် ဆက်လက် မလိမ်ညာနိုင်တော့ဘဲ- ဆို့နင့်သွားကာ လူကြားသူကြားတွင် ဦးကျော်ဆန်း ချုံးပွဲချ ငိုကြွေးကြောင်း သတင်း များက ဆိုသည်။

ဦးကျော်ဆန်းသည် အမြဲတန်း လိမ်ညာတတ်သူ ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါတွင်တော့ မလိမ်ညာဘဲ အမှန်အတိုင်း ပြောခဲ့ဖူးကြောင်း ရုပ်သံ မှတ်တမ်း တစ်ခု အရ သိရသည်။


Thursday, August 11, 2011

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းပြီ


ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းသွားကြောင်း သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့၊ အမှတ် ၅၄-၅၆ တက္ကသိုလ် ရိပ်သာလမ်းနေအိမ် (အိမ်လိပ်စာ-ရှု) ကနေပြီးတော့ အနီးအနားမှာ ရှိတဲ့ အိမ်အမှတ် ၅၁ သို့ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ်လို့ အထက်ပါ သတင်းက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ လိပ်စာ အသစ်သို့ ဘယ်နေ့ ဘယ်ရက်က စပြီး ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ် ဆိုတာကိုတော့ သတင်းထဲမှာ ဖော်ပြ မထားပါဘူး။


Link ...

ဒါ မီဒီယာ လွတ်လပ် ခွင့်...ဘယ်သူမှ ဘာမှ မပြောနဲ့ တိတ်...

(Myanmar Jokes FB မှ)

ခေါင်းစဉ်- Kyaw Thurein ရဲ့ စာသား 

@Anonymous