Thursday, September 8, 2011
Monday, September 5, 2011
လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ
ကျင်းပဆဲ လွှတ်တော်ထဲမှာ လွှတ်တော်အမတ်အိမ်မှာ မွေးထားတဲ့ ခွေးကလေး နေမကောင်းလို့ ဖြေရှင်းပေးမည့်ကိစ္စ၊ မြေးကလေး သူငယ်တန်း ကျောင်းအပ်မယ့် ကိစ္စ၊ အိမ်က အဖွားကြီး ပူညံပူညံ လုပ်လို့ နားမခံနိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။
အခကြေးငွေပေးပြီး အသုံးပြုရတဲ့ အများသုံး အိမ်သာတွေနဲ့ ပတ်သက်လို့ အမတ်မင်း တစ်ယောက်ရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်း တံမြက်လှည်း ၀န်ကြီးချုပ်နဲ့၊ ရန်ကုန် မိလ္လာကြုံး မြို့တော်ဝန် နှစ်ယောက်က ဖြေကြားသွားတာကတော့ - ရှူးရှူး တစ်ခါပေါက်ရင် ၂၀ ကျပ် ပေးနေရတာကို အကြွေ မအမ်းနိုင်တာ ဖြစ်နေတဲ့ အတွက် နောက်ပိုင်းမှာ တစ်ခါသွားလျှင် ၁၀၀ ကျပ်နှုန်း တိုးကောက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အကြွေ အဆင် မပြေသေးဘူး ထင်လျှင်၊ ၁၀၀၀ ကျပ်သို့ တိုးကောက်သွား မည် ဖြစ်ကြောင်း၊ (အိမ်သာမှ ရရှိတဲ့ အပိုဝင်ငွေတွေကို အိမ်မှ မိန်းမကြီးများအား လက်သိပ်ထိုးပေးသွားမည်) ဖြစ်ကြောင်း၊
တာမွေမြို့နယ်၊ အမှိုက်သိမ်းကား ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ လာမည်ဖြစ်ကြောင်း၊ ယနေ့ မရောက်ပါက နောက်နေ့၊နောက်နေ့ မရောက်က၊ နောက် တနေ့ ရောက် မည် ဖြစ်ကြောင်း၊ ရောက်ချင်မှလည်း ရောက်မည်ဖြစ်ကြောင်း၊ ဖြေကြား သွားခဲ့တယ်လို့ ဗွေတုတ်ကလေး အမည်ရတဲ့ သတင်းထောက် တစ်ဦးက ရောက်တတ်ရာရာ ပေါက်ကရညီ လာခံကြီးမှနေ၍ အိပ်ချင်မူးတူး၊ တ၀ါးဝါး သန်းဝေရင်း တိုက်ရိုက် ပေးပို့တဲ့ သတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။
@aaa
Read More ...

Saturday, September 3, 2011
ရထားနောက်ဆုံးတွဲများ ဖြုတ်၍ ပြေးဆွဲကြရန် ဝန်ကြီးညွှန်ကြား
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်-အင်းစိန်မြို့ပါတ် ရထားနောက်ဆုံးတွဲသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် ပြုတ်ထွက်ကျန်ရစ်ပြီးတိမ်းမှောက်သွားသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးရှိကြောင်း သိရှိရသည်။ ရထားတွဲများတွင် နောက်ဆုံးတွဲသည့် မတော်တဆ အန္တရာယ်ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ နောက်ဆုံးရထားတွဲ ပြုတ်ထွက်ခြင်း မဖြစ်ပွားစေရန်နောင်အခါတွင် မြို့ပတ်ရထားတွဲများ၏ နောက်ဆုံးအတွဲများအား ဖြုတ်၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊မြန်မာတစ်နိုင်ငံလုံးရှိ ရထားများကိုလည်း နောက်ဆုံးအတွဲများကို ဖြုတ်ပြီး ပြေးဆွဲကြရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထားဝန်ကြီး ဦးအောင်မင်းမှ ပြောကြားသွားခဲ့သည်။ မိမိတို့ မြန်မာနိုင်ငံသည် နောက်ဆုံးတွဲမပါသော ရထားများ ပြေးဆွဲသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားသွားသည်။
ဆြာကြီးခ
Link
ဆြာကြီးခ
Link
Thursday, September 1, 2011
မပူလေနဲ့ ဗမာ
မပူလေနဲ့ ဗမာ
နင်တို့ မြစ်တစ်စင်း ကောရင်
နောက်မြစ် အသစ် တစ်စင်း
တူးပေးမယ်
(fb မှာ တွေ့တဲ့ ကာတွန်းလေးပါ)
နင်တို့ မြစ်တစ်စင်း ကောရင်
နောက်မြစ် အသစ် တစ်စင်း
တူးပေးမယ်
(fb မှာ တွေ့တဲ့ ကာတွန်းလေးပါ)
အလယ်တန်း ပညာအရည်အချင်း ရှိသူများကို အလုပ်ခန့်မည် မဟုတ်
အထည်ချုပ်လုပ်ငန်းများ ဈေးကွက် ကောင်းမွန်လာသောကြောင့် လုပ်ငန်း အတွေ့အကြုံ မရှိသည့်သူများကိုပါ အလုပ်သင်အဖြစ် လုပ်သားဦးရေ ရာနှင့်ချီ၍ ခေါ်ယူလာကြောင်း သတင်း ရရှိသည်။ အထည်ချုပ်စက်ရုံများမှ အလုပ်သင် လုပ်သားများအား ခေါ်ယူရာတွင် မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကို ခေါ်ယူခြင်း ဖြစ်ပြီး အချို့ စက်ရုံများမှာ နေထိုင်ရန် အဆောင်ပါပေးကြောင်း သိရသည်။
အထည်ချုပ် စက်ရုံများမှ မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကိုသာ ခေါ်ယူပြီး အလယ်တန်း အဆင့်ရှိသူများကို ခေါ်ယူ အလုပ်ခန့်မည် မဟုတ်ကြောင်းလည်း သိရသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ စက်ရုံ မန်နေဂျာ တစ်ဦးက-
"ကျွန်တော်တို့က အလယ်တန်းတွေကို အလုပ်မခန့်ပါဘူး။ အလယ်တန်းဆိုတာက သိတဲ့အတိုင်း အရမ်းလယ်တဲ့ အတန်းလေ။ ဒီလို လူလယ် (လူလည်) တွေကို အလုပ်ခန့်မိရင် တော်ကြာ လုပ်အားခ တိုးတောင်တာတို့၊ လစာ တိုးတောင်းတာတို့ ဆန္ဒပြတာတို့ မကြာခဏ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလယ်တန်းအဆင့် ရှိသူတွေကို အလုပ်မခေါ်ရခြင်း ဖြစ်ပါတယ်"
ဟု ရှင်းပြသွားသည်။
@Law Shay
Read More ...
Tuesday, August 30, 2011
သိုးဆောင်း စာဆိုကြီး ရှိတ်စပီးယား မသေသေး
ပရလောက သတင်းဌာန၏ ပြည်ပ သတင်းထောက် တာတေကြီး၏ စုံစမ်း လေ့လာမှုများ အရ ကမ္ဘာကျော် ကဗျာပါရဂူကြီး ၀ီလျံ ရှိတ်စပီးယား မသေဆုံးသေးကြောင်း သိရှိရသည်။
၁၅၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ ယခုအခါ အသက် ၄၄၇ နှစ် ရှိနေပြီဖြစ်သော ဆရာကြီး ရှိတ်စပီးယား မသေဆုံး သေးကြောင်းကို မကြာသေးမီက ထုတ်ဝေသော မြန်မာ စာအုပ် တစ်အုပ်အတွက် အမှာစာ ရေးပေးခဲ့သည် ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ယင်း၏ ညီမဖြစ်သူမှာ ပေါ့ပ် အဆိုကျော် ဘရစ်တနီ စပီးယား ဖြစ်သည်။ သူမသည် ရှိတ်စပီးယားထက် အသက် ၃၈၇ နှစ် ငယ်သည်။
အဆိုပါ ပြဇာတ်စာပေနှင့် ကဗျာဆရာကြီးသည် ဂုဏ်ပကာသန အောင်မြင်မှုတို့ကို ရွံရှာငြီးငွေ့လာသဖြင့် သေဆုံးပြီဟု သတင်းလွှင့်ပြီး ဇာတိချက်ကြွေ အင်္ဂလန်ပြေကို စွန့်ခွာ၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် လာရောက် နေထိုင်လျက် ရှိသည်။ ထိုသို့ နေထိုင်စဉ် ကာလအတွင်း ရှိတ်စပီးယားသည် ရှေ့မှီနောက်မှီ ၀ါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးချစ်လှိုင်(ခ) ကိုကိုမောင်ကြီးနှင့် သိကျွမ်းရင်းနှီးကာ ယင်း မကြာသေးမီက ထုတ်ဝေခဲ့သော “ကျွန်တော်သိသော တစ်ရံရောအခါများ” စာအုပ်အတွက် အမှာစာ ချီးမြှင့်ပေးခဲ့သည်။
မြန်မာ့ ခေတ်ပြိုင်စာပေနှင့် ရာဇ၀င် ပညာရှင် ပေါရာဇာ (ပထမံဝိဇ္ဇာ ဘိလပ်) က ဦးချစ်လှိုင်ကတော့ ရှေ့မှီနောက်မှီ စစ်စစ်ပါဘဲ။ သူ့ဟာ အစည်းအဝေးတွေမှာ ဆိုရင် သေသေချာချာ မဆွေးနွေးဘဲ အရှေ့ကို မှီလိုက်၊ အနောက်ကို မှီလိုက် လုပ်ပြီးတော့ အိပ်ငိုက်နေတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ်။ ဒါပေမယ့် သူနဲ့ ဘရစ်တနီ စပီးယားရဲ့ အစ်ကိုကြီး ဘယ်လို ဆုံစည်းမိသွားတယ်ဆိုတာကိုတော့ ကျွန်တော် မလေ့လာရသေးပါဘူး။ ၀ီကီပိဒိယကနေ ခိုးချပြီး ကျွန်တော် စာတမ်းတစ်စောင် အမြန်ဆုံး ပြုစုလိုက်ပါမယ် ဟု ပြောကြားသည်။
ပရလောကသတင်းဌာန
တာတေကြီးနှင့် နှစ်ဘက်ချွန် ပူးပေါင်းရေးသားသည်။

(ဓာတ်ပုံ- ပရလောက)

စတူးဒင့် မဟုတ်သော စကူးဆန်းများ အတွက် "ဓမ္မ စကူး" လာပြီ
ဓမ္မ စကူး ဖွင့်လှစ်မည် ဖြစ်ပါသောကြောင့် တက်ရောက်လိုကြသော စကူး ဆန်း (school= ကျောင်း၊ son= သား) School Son များ စကူးအပ်နှံရန် ပြင်ဆင်နိုင်ကြပြီ ဖြစ်ကြောင်း နိုင်ငံတော် ကြေးမုံ သတင်းစာကြီးတွင် ရေးသား ဖော်ပြထားလေသည်။
Read More ...
ကွင်တားနား၏ ငါးရက်ကြာ ခရီးစဉ်ကြောင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံး နေရာပြောင်းရွှေ့လိုက်ရ ..
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး၏ ငါးရက်ကြာ ခရီးစဉ်၏ ရလဒ်အဖြစ် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးကို နေရာပြောင်းရွှေ့လိုက်ရကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အမှတ် (၆) နတ်မောက်လမ်း၊ တာမွေမြို့နယ်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ ၀န်ထမ်းတစ်ဦးနှင့် ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းက “ဟုတ်လား . ကျွန်တော်တို့ ရုံးပြောင်းသွားတာ ကျွန်တော်တောင် မသိလိုက်ဘူး။ ဘယ်နေရာကို ပြောင်းသွားတာလဲ . ကျွန်တော်တို့ရုံး Website မှာ တင်ထားတဲ့ လိပ်စာကို အခုချက်ချင်း ပြောင်းဖို့ ပြောလိုက်ပါမယ်” ဟု ပြန်လည် ဖြေကြားသည်။
ကွင်တားနားသည် ၎င်း၏ ငါးရက်ကြာ ခရီးစဉ် အတောအတွင်း အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။ ထိုဆွေးနွေပွဲများမှ ရလဒ်အဖြစ် ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် ထောင်တွင်း တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်း ပေါ်ထွက်လာသည်။

Saturday, August 27, 2011
လစ်ဗျား အာဏာရှင် ဂဒါဖီ ခွေးယောင်ဆောင်လျက်ရှိ
လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ ခွေးယောင် ဆောင်နေကြောင်း သတင်းရရှိသည်။
အာဏာရှင် စနစ်ကို ဆန့်ကျင် ပုန်ကန်နေသူများထံတွင် အဖမ်းခံရမည် စိုးရိမ်သဖြင့် ခွေးကဲ့သို့ ပုန်းအောင်နေကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။
ထို့ပြင် ၄င်းအား တွေ့မြင်သူများ မမှတ်မိစေရန် မူလအမည် "ဂဒါဖီ" မှ "ကရာဖီ" သို့ အမည်ပြောင်းထား ကြောင်းလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
အီရတ် အာဏာရှင်ဖြစ်သူ ဆက်ဒမ် ဟူစိန် သည်လည်း ကြွက်ယောင် ဆောင်ပြီး၊ ကြွက်တွင်းထဲတွင် ပုန်းအောင်းဖူးသည့် သာဓက ရှိခဲ့ဖူးသည်။

ဗထူးကွင်းကို Water polo ကွင်းအဖြစ် ပြောင်းလဲ
(Photo: Weekly Eleven)
ယခု ရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ ဗထူးကွင်းကို ကမ္ဘာ့အဆင့်မီ Water polo ကွင်းအဖြစ် ပြောင်းလဲ ထားကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ဗထူးကွင်းတွင် ဘောလုံးပွဲစဉ်များကို ကျင်းပမည် မဟုတ်ဘဲ Water polo ပွဲများကိုသာ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
@Minn
Link
Thursday, August 25, 2011
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်ပြီ
(Photo: Mizzima)
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမ္မတ အဖြစ် တင်မြှောက်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် သစ္စာ သတင်းဂျာနယ်တွင် မျက်နှာဖုံး သတင်း အဖြစ် ရေးသား ဖော်ပြသည်။
အဆိုပါ သတင်းတွင် နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နေသော တိုက်ပုံအင်္ကျီ ၀တ်ဆင်ထားသည့် နဖူးပြောင်ပြောင် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
Read More ...
မင်းတုန်းမင်းကြီးကို FB မှာ Friend အဖြစ် Add နိုင်ပြီ
ဒီဖေ့စ်ဘွတ် စာမျက်နှာကို လူမော်ဟန်က ဖန်တီးထားတာပါ
Courtesy: KHET HTAN
မင်းတုန်းမင်းကြီးနဲ့ Friend ဖြစ်လိုသူများ မိမိတို့ရဲ့ ဆန္ဒအလျောက် ဒီ(link) ကိုသွားရောက်ပြီး Add ကြည့်မယ် ဆိုရင်ဖြင့် . . . . :D (ပျော်ရွှင် ပြုံးပျော်နိုင်ပါစေ)
သမ္မတကြီး ဘာလုပ်နေသနည်း
(Photo: Mr Creator)
လွှတ်တော် အတွင်း သမ္မတကြီး Facebook သုံးရန် ပြင်ဆင်နေသည်။
ဒု-သမ္မတ အိပ်ငိုက်နေသည်။
ဒု-သမ္မတ အိပ်ငိုက်နေသည်။
Courtesy: Zarny Win
Tuesday, August 23, 2011
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ကန်တော့မည်
ပရလောကသားတစ်ဦး၏ သတင်းပေးပို့ချက်အရ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုံအလယ်တွင် ရှိခိုးကန်တော့ရန် ပြင်ဆင်နေကြောင်း ကြားသိရသည်။
ကျောက်စိမ်းတူးဖော်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘိလပ်မြေနှင့် အဖျော်ယမကာထုတ်လုပ်ရေး အစရှိသော စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကို လုပ်ကိုင်နေသည့် ဦးဇော်ဇော်သည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပလဲနံပသင့်သူ ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သို့သော် စစ်အစိုးရ အတိုက်အခံ အချို့ကမူ ဦးဇော်ဇော်သည် မနုဿနွယ်ဖွား လူသားစင်စစ် မဟုတ်ဘဲ လူယောင် ဖန်ဆင်းထားသော ယက္ခဘီလူးကြီးသာ ဖြစ်သည်ဟု ဖွင့်ချထားသည် (Click Here)။ ဦးဇော်ဇော်သည် မြန်မာလူမျိုး မဟုတ်ဘဲ ရိုမေးနီးယားနွယ်ဖွား သွေးသောက်ဘီလူး (သို့) သွေးစုပ်ဖုတ်ကောင် ဟု အတိအလင်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ သွေးသောက် ဘီလူးကြီးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လူပုံအလယ်တွင် နဖူးမြေစိုက် ဦးခိုက်တောင်းပန်ရန် ကြံစည် ပြင်ဆင် နေကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို ကျွန်ုပ်တို့၏ ပရလောက သတင်းဌာနက ရှာဖွေတွေ့ရှိထားသည်။
Soccer Myanmar တွင် ဖော်ပြထားသည့် သတင်းများအရ သွေးသောက်ဘီလူးကြီးသည် သြဂုတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ် စနေနေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်း ဗဟိုဌာန၌ ပြုလုပ် ကျင်းပခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၀န်ချ တောင်းပန် ကန်တော့လိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့သော် အချို့ သတင်းဌာနများကမူ သွေးသောက် ဘီလူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို U-19 ဘောလုံးပြိုင်ပွဲသို့ ဖိတ်ကြားခဲ့သည် ဟုသာ လွဲလွဲမှားမှား ဖော်ပြထားသည် (Click Here)။
ပရလောက သတင်းထောက်ကြီး ဦးနှစ်ဖက်ချွန်၏ အလိုအရ ဘီလူးကြီးက လူထုခေါင်းဆောင်ကို ကန်တော့မည့် ကာလမှာ စက်တင်ဘာလ ၈ရက်နေ့မှ ၂၁ရက်နေ့ အထိ ဖြစ်ပြီး၊ ကန်တော့မည့် နေရာမှာ ရန်ကုန် သုဝဏ္ဏ အားကစားကွင်း ဖြစ်မည် ဟု ခန့်မှန်းသည်။ အမေရိကန် ပြည်ထောင်စုရောက် မြန်မာ့ အရေး လေ့လာသူ သုတေသီ ဒေါက်တာသာဂိ က "ဘာပဲ ဖြစ်ဖြစ် ဒါဟာ စောင့်ကြည့်ရမယ့် အခြေအနေ တစ်ရပ်ပါပဲ။ ကျွန်တော်တို့လို ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း အကြံပေးလိုတာကတော့ ဘောလုံးပွဲကို သွားမယ်ဆိုရင် ကျည်ကာ အကျီင်္တင် မကဘူး၊ ရေသန့်ဘူး ကာ၊ ကွမ်းယာထုပ် ကာ၊ ဖိနပ် ကာ၊ အုတ်ခဲ ကာ အကျီင်္ ၀တ်ဆင်ပြီးမှာ သွားရောက် ကြည့်ရှုသင့်တယ်လို့ ယူဆပါတယ်။ ဘာ့ကြောင်လဲ ဆိုတော့ ဒီ ဘောလုံးပွဲ ပရိတ်သတ်ထဲမှာ စစ်အစိုးရက လက်သပ် မွေးထားတဲ့ စွမ်းအားရှင် လူမိုက်တွေ ရှိနေနိုင်လို့ပါပဲ” ဟု ပြောကြားသည်။
E Grass (မစင် မြက်ပင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ “အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲ သွားကြည့်မယ်ဆိုရင် အာဏာရ အဖွဲ့အစည်းနဲ့ အတိုက်အခံ ကြားမှာ နားလည်မှု တစ်ခု တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေ ပေါ်ထွက်နိုင်ဖွယ် ရှိတယ်။ ဒါကို စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ၊ Stakeholder တွေက ကြားဝင် ပံ့ပိုးပေးရမယ်။ ဒါမှာ နှစ်ဘက်လုံး ၀င်းဝင်း ဖြစ်နိုင်မယ်” ဟူ၍ ပြောကြားလိုက်သည်။ (မှတ်ချက်။ ။ ၀င်းဝင်း ဆိုသည်မှာ သင်းသင်း၏ ညီမကလေး ဖြစ်ပြီး ရုပ်ရည်ရူပကာနှင့် ပြည့်စုံသူ ဖြစ်သည်။)
ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ပရိတ်သတ်ကို အနှောင့်အယှက်ပေးခဲ့သည့် ဦးဇော်ဇော်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားစဉ် (Photo: Mizzima)
မကြာသေးမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း အတွင်း ယှဉ်ပြိုင် ကစားကြစဉ်ကလည်း သွေးသောက် ဘီလူးကြီးသည် သူ၏ အမှားများကို သိမြင်နားလည်ပြီး ဘောလုံးပွဲ လာရောက် ကြည့်ရှုသူ ပရိသတ်များကို တောင်းပန် ကန်တော့ခဲ့ဖူးသည်။ သို့သော် ပရိတ်သတ်များက ခွင့်မလွှတ်ခဲ့ကြပေ။ ထို့ပြင် သွေးသောက် ဘီလူးကြီး ဦးဇော်ဇော် လန်ကွတ်တီ ၀တ်မည် ဟူသည့် သတင်းလည်း မကြာသေးမီက ထွက်ပေါ်ခဲ့ဖူးသည် (Click Here)။ ထိုသတင်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန် ကန်တော့မည်နေ့တွင် ဘီလူးကြီး မြန်မာရိုးရာ ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် အနောက်တိုင်း ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် လန်ကွတ်တီ ၀တ်မည်လော စသည့် သို့လော သို့လော ခန့်မှန်းချက်များ တရစပ် ထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဦးဇော်ဇော်က ၀န်ချတောင်းပန်ရန် ပြင်ဆင်နေစဉ်

Monday, August 22, 2011
အစိုးရဆိုတာ ...
အစိုးရဆိုတာရဲ့ အဓိပ္ပါယ်ကို စာရေးဆရာကြီး ဦးအောင်သင်းက ဘယ်လို ဖွင့်ဆိုပါသလဲ????
(မင်းသန့်ကျော် ဗီဒီယို ရိုက်ကူးရေးက မှတ်တမ်းတင်ထားတဲ့ မြောက်ဥက္ကလာ စာပေဟောပြောပွဲမှတ်တမ်းမှာ ကြည့်ရှု နားဆင်နိုင်ကြပါတယ်)
(မင်းသန့်ကျော် ဗီဒီယို ရိုက်ကူးရေးက မှတ်တမ်းတင်ထားတဲ့ မြောက်ဥက္ကလာ စာပေဟောပြောပွဲမှတ်တမ်းမှာ ကြည့်ရှု နားဆင်နိုင်ကြပါတယ်)
Sunday, August 21, 2011
ပြည်ပရောက် သင်္ဘောသားများ ၆ လအတွင်း မြန်မာပြည် ပြန်လာကြရန် သမ္မတကြီး ပြောဆို
နိုင်ငံတော်သမ္မတကြီးက ပင်လယ်ရပ်ခြားတွင် အလုပ်လုပ်သော သင်္ဘောသားများကို ၆ လအတွင်း အမိမြေသို့ ပြန်လာစေလိုကြောင်း ပြောကြားလိုက်သည်။ ရေမြေခြားတွင် ၆ လထက်ကျော်လွန် နေထိုင်ပါက အမိနိုင်ငံအပေါ် သံယောဇဉ် လျော့နည်းသွားစရာရှိသည့်အပြင် ဆိုမာလီ ပင်လယ် ဓားပြများ၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရသည်ဟု သမ္မတကြီးက ပြောကြောင်း ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက သတင်းထောက်များကို ပြောသည်။
ထိုအကြောင်းများကို ထောက်ရှု၍ သမ္မတကြီးက ၀င်ငွေခွန်ဆောင်ရသည့် နှုန်းထားကို လျှော့ပေးလိုက်ကာ၊ လျှော့ပေးသည့်ကာလကိုလည်း ၆ လသာ သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း အကယ်ဒမီ ကျော်ဆန်းက ရှင်းပြသည်။
သို့မှသာ နိုင်ငံခြားရောက်နေသော သင်္ဘောသားများ ၆ လအတွင်း မြန်မာနိုင်ငံသို့ ကမန်းကတန်းပြန် လာပြီး အခွန်ဆောင်စေခြင်းဖြင့် မြန်မာနိုင်ငံအား အချိန်အကြာကြီး ခွဲမသွားဘဲ ပြည်တော်ပြန်နိုင်ကြမည် ဖြစ်ကြောင်း၊ ၄င်း အပြင် ခင်ပွန်းသည်နှင့် အကြာကြီး ခွဲခွာနေရသော သင်္ဘောသား ဇနီးမယားတို့မှာလည်း ခင်ပွန်းယောက်ျား သင်္ဘောသားများ ၆ လ အတွင်း ပြန်လာကြခြင်းဖြင့် ခင်ပွန်းသည်နှင့် မြန်မြန် ဆုံဆည်း နိုင်ကြမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ စီစဉ် ဆောင်ရွက်ပေးသည့် သမ္မတကြီး၏ စေတနာနှင့်သံယောဇဉ် ပမာဏကို သင်္ဘောသား ဇနီးမယားတို့ အနေဖြင့် ခန့်မှန်း ကြည့်ကြစေလိုကြောင်း အကယ်ဒမီ ကျော်ဆန်းက ပြောသည်။
ပင်လယ်ပြင်တွင် မဟုတ်ဘဲ နိုင်ငံရပ်ခြား ကုန်းမြေ တွင် အလုပ်လုပ်နေသူများ အနေဖြင့်လည်း ၆ လအတွင်း အခွန်ဆောင်မှသာ လျှော့ပေါ့သော နှုန်းထားကို ရရှိကြမည် ဖြစ်ကြောင်း၊ ၆ လ ကျော်လျှင် ဒုံရင်းအတိုင်း ဆောင်ကြရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀% အစား ၂%သို့ လျှော့ပေါ့သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့ထိ (၆)လသာ ပြဌာန်းထားခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ၀န်ကြီး အကယ်ဒမီ ကျော်ဆန်းက အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်သည်။
ပေးပို့သူ-ဖရိုဇင်

Friday, August 19, 2011
ဒေါ်စုကို ဦးသိန်းစိန် ကြောက်ရွံ့
(Photo: The Voice Weekly)
သမ္မတကြီး ဦးသိန်းစိန်သည် အလွန် ကြောက်တတ်သူ ဖြစ်သည်။
"နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတ အိမ်တော်ဖြစ်ပြီးတော့ အဲဒီ့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဓာတ်ပုံလဲ မချိတ်ထားပါလား" ဟု ဒေါ်အောင်ဆန်းစုကြည်ထံ အပြောခံရမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သမ္မတ ဦးသိန်းစိန်က ချိတ်ဆွဲထား လိုက်သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်နှင့် တပြိုင်နက် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံချိတ်ဆွဲထားသည်ကို ဦးသိန်းစိန်က စတင်ပြသခဲ့ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်မှာ အမျိုးသားခေါင်းဆောင်ကြီး၏ သမီးဖြစ်သူထံတွင် အပြစ်တင် မခံရတော့ကြောင်း BSN သတင်းထောက်က နေပြည်တော်မှ သတင်းပေးပို့သည်။
အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ကြောက်ရွံ့သဖြင့် ချိတ်ဆွဲခဲ့ခြင်း ဖြစ်သော်လည်း၊ နိုင်ငံတော်၏ ကျေးဇူးရှင် အပေါ်တွင် ကျေးဇူးသိတတ်ရာ ရောက်သည့် လုပ်ရပ် ဖြစ်သဖြင့်၊ ပြည်ထောင်စု၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ချိတ်ဆွဲခဲ့သူ ဦးသိန်းစိန်အား ယမမင်းကြီးက ခွေးပုရပိုက်တွင် အမည်စာရင်း ရေးမှတ်ခြင်းမှ ယာယီ ပယ်ဖျက်လိုက်ကြောင်း BSN သို့ အကြောင်းကြားစာ တစ်စောင် ပေးပို့သည်။
နိုင်ငံတော်၏ ကျေးဇူးရှင်အပေါ် ကျေးဇူး သိတတ်ရမှန်း မသိလောက်အောင် ဆိုးရွား ရိုင်းစိုင်းလှသော- မိမဆုံးမ၊ ဖမဆုံးမ သားသမီးများ ဖြစ်ကြသည့် န၀တ-နအဖ စစ်ခေါင်းဆောင် အချို့ကိုမူ ခွေးပုရပိုက်တွင် မှတ်တမ်းတင်ထားဆဲ ဖြစ်ကြောင်း၊ ငရဲပြည်ရောက်လျှင် သူ့အကြောင်းကို ကောင်းကောင်း သိစေရမည် ဖြစ်ကြောင်း၊ ယမမင်းကြီး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ယခုနှစ်အတွင်း မြန်မာပြည်တွင် ဆန်စပါး ရှားပါးမည်
စပါးခင်းများ ဖျက်ဆီးမှု သတင်း
၂၀၀၉ နှင့် ၂၀၁၀ နှစ်များအတွင်း စပါးစိုက်ခင်း စုစုပေါင်း ၁၉,၅၉၂ ဧက ကို နိုင်ငံတော်က ဖျက်ဆီးလိုက်သည်။
အကျိုးဆက်အဖြစ် မြန်မာပြည်တွင် ၂၀၁၁ ခုနှစ်အတွင်း ဆန်စပါး အကြီးအကျယ် ရှားပါးတော့မည် ဖြစ်သည်။
ဆန်စပါး ရှားပါးမှု ပြသနာကို ဖြေရှင်းနိုင်ရန် မြန်မာသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် စပါးစိုက်နေသည် (ဖတ်ရန်)။ သို့သော် သမ္မတကြီး၏ စပါးခင်းမှ ထွက်သော ဆန်စပါး ပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာကို မဆိုထားနှင့်၊ မိသားစု စားသောက်ရန်ပင် လုံလောက်မှု မရှိဟု သိရသည်။
သမ္မတကြီး ကြံရာမရတော့သဖြင့် ဆံပင်များကျွတ်ထွက်ကာ ခေါင်းပြောင် သွားသည်ဟု သတင်းတစ်ပုဒ်က ဆိုသည်။
သမ္မတကြီး ဦးသိန်းစိန် ကြံရာမရတော့သည့် အဆုံးတွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲများ တစ်ခုပြီး တစ်ခု ကျင်းပပြီး၊ ဆန်စပါးပြတ်လပ်မှု ပြသနာ ဖြေရှင်းရန်အတွက် အရပ်ကူပါ လူဝိုင်းပါ အဖြေရှာခိုင်းနေသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပါ သမ္မတကြီးက အကူအညီ တောင်းခံထားသည်။
ယနေ့ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတကြီးတို့ တွေ့ဆုံကြသည်ဟု သိရပြီး ဆွေးနွေးမှု အသေးစိတ် အချက်အလက်များကို မသိရပေ။
သမ္မတ၏ စီးပွားရေး အကြံပေးများကမူ ဆန်စပါး ရှားပါးမှုကြောင့် ပြည်သူလူထု ထမင်းမစားရလျှင်လည်း ပြသနာ မရှိကြောင်း၊ ထမင်းမစားရပါက ပေါင်မုန့် စားကြလိမ့်မည် ဖြစ်ကြောင်း ယနေ့ ဖွင့်လှစ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အကြံပြုကြသည်ဟု သတင်းရရှိသည်။
@7MH-
Thursday, August 18, 2011
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ မုတ်ဆိတ်မွေး ရိတ်မည် မဟုတ်
မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများကို ရိတ်သိမ်းမည် မဟုတ်ဟု ကျော်သူက ပြောဆိုကြောင်း မဇ္ဈိမ သတင်းဌာနက ယနေ့ ရေးသားဖော်ပြသည်။
သမ္မတ ဦးသိန်းစိန်က သူသည် ကျော်သူ့ ပရိသတ်ဖြစ်ပြီး၊ ရုပ်ရှင်မင်းသား ကျော်သူမှာ အလွန်ချော၊ အလွန်ခန့်ကာ သူအလွန် သဘောကျခဲ့ရသည့် မင်းသား ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း သိရသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တွင် အကယ်ဒမီကျော်သူ၏ ဇနီး ရွှေဇီးကွက်နှင့် နှုတ်ဆက်စဉ် သမ္မတကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ကျော်သူ့ အနေဖြင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွေးများကို ရိတ်ပြီး မင်းသားပုံစံဖြင့် နေစေချင်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
သို့သော် ကျော်သူက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများကို ရိတ်ကာ လှလှပပ ပြုပြင် နေထိုင်ဘို့ အတွက် စိတ်ဆန္ဒ မရှိတော့ဟု ပြောဆိုလိုက်သည်။
(မဇ္ဈိမ သတင်းဌာန၏ ရေးသားချက်မှ ကောက်နုတ်ဖော်ပြပါသည်)
သတင်း အသေးစိတ် ဖတ်ရှုရန် ...

ကျော်သူ ရုပ်ရှင် ရိုက်ကူးခွင့် ရတော့မည်
ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်ခံထားရသော သရုပ်ဆောင် ကျော်သူ ရုပ်ရှင် ပြန်လည် ရိုက်ကူးခွင့် ရရှိတော့မည်ဟု The Voice Weekly ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက် အရ သိရသည်။
မြန်မာ အစိုးရက မုတ်ဆိတ်မွေးထားသော အနုပညာရှင်များ၏ အနုပညာ ဖျော်ဖြေခွင့်ကို ပိတ်ပင်ခဲ့ဖူးသည်။
ယခု ကိုကျော်သူ ရုပ်ရှင် ပြန်လည် ရိုက်ကူးပါက မုတ်ဆိတ်မွေး ဆက်လက် ထားရှိမည် မထားရှိမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။
(The Voice မှ)
မြန်မာ အစိုးရက မုတ်ဆိတ်မွေးထားသော အနုပညာရှင်များ၏ အနုပညာ ဖျော်ဖြေခွင့်ကို ပိတ်ပင်ခဲ့ဖူးသည်။
(ယခင် သတင်းတစ်ပုဒ်- ပြန်ဖတ်ရန်)
ယခု ကိုကျော်သူ ရုပ်ရှင် ပြန်လည် ရိုက်ကူးပါက မုတ်ဆိတ်မွေး ဆက်လက် ထားရှိမည် မထားရှိမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။
ကရင် ဗိုလ်မှူးကြီးနဲ့ သူ့ချစ်သူ ပြသနာဖြစ်
ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးနဲ့ သူ့ချစ်သူတို့ ပြသနာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီးရဲ့ ဂရုစိုက်တာ မခံရတဲ့ အတွက် ချစ်သူက ဗိုလ်မှူးကြီးတို့ရဲ့ စခန်း တစ်ဖက်ကမ်းမှာ ရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က မြို့တော်ဝန်ကို အကူအညီတောင်းခံတာ ဖြစ်ပါတယ်။
မဲဆောက်မြို့တော်ဝန်ကလည်း ကရင်စခန်းအထိ လိုက်လာပြီးတော့ ဗိုလ်မှူးကြီး- ချစ်သူနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဗိုလ်မှူးကြီးကိုလည်း ချစ်သူအပေါ် ဂရုတစိုက်ရှိစေဖို့ တိုက်တွန်းပြောဆိုသွားမယ့် အကြောင်း သတင်းတပုဒ်မှာ ဖတ်ရှုရပါတယ်။

Saturday, August 13, 2011
ရာထူးမှ ပြုတ်တော့မည် ဖြစ်သဖြင့် ဦးကျော်ဆန်း ငိုကြွေး
ဓာတ်ပုံများကို (ဒီနေရာ)က ယူပါတယ်။
သတင်းစာ ရှင်းလင်းပွဲများတွင် ပေါက်တတ်ကရ မမှန်မကန် ပြောဆိုမှုများကြောင့် ဦးကျော်ဆန်းကို ၀န်ကြီးရာထူးမှ အနားပေးရန် စီစဉ်နေကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်က သူ၏ သန့်ရှင်းသော အစိုးရတွင် လိမ်ညာသူများကို ဆက်လက် မထားရှိတော့ဘဲ ဖယ်ရှားသွားမည်ဟု
ကြုံးဝါးလိုက်သည်။ လိမ်ညာသူများမှာ အာပုတ်စော် နံကြောင်း၊ အာပုတ်စော် နံသူများကို သန့်ရှင်းသော သူများဟု မခေါ်ဆိုနိုင်ကြောင်း ဦးသိန်းစိန်က ပြောသည်။
ထိုသတင်းကို ကြားရသဖြင့် ဦးကျော်ဆန်း အလွန် ၀မ်းနည်းသွားသည်။ ၀မ်းနည်း သွားသဖြင့် ဆက်လက် မလိမ်ညာနိုင်တော့ဘဲ- ဆို့နင့်သွားကာ လူကြားသူကြားတွင် ဦးကျော်ဆန်း ချုံးပွဲချ ငိုကြွေးကြောင်း သတင်း များက ဆိုသည်။
ဦးကျော်ဆန်းသည် အမြဲတန်း လိမ်ညာတတ်သူ ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါတွင်တော့ မလိမ်ညာဘဲ အမှန်အတိုင်း ပြောခဲ့ဖူးကြောင်း ရုပ်သံ မှတ်တမ်း တစ်ခု အရ သိရသည်။
Thursday, August 11, 2011
ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းပြီ
ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းသွားကြောင်း သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့၊ အမှတ် ၅၄-၅၆ တက္ကသိုလ် ရိပ်သာလမ်းနေအိမ် (အိမ်လိပ်စာ-ရှု) ကနေပြီးတော့ အနီးအနားမှာ ရှိတဲ့ အိမ်အမှတ် ၅၁ သို့ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ်လို့ အထက်ပါ သတင်းက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ လိပ်စာ အသစ်သို့ ဘယ်နေ့ ဘယ်ရက်က စပြီး ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ် ဆိုတာကိုတော့ သတင်းထဲမှာ ဖော်ပြ မထားပါဘူး။
Link ...
မြန်မာနိုင်ငံတွင် ကော် ပြတ်လပ်သွား
ဒေါ်လာဈေး အလွန်အမင်း ကျဆင်းမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှု ဂယက်ကြောင့် မြန်မာနိုင်ငံတွင် ကော် ပြတ်လပ်သွားပြီးဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
မကြာသေးမီကပင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်သူများထံသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေး သ၀ဏ်လွှာာတစ်စောင် ပေးပို့စဉ်က စာအိတ်ပိတ်ရန်နှင့် တံဆိပ်ခေါင်းကပ်ရန် ကော် မရှိသဖြင့် စာအိတ် ပိတ်ခြင်း မပြုဘဲ စာအိတ်ဖွင့်ကာ ပေးပို့ခဲ့ရသည်။ ဦးဆောင်စီ၊ ဦးစခုန်တိန့်ယိန်း စသူတို့ ပါဝင်သည့် လွှတ်တော်အမတ် ၂၃ ဦးကလည်း ငြိမ်းချမ်းရေး လိုလားသူများထံသို့ စာရေးသား ပေးပို့ရာတွင် စာအိတ်ပိတ်ရန် ကော် မရှိသဖြင့် စာအိတ် မပိတ်ဘဲ ပေးပို့ခဲ့ရပြန်သည်။
မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီးဦးသိန်းထွန်းကမူ - တံဆိပ်ခေါင်း မကပ်ဘဲ စာပေးပို့တယ်ဆိုတာက တိုင်းပြည့် ဘဏ္ဍာ ကျဆင်းစေမယ့် လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို တံဆိပ်ခေါင်း မကပ်ဘဲနဲ့ စာပေးပို့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ပြင်ဆင်နေပါတယ် ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးနှင့် ဆက်သွယ် မေးမြန်းကြည့်ရာ ထိုသူက ဘယ်လိုပဲ ဖြစ်ဖြစ် တံဆိပ်ခေါင်း မကပ်ဘဲ စာပေးပို့တာတို့၊ စာအိတ် မပိတ်တာတို့က လူအခွင့်အရေး တစ်ရပ်ပါ။ ပြည်သူပြည်သားတိုင်း ရယူပိုင်ခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးတစ်ရပ်ပါ။ ဒီ အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲ ၀င်ပါ့မယ် ဟု ပြောကြားသည်။
အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အိမ်ရှင်မတစ်ဦးအား မေးမြန်းကြည့်ရာ - ဟုတ်ပါတယ်။ စာအိတ် ကပ်ဖို့ ကော်မရှိတာကြောင့် ဒီလို ဖြစ်ရတာပါ။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေကတော့ ထမင်းလုံးကို သုံးပြီး စာအိတ် ပိတ်ပါတယ် ဟု ဖြေကြားသည်။
©(ပရလောကသား တစ်ဦး)

Monday, August 8, 2011
8888
(Photo: AP)
ပိုစတာ ပြောင်းပြန် ကိုင်မိတာတောင်
ပိုစတာထဲက 8888 ကတော့ တာဝန်ကျေပွန်စွာဖြင့် တည့်မတ်စွာ နေပေးသွားခဲ့ပါသည်။
Saturday, August 6, 2011
မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ
ဆင်းရဲသဖြင့် လက်ဖက်ရည် ရောင်းနေရသော မရင်လတ်
(Photo: Irrawaddy Blog)
(Photo: Irrawaddy Blog)
ထိုင်းလွှတ်တော်က မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သော ဒေါ်ရင်လတ်ကို ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်လိုက်ကြောင်း ဘန်ကောက်မှလာသော သတင်းများတွင် ဖော်ပြထားသည်။
အသက် ၄၄ နှစ် အရွယ် ဒေါ်ရင်လတ်၏ မြန်မာ အမည်ရင်းမှာ ဒေါ်ရင်လှ ဖြစ်ပြီး စကားမပီသော ထိုင်းလူမျိုးများက ရင်လတ် (Yingluck) ဟု အသံထွက်ကြောင်း သိရသည်။ ငယ်နာမည်မှာ မပု (nickname= Pu) (Thai စာလုံးပေါင်း: ปู) ဖြစ်သည်။ သူမသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဇင် (ထိုင်းတွေက မပီကလာဖြင့် သက်ဆင် ဟု ခေါ်ကြသည်)၏ နှမအငယ်ဆုံး ဖြစ်သည်။
ဒေါ်ရင်လတ်၏ အဘေးဖြစ်သူ ဦးစိန် (Seng)မှာ တရုတ်မျိုးနွယ် တစ်ဦး ဖြစ်ပြီး၊ တရုတ်ပြည် ကွမ်တုံနယ်မှ လာရောက်ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (Siam) တွင် အခြေချ ခဲ့ကြောင်း သိရသည်။ ဦးစိန်၏ သားကြီးဖြစ်သူ တရုတ်နွယ်ဖွား မြန်မာပြည်သား ဦးချိန် (Chiang)မှာ သက်ဇင် နှင့် မရင်လတ် တို့၏ အဖိုးဖြစ်သည်။
နောက်ပိုင်းတွင် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် ပြောင်းရွှေ့ ထွက်ခွာသွားခဲ့ပြီး၊ ရင်လတ်တို့၏ ဖခင်ဖြစ်သူ ဦးလှ (Lert)ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် မွေးဖွားခဲ့သည်။ ဦးလှကို ထိုင်းလူမျိုးများက ဦးလတ်ဟု ခေါ်ကြ၏။
ဦးလတ်သည် ဇင်းမယ် ညဈေးတန်း တွင် လက်တွန်းလှည်းကလေးဖြင့် လက်ဖက်ရည် ရောင်းခဲ့ပြီး၊ နေ့လည်အချိန်များတွင် လိမ္မော်သီး ရောင်းခဲ့သည်။ ဦးလတ်၏ ဇနီးကလည်း ပန်းရောင်းခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူ မရင်လတ် အနေဖြင့်လည်း ငယ်စဉ်ကပင် မိဘနှစ်ပါးကို လက်ဖက်ရည်၊ လိမ္မော်သီးနှင့် ပန်းများ ရောင်းပေးခဲ့သည်။ အစ်ကိုဖြစ်သူ သက်ဇင် ကလည်း ရုပ်ရှင်ရုံများ အနီးတွင် ကွမ်းယာ၊ ဆေးလိပ်များ ရောင်းကာ မိဘကို ကူညီခဲ့ကြောင်း သိရသည်။ ရင်လတ်တို့ မိသားစုမှာ လွန်စွာ ဆင်းရဲကြသည်။
ရင်လတ် အရွယ်ရောက်သောအခါ ထိုင်းလူမျိုး ဆင်းရဲသား တစ်ဦး ဖြစ်သော Anusorn Amornchat နှင့် လက်ထပ်ခဲ့သည်။ Anusorn မှာ ၀က်မွေးမြူရေး၊ ကြက်မွေးမြူရေးများ လုပ်ပြီး ကြက်ဥရောင်းသော အလုပ်ကို လုပ်ကိုင်သည်။ သူလုပ်ကိုင်သည့် ကြက်ဥ ကြက်သား ဆိုင်ကို (စီပီ)ဟု အမည်ပေးထားသည်။
ဒေါ်ရင်လတ်မှာ ဆင်းရဲသား ဘ၀မှ ၀န်ကြီးချုပ် ဖြစ်လာသဖြင့် ချွေတာရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။ ချွေတာရေး အစီအစဉ်အဖြစ် ကျောင်းသူကျောင်းသား ကလေးငယ်များကို ဗလာစာအုပ်ဖြင့် စာရေးမှတ်ခြင်း မပြုကြဘဲ မိရိုးဖလာ ကျောက်သင်ပုန်းများ ဖြင့်သာ စာရေးကြရန် တိုက်တွန်းထားသည်။ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်းကလည်း ကလေးငယ်များကို ကျောက်သင်ပုန်း (ကျောက်သင်ပုန်း ဓာတ်ပုံ-ရှု) တစ်ယောက်တစ်ခုစီ အလကား ပေးမည်ဖြစ်ပြီး ဝေဖာ (wi-fi) များလဲ ကျွေးမည်ဟု မဲဆွယ်ခဲ့ဖူးသည်။
(ဒေါ်ရင်လှ ခေါ် ဒေါ်ရင်လတ် အကြောင်း အကြံပြုသူ- WTH)
အထက်ပါအကြောင်းအရာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက (Click Here)
Friday, August 5, 2011
စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်- အကျင့်ပျက် ခြစား
သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ရဲ့ အကျင့်ပျက် ခြစားမှုအကြောင်းကို သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှာ ဖွင့်လှစ်နေတဲ့ သင်တန်းတစ်ခုမှာ ဦးမြင့်က "သူ့ရဲ့ အကျင့်ပျက်ခြစားမှု"တွေ နဲ့ ပတ်သက်ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သွားတယ်လို့ အဲဒီ သတင်းက ဆိုပါတယ်။
ဒေါက်တာဦးမြင့်က "သူ့ရဲ့ အကျင့်ပျက် ခြစားမှု"တွေကို အခုလို လူသိရှင်ကြား ထုတ်ဖော် ၀န်ခံ လိုက်ပေမဲ့ မြန်မာ အစိုးရအဖွဲ့ဝင်တွေ အပါအ၀င် အခြား အရေးကြီးပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကို ၀န်ခံရဲတဲ့ သတ္တိ လုံးဝ မရှိကြတာကို တွေ့မြင်နေရပါတယ်။
@EeM

မြန်မာဟူသည်- ကမ္ဘာဦးအစ ဘက်တီးရီးယားများ ပေလော။
လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ ခန့်က နေထိုင်ကျက်စားခဲ့ဟန်တူသော လူနှင့် မျိုးနွယ်တူသလိုလိုရှိသည့် ခုန်ဆွခုန်ဆွ မျောက်မျိုးနွယ် သတ္တ၀ါတို့၏ မေးရိုးကို မြန်မာနိုင်ငံ ပုံတောင်ပုံညာတွင် တွေရှိရသည် ဆို၏။ အဆိုပါ ခုန်ဆွခုန်ဆွ သတ္တ၀ါကို အစွဲပြု၍ "လူသားအစ မြန်မာက" ဟု န၀တ-နအဖ အကြီးအကဲများက ကြွေးကြော်ခဲ့ကြသည်။
သို့သော် မတ်ရပ်လူမှာ လွန်ခဲ့သောနှစ်ပေါင်း ၁.၈ သန်းနှင့် ခေတ်သစ်လူမှာ လွန်ခဲ့သောနှစ်ပေါင်း နှစ်သိန်းရောက်မှ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။
ကမ္ဘာမြေကြီးမှာ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၅၀၀ ခန့်တွင် စတင်ဖြစ်ပေါ်ပြီး၊ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀၀ ခန့်တွင် သက်ရှိသတ္တ၀ါများ စတင် ဖြစ်ထွန်းဖွယ် ရှိကာ၊ ကမ္ဘာဦးအစ သက်ရှိများမှာ ဘက်တီးရီးယား များသာ ဖြစ်ကြောင်း၊ သူတို့က ရှင်းပြသည်။
သို့သော် ကမ္ဘာကြီးဖြစ်တည်ပြီးနောက်၊ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀၀၀ အရောက်တွင် ဤကမ္ဘာမြေပေါ်၌ မြန်မာလူမျိုးများ ရှိနေပြီး ဧရာဝတီမြစ်ရေကို သောက်သုံးနေကြပြီ ဖြစ်ကြောင်း မြန်မာအင်တာနက် စာမျက်နှာ အချို့တွင် တွေ့မြင်ရသည်။ သူတို့၏ အဆိုအရ- ဧရာဝတီမြစ်မှာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၃၀ တွင် ပေါ်ပေါက်သည်ဟု သိရပြီး၊ မြန်မာလူမျိုးများ အနေဖြင့် ဧရာဝတီမြစ် ဖြစ်ထွန်းမပေါ်ပေါက်မီ နှစ်သန်းပေါင်း ၂၉၇၀ ကတည်းကပင် ဧရာဝတီမြစ်ရေကို သောက်သုံးနေကြပြီ ဟုလည်း သိရသည်။
မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် ဘက်တီးရီးယားများသာ ရှင်သန်နိုင်သည့် အချိန်အခါသမယတွင်၊ မပေါ်ထွန်းသေးသော ဧရာဝတီမြစ်ရေကို သောက်သုံးသူများမှာ- မြန်မာများပေလော၊ သို့မဟုတ် ဘက်တီးရီးယားများပေလော ဆိုသည်ကို ဝေခွဲမရနိုင် ဖြစ်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုနေကြသည်။
လက်တို့သူ- KZT & M.L.L
Read More ...
Read in PDF ...

Thursday, August 4, 2011
နတ်နဲ့ သွားတွေ့တဲ့ ဗိုလ်လောင်းတွေ နတ်မတွေ့ဘဲ ဘာတွေ့သလဲ
စစ်တက္ကသိုလ် ကျောင်းဆင်းရန် ရက်အနည်းငယ်ခန့် အလိုတွင် နည်းပြမှူးချုပ် ဒုမှူးကြီး အောင်စောဝင်းနှင့် ဗိုလ်မှူး ၀င်းနိုင်သော် တို့ ဦးဆောင်ပြီး ဗိုလ်လောင်းများ နတ်နှင့် တွေ့ရန် သွားရောက်ခဲ့ကြကြောင်း သတင်းထူး တစ်ပုဒ်ကို ဧရာဝတီဘလော့တွင် ရေးသား တင်ဆက် ထားသည် (Click Here)။
သို့သော် ဗိုလ်လောင်းများ အနေဖြင့် နတ်နှင့် မတွေ့ဘဲ ထူးခြားသည့် အရာနှင့်သာ ရင်ဆိုင် ကြုံတွေ့ရ ကြောင်း အဆိုပါ ဘလော့တွင် ဖော်ပြထား၏။
နတ်သွားတွေ့သော စစ်တက္ကသိုလ် ဗိုလ်လောင်းများ မြင်တွေ့ရသည့် အရာကို သတင်း၏ လက်ယာဘက်တွင် ဓာတ်ပုံနှင့်တကွ အထင်အရှား တင်ပြထားသည်။
သို့သော် နတ်များက ဗိုလ်လောင်းများကို အတွေ့မခံခြင်းလော၊ (သို့မဟုတ်) ပုံထဲတွင် မြင်တွေ့ရသကဲ့သို့ နတ်များက တန်ခိုးဖြင့် ဖန်ဆင်းကာ ဗိုလ်လောင်းများကို ပြသခြင်း ပေလော ဆိုသည်ကို အဆိုပါ သတင်းတွင် သဲသဲကွဲကွဲ ရေးသား ထားခြင်း မရှိပေ။
@NLW

ဗီယက်နမ်နိုင်ငံ အမည် ပြောင်းပြန်ပြီ
အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်သော ဗီယက်နမ်နိုင်ငံသည် နှစ်လအတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် နိုင်ငံအမည်ကို ထပ်မံ ပြောင်းလဲ လိုက်သည်။
နိုင်ငံအမည် ပြောင်းလဲ လိုက်ကြောင်းကို မြန်မာ အင်တာနက် စာမျက်နှာ တစ်ခုတွင် ဖော်ပြထားသည် (ဖတ်ရန်)။ ထိုသို့ ပြောင်းလဲ လိုက်သဖြင့် ယခု အချိန်မှစ၍ ဗီယက်နမ် ဟု ခေါ်ဝေါ် သုံးစွဲခွင့် မရှိတော့ပေ။ အသစ် ပြောင်းလဲ လိုက်သော နိုင်ငံအမည်သစ်မှာ "ဗီယမ်နမ်" ဖြစ်သည်။
အဆိုပါ နိုင်ငံသည် လွန်ခဲ့သော ဇွန်လ အတွင်းကလည်း နိုင်ငံအမည်ကို Vietnam မှ Vietnum သို့ ပြောင်းလဲ ခဲ့ပြီး (ပြန်ဖတ်ရန်)၊ ယခု အကြိမ်မှာ ဒုတိယအကြိမ်မြောက် နိုင်ငံအမည် ပြောင်းလဲ ခြင်း ဖြစ်ကြောင်း သိရသည်။

Wednesday, August 3, 2011
ပဲခူး ရေဘေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ၁၅၆ ဒေါ်လာ လှူဒါန်း
ပဲခူး ရေကြီးမှုကြောင့် ဒုက္ခရောက်ကြသော အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် (၁၅၆ ဒေါ်လာ)နှုန်းဖြင့် လှူဒါန်း ဒါနပြုကြောင်း သတင်းရရှိသည်။
သို့ရာတွင် ဒေါ်လာကို အများပြည်သူ တရားဝင် ကိုင်ဆောင်ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ရေဘေး ဒုက္ခသည်များအတွက် အခက်အခဲ မဖြစ်စေရန် ရည်ရွယ်ပြီး အလှူငွေများကို မြန်မာ ကျပ်ငွေဖြင့် လဲလှယ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အမေရိကန် တစ်ဒေါ်လာ၏ တရားဝင် လဲလှယ်နှုန်းမှာ ၆ ကျပ် ၄၁ ပြား ဖြစ်သဖြင့် အိမ်ထောင်စု တစ်ခုချင်းစီ အတွက် (၁၅၆ ဒေါ်လာ) နှင့် တန်ဖိုး ညီမျှသော ကျပ်ငွေ "တစ်ထောင်" တိတိ ကို နိုင်ငံတော်မှ စေတနာဖြင့် ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း အများပြည်သူ အခက်အခဲ ဖြစ်ပါက အမေရိကန် ဒေါ်လာနှုန်းထားများဖြင့် ပံ့ပိုး လှူဒါန်း သွားဦးမည် ဖြစ်ကြောင်း၊ ပြည်သူအပေါ် ထားရှိသည့် နိုင်ငံတော်၏ ကြီးမားလှသည့် စေတနာကို နားလည်ကြ စေလိုကြောင်း၊ (၁၅၆ ဒေါ်လာ) ပေးအပ် လှူဒါန်းခဲ့သူ နိုင်ငံတော် အကြီးအကဲတစ်ဦးက ပြောကြားသွားကြောင်း သတင်းရရှိသည်။

နိုင်ငံတော်မှ လှူဒါန်းသော ၁၅၆ ဒေါ်လာကို လက်ခံရယူနေသည့် ကလေးငယ် တစ်ဦး
(ဓာတ်ပုံ- ဧရာဝတီဘလော့မှ)
Sunday, July 31, 2011
မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ချီးကျူးရန် စီစဉ်နေ
ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင် မြန်မာပြည်သူ တို့၏ စိတ်သဘောထား ကောင်းမြတ်မှုနှင့် အားကစားကို ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ သည်။
အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။
အိုမန်အသင်းက မြန်မာထက် သာကြောင်း မြန်မာပရိတ်သတ်များက ကြိုတင် သဘောပေါက်ထား၍ ပွဲပြီးဆုံးသည်အထိ ကန်ခွင့်မပေးခဲ့။ မြန်မာကွင်း၌ ကန်ခွင့်ရချိန်အတွင်း အိုမန်အသင်းကို အမော မဖေါက်စေလို။ မြန်မာပရိတ်သတ်ကြီးက သူတို့သောက်ရန် ၀ယ်ယူထားသော ရေဘူးများကို သူတို့မသောက်ပဲ အိုမန်ဘောလုံးသမားတို့ သောက်ရန် တက်တက်ကြွကြွဖြင့် စွန့်လွှတ်လှူဒန်းခဲ့ကြသည်။
တချို့ပရိတ်သတ်များကလည်း ၄င်းတို့အိမ်က ယူဆောင်လာခဲ့ကြသော ထီးများကို အိုမန်အသင်းသားတို့ ကွင်းအလယ်၌ နေပူမှာစိုးသဖြင့် လှမ်း၍ ပစ်ပေးခဲ့ကြသည်။ တချို့ကလည်း အိမ်အပြန် ခြေဗလာဖြင့် ပြန်မည်ဟု ဆုံးဖြတ်ပြီး ကိုယ်တိုင်စီးလာသည့် ဖိနပ်များကိုချွတ်၍ ပစ်ပေးခဲ့ကြ၏။ အိုမန်အသင်း ဘောလုံးပွဲပြီးသည်အထိ ဆက်၍ကန်စရာ မလိုတော့ကြောင်း၊ ဘောကန်ဖိနပ်များကို လဲ၍ ကွင်းအလယ်၌ သက်သက်သာသာ နေကြပါရန်လည်း ဟစ်အော် တောင်းပန်ခဲ့ကြ၏။ မြန်မာအသင်းအနေနှင့်လည်း ဆက်၍ ကန်လျှင် ရှုံးမည့်အတူတူ စောစောနားသော် စောစောသက်သာသည်ဟု စေတနာထားပြီး ဘောပွဲကို ရပ်နားကြရန် လေးဘက်လေးတန် စင်ပေါ်က အော်ဟစ် အသနားခံခဲ့ကြသည်။
အိုမန်ဘောသမားများအတွက် မြန်မာ့ကွမ်းကို မိတ်ဆက်ပေးသည့် အနေနှင့်လည်း ကွမ်းထုပ်များ၊ ကွမ်းဘူးများအပြင် ဗိုက်ဆာနေသူတို့ အသင့်စားသုံးနိုင်ရန် မြန်မာအစားအသောက်များကိုပါ ကွင်းပတ်ပတ်လည်က ပစ်ချပေးခဲ့ကြလေသည်။ မြန်မာပြည်တွင်းဖြစ် အုတ်နီခဲများ၏ အရည်အသွေးကို အချိန်ရတုန်းရခိုက် လေ့လာသွားစေချင်သည့် သဘောဖြင့်လည်း ရသမျှအုတ်ခဲအကျိုးအပဲ့တို့ကို အိုမန်ဘောသမားများထံ အရောက်ပေးပို့ခဲ့ကြသည်။
မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလည်း ဤမျှစေတနာကြီးမား သဘောထား ကောင်းလှသည့် မြန်မာပရိတ်သတ်ကြီးအား ကွင်းအလည်ကို ထွက်ကာ ရှိခိုးဦးခိုက် ကျေးဇူးတင်ခဲ့သည်။ လုံခြုံရေး ရဲများကလည်း ပရိတ်သတ်ကြီး၏ အားပေးမှုကို ထောက်ခံသည့်အနေဖြင့် ဘောလုံးကွင်းအနှံ့ ချီတက်ပြခဲ့ကြသည်။
သို့သော် လူကိုသေကျေစေနိုင်သည့် ဓါးရှည်၊ ဓါးကောက်များကို နိုင်ငံတော်အလံတွင် ထည့်သွင်း အသုံးပြုထားသည့် အိုမန်နိုင်ငံမှ ဘောသမားများသည် မြန်မာပရိတ်သတ်၏ မေတ္တာစေတနာကို လုံးဝ သဘော မပေါက်ခဲ့။ ၄င်းတို့အား တိုက်ခိုက်သည်ဟု တဘက်သတ် စွပ်စွဲ ပြောဆိုခဲ့ကြသည်။
ဖီဖါခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည်လည်း မြန်မာ့ယဉ်ကျေးမှုကို လုံးဝ နားမလည်။ မြန်မာတို့အား အရေးယူမည့်သဘော ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အစာရေစာနှင့် လက်ဆောင် ပစ္စည်းများ ပေးခဲ့ကြသည်ကိစ္စကို စုံစမ်းစစ်ဆေးမည်ဟုပင် မရှက်မရွံ့ ထုတ်ဖေါ်ပြောဆိုခဲ့လေသည်။
မြန်မာတို့သည် အားကစားစိတ်ဓါတ် ပြင်းထန်ကြသူများဖြစ်ကြောင်း ကမ္ဘာက ကောင်းကောင်း မသိ။ ပေးထားသည့် နာမည်ကိုယ်၌က “အားကစား” ။ အားသည့်အခါတိုင်း ကစားသည်ဟု အဓိပ္ဗါယ်ရသည်ကို နိုင်ငံတကာက နားမလည်ကြ။ ဤမျှ အဓိပ္ဗါယ်လေးနက်ပေါ်လွင်သည့် နာမည်ကို ပေးပြီး အားကစား၏ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို သဘောမပေါက်ကြ။
အိုမန်ဘောလုံးပွဲ အဖြစ်အပျက်ကြောင့် ယခုဆိုလျှင် မြန်မာတမျိုးသားလုံးက အားကစားလောက တခုလုံးကို စွန့်လွှတ်ပစ်ရန်အထိပင် စဉ်းစားပြောဆို နေကြလေပြီ။ နောက်ဆုံးရရှိသော သတင်းများအရ နေပြည်တော်အရပ်တွင် ကြီးကြီးမားမား တည်ဆောက်ထားသည့် ပြည်သူ့လွှတ်တော်အတွင်း သမ္မတကြီးအပါအ၀င် တိုင်းပြည်ခေါင်းဆောင်များက ဘောလုံးကိစ္စ အရေးပေါ်လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနေသည်ဟု သိရသည်။
မြန်မာစစ်ခေါင်းဆောင်များကလည်း ဘောလုံးကန်သည့်နိုင်ငံများ အားလုံးကို စစ်ရေးအရ တုံ့ပြန်သွားဖို့ ဒေါသတကြီး အဆိုတင်သွင်း နေကြသည်ဟု ဆိုသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားကြတော့ပဲ ဘောလုံးအကြောင်း ကိုသာ နေ့ရောညပါ ဆွေးနွေးပြောဆိုနေကြကြောင်း၊ အစိုးရနှင့် အရာရာ သဘောထား ကွဲလွဲနေကြသော်လည်း ဘောလုံးကိစ္စ၌ တထပ်တည်း ဆန္ဒရှိနေသဖြင့် ဘောလုံးကို အခြေခံ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။
(BLUE SKY FOREST ဘလော့မှ ကူးယူ ဖော်ပြပါသည်)
ဦးဇော်ဇော် လန်ကွတ်တီ ၀တ်မည်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လန်ကွတ်တီ ၀တ်ရတော့မည့် အနေအထားတွင် ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောဆိုလိုက်သည်။
မြန်မာ-အိုမန် ဘောလုံးပွဲတွင် ဖြစ်ပျက်ခဲ့သော မြန်မာပရိသတ်၏ အပြုအမူကြောင့် ဖီဖာက အရေးယူ ဒဏ်ရိုက်ရန် စတင် ဆောင်ရွက် နေပြီ ဖြစ်ပြီး၊ ဘောလုံးကွင်း အတွင်း ပစ္စည်းတစ်ခုကျလျှင် ဒဏ်ငွေ ဒေါ်လာ ငါးထောင် ဒဏ်ရိုက်ခံရမည် ဖြစ်သဖြင့်၊ ကျရောက်သည့် ပစ္စည်း အရေအတွက် အတိုင်း ဒဏ်ငွေ ပေးဆောင်လိုက်ပါက ဘောလုံးဥက္ကဌ ဦးဇော်ဇော်တွင် ၀တ်စရာ လန်ကွတ်တီပဲ ကျန်တော့မည် ဖြစ်ကြောင်း ဦးစိုးမိုးကျော်က ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်သော ဦးဇော်ဇော်ပင်လျှင် လန်ကွတ်တီ ၀တ်ရတော့မည် ဖြစ်သဖြင့်၊ မြန်မာ့ ဘောလုံးလောကအတွက် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ကမ္ဘာအရပ်ရပ်မှ ဘောလုံးပရိသတ်များ အနေဖြင့် မြန်မာ့ လက်ရွေးစင် ဘောလုံး တစ်သင်းလုံး လန်ကွတ်တီဖြင့် ဘောလုံး ကန်ကြသည်ကို မြင်တွေ့ရဖွယ် ရှိပြီး ဘောလုံးအစား အုန်းသီးကို အစားထိုး ကန်ကျောက်မည်ဟု ယူဆရကြောင်း၊ ၄င်းက သုံးသပ်သွားသည်။

Friday, July 29, 2011
၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာပြည်တွင်ကျင်းပတော့မည် မဟုတ်
၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။
ယမန်နေ့က မြန်မာ့မြေတွင် ဖြစ်ပွားခဲ့သော အရုပ်ဆိုး အကျည်းတန်သည့် အိုမန်-မြန်မာ ဘောလုံးပွဲကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဘောလုံးပွဲစဉ်များကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်များ ဆုံးရှုံးနိုင်ဖွယ် ရှိကြောင်း သတင်းအချို့ ထွက်ပေါ်အပြီး၊ အဆိုပါ သတင်း အချက်အလက်ကို တွေ့ရခြင်း ဖြစ်သည်။
၂၀၁၃ တွင် မြန်မာနိုင်ငံ နေပြည်တော်၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပတော့မည် မဟုတ်သော်လည်း "အာရှ အားကစား ပွဲတော်" ကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ပ မီဒီယာ တစ်ခုက ရေးသားသည်။
အဆိုပါ အားကစားပွဲမှာ "ဆီးဂိမ်း" (SEA Games- Southeast Asian Games) ဟု အမည်ရသော်လည်း အရှေ့တောင်အာရှနှင့် သက်ဆိုင်ခြင်း မရှိဟု သိရသည်။
သို့သော် မြန်မာပြည်တွင် ကျင်းပမည့် "အာရှအားကစားပွဲတော်" တွင် တရုတ်၊ အိန္ဒိယ၊ ဂျပန် အစရှိသည့် နိုင်ငံများ အပါအ၀င် အာရှတိုက် နိုင်ငံပေါင်းများစွာ ပါဝင် ယှဉ်ပြိုင်ကြမည် မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံများသာ သီးသန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သဖြင့် မကြုံစဖူး ထူးခြားလှသည့် အာရှ အားကစားပွဲတော် ဖြစ်ကြောင်း သတင်းရရှိသည်။
အပြည့်အစုံသို့ ...

ငွေကျပ် ၅၅ သိန်းဖြင့် ကိုယ်ပိုင်ကား စီးလိုပါသလား? ၃၃ နှစ်တော့ စောင့်ရမည်
ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် အစီးရေ ၃၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အထွေထွေ အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် လျှောက်ထားသူ အရေအတွက် လေးသောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်၊ တစ်နှစ်လျှင် အစီးရေ ၁၂၀၀ နှုန်းဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နောင်လာမည့် ၃၃ နှစ် နှင့် လေးလ အကြာတွင် အစီးရေ လေးသောင်း ပြည့်မီနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်နှစ်ပေါင်း ၃၃ နှစ်ကျော် ကြာသော အချိန်တွင် လျှောက်ထားသူ အားလုံး လက်ဝယ်သို့ မော်တော်ကားများ ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ၀ယ်ယူလိုသူများ စိတ်ရှည် သည်းခံကာ စောင့်ဆိုင်း ပေးကြစေလိုကြောင်း၊ တစ်လလျှင် အစီးရေ ၁၀၀ (တစ်နှစ် အစီး ၁၂၀၀) နှုန်းဖြင့် ရောင်းချပေးမှုကို တန်းစီ စောင့်ဆိုင်းပါက မိမိတို့၏ သားသမီး မြေးမြစ်တို့ ခေတ်တွင် ၀ယ်ယူနိုင်ကြမှာ ဖြစ်ကြောင်း၊ ဦးအေးသောင်းက ပြောသည်။
အဆိုပါ မော်တော်ယာဉ်များကို ၂၀၁၀ ပြည့်နှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
အပြည့်အစုံသို့ ...
ဟစ်တလာက သူ လိပ်ခေါင်းမထွက်ဟု ငြင်းဆို
မြန်မာပြည်သူများအကြား ယခုတလော အလွန် ရေပန်းစားနေသည့် အထက်ပါ ဗီဒီယိုကလစ်နှင့် ပတ်သက်၍ ကွယ်လွန်သူ ဂျာမနီအာဏာရှင်ကြီး ဟစ်တလာက သူမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
ဗီဒီယိုထဲတွင် နာဇီခေါင်းဆောင်ကြီးက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ၏ အပြစ်အနာအဆာများနှင့် ပတ်သက်၍ ဆဲဆို မာန်မဲ ထားပြီး၊ သူ မြန်မာပြည် ရောက်ရှိစဉ်အတွင်း တယ်လီဖုန်း အော်ပြောရသဖြင့် လိပ်ခေါင်းထွက်သွားဖူးကြောင်း၊ ထို့ပြင် ဖုန်း Bill ဆောင်ရန် သုံးနာရီခန့် မတ်တပ်ရပ် စောင့်ဆိုင်းရင်း မအောင့်နိုင်တော့ သဖြင့် နောက်ဆုံးတွင် ချီးထွက်သွားခဲ့ကြောင်း ကြိမ်းမောင်း ဟိန်းဟောက်ထားသည်။
သူသော် ငရဲပြည်ရောက်နေသော ဟစ်တလာက ထိုကဲ့သို့ ပြောဆိုသူမှာ ဟစ်တလာ အတုဖြစ်ကြောင်း၊ သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မြန်မာပြည်တွင် အီးမထွက်ခဲ့ဖူးသလို၊ မြန်မာပြည်တွင် လိပ်ခေါင်းထွက်ခြင်းလည်း မရှိခဲ့ဖူးကြောင်း ငြင်းဆိုသည်။
လိပ်ခေါင်းထွက်ပြီး အီးထွက်သူမှာ သူ့အမည်နှင့် ခပ်ဆင်ဆင် တူသည့် "ဟစ်တာလာ" ဖြစ်ကြောင်း၊ အမည် ဆင်တူခြင်းသာ ဖြစ်ကြောင်း၊ ဗီဒီယိုကြည့် မြန်မာပရိသတ်များ အနေဖြင့် သူ့အပေါ် အထင်အမြင် မလွဲမှား ကြစေလိုကြောင်း၊ အီးထွက်သူ- လိပ်ခေါင်းထွက်သူမှာ "တ၀မ်းပူ ရေးချ-တာ... ဟစ် တာ လာ" ဆိုသူသာ ဖြစ်သည်ဟု သိရှိ မှတ်သားကြ စေလိုကြောင်း၊ သူ လုံးဝ မဟုတ်ကြောင်း၊ နာဇီခေါင်းဆောင်ကြီး ဟစ်တလာ က အကြောက်အကန် ငြင်းဆိုသွားသည်။
(Screen-shot from You Tube)
Read More...
Thursday, July 28, 2011
မြန်မာ-အိုမန် ဘောလုံးပွဲအတွင်း ထူးဆန်းသော မိုးများ ရွာသွန်း
မြန်မာ-အိုမန် ဘောလုံးပွဲ၊ ထူးဆန်းသော မိုးကြောင့် ခေါင်းပေါက်သွားသူ တစ်ဦး
(Courtesy: The Voice Weekly)
မိုးရွာလျှင် အိုမန်နှင့် ပွဲတွင် မြန်မာ အလားအလာ ကောင်းသည်ဟု စင်ကာပူနိုင်ငံသား ဘောလုံးနည်းပြ ဆီဗာဂျီကက သုံးသပ်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်သော ဘောလုံးပွဲတွင် သုဝဏ္ဏကွင်းအတွင်း အလွန်ထူးဆန်းသော မိုးများ ဖြစ်သည့် ကျောက်ခဲမိုး၊ ဖိနပ်မိုး၊ ရေဗူးမိုး၊ အရက်ပုလင်းမိုးများ ရွာသွန်းခဲ့ပြီး ပွဲပျက်သွားသည်ဟု သတင်းရရှိသည်။
သို့သော် အဆိုပါ ထူးဆန်းသော မိုးမှာ အိုမန်က မြန်မာအသင်းဘက်သို့ နှစ်ဂိုး သွင်းပြီးမှသာ ရွာသွန်းသော မိုးဖြစ်သဖြင့် ဆီဗာဂျီ ဟောကိန်းထုတ်ခဲ့သော အဖြေ မထွက်ပေါ် နိုင်ခဲ့ပေ။
"ပွဲစကတည်းက အဲဒီ ထူးဆန်းတဲ့ မိုး ရွာရမှာဗျ။ ဒါမှ ကိုယ့်ဘက်ကို တစ်ဂိုးမှ အသွင်းမခံရခင် ပွဲပျက်သွားမှာ။ ရလာဒ်က ၀-၀ နဲ့ ပွဲပျက်မှာ ဆိုတော့ အရှုံးပေးခံရတယ် ဆိုရင်တောင် သရေလို့ ပြောလို့ရပါတယ်။ အခုတော့ မိုးရွာတာ နောက်ကျလို့ မြန်မာတွေ နှစ်ဂိုး အသွင်းခံရတာ ဖြစ်ပါတယ်" ဟု ဆာဗာဂျီက ပြောသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျွန်တော် ကြိုတင် ဟောကိန်းထုတ်ခဲ့သလို ဖိနပ်မိုး၊ ခဲမိုး၊ ရေသန့်ဗူး၊ ပုလင်း မိုးတွေကြောင့် အိုမန်အသင်း ဒုက္ခ လှလှတွေ့သွားတာကတော့ အမှန်ပါပဲ" ဟု ဆာဗာဂျီက ဆက်ပြောပြီး သူ့ဟောကိန်း မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။
ကြောက်စဖွယ် မိုးသီး မိုးပေါက်များ (Courtesy: The Voice Weekly)
A World Cup qualifier between Myanmar and Oman was abandoned on Thursday after angry fans hurled rocks and glass bottles at the referee, the visiting coach Paul Le Guen and one of his players, witnesses said (Read More...).
Wednesday, July 27, 2011
မိုးရွာလျှင် အိုမန်ကို မြန်မာနိုင်မည်ဟု စင်ကာပူနိုင်ငံသား နည်းပြ ပြောဆို
(Photo: Soccer Myanmar)
မနက်ဖြန် ဇူလိုင်လ ၂၈ ရက်၊ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်မည့် မြန်မာ-အိုမန် ဘောလုံးပွဲစဉ်အတွင်း မိုးရွာသွန်းပါက မြန်မာ ဘောလုံး အသင်းအတွက် အခြေအနေ ကောင်းနိုင်ကြောင်း၊ ဥဿာယူနိုက်တက် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူထားသူ စင်ကာပူနိုင်ငံသား ဆီဗာဂျီက ပြောဆိုလိုက်သည်။
"အိုမန်တွေ အတွက် မိုးရွာမယ်ဆိုရင် အခက်တွေ့ သွားနိုင်ပါတယ်၊ ဘောလုံးကွင်းထဲ ရေ၀ပ်နေရင် သူတို့ ဘောလုံး ကောင်းကောင်း ကန်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆီဗာဂျီက မှတ်ချက် ပြုခဲ့ပြီး၊ အိုမန် ကစားသမားများ မိုးရေထဲ ချော်လဲပြီး ခြေခေါက်ခြင်း၊ ခြေကျိုးခြင်းများ ဖြစ်ပေါ်မှုကို အသုံးချပြီး၊ မြန်မာအသင်း အနေဖြင့် ဦးဆောင်ဂိုးသာ ရရှိအောင် ကစားနိုင်မည် ဆိုပါက မနက်ဖြန် ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ဆင့်ပင် တက်ရောက် သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း အားကစား သတင်းတစ်ပုဒ်တွင် တွေ့ရသည် (ဖတ်ရှုရန်)။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အိုမန်နှင့် ပထမ အကျော့ အဝေးကွင်း ယှဉ်ပြိုင်ခဲ့ရာ ၀-၂ ဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်း ရှုံးနိမ့်ခဲ့ရမှုမှာ အိုမန်၏ ရာသီဥတု အလွန်ပူပြင်းပြီး၊ အပူချိန် မြင့်မားသည့်ဒဏ်ကို မြန်မာ ကစားသမားများ ခံနိုင်ရည် မရှိမှုနှင့်လည်း ဆက်စပ်နေကြောင်း သတင်းတစ်ပုဒ်က ဆိုသည် (ဆက်စပ် ဖတ်ရှုရန်)။
မြန်မာအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအဆင့်တွင် မွန်ဂိုးလီးယားအသင်းကို အဝေးကွင်း ပထမအကျော့ ပွဲစဉ် တွင် ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ အိမ်ကွင်း ဒုတိယ အကျော့တွင် ၂-၀ ဖြင့် အနိုင်ရကာ ဒုတိယအဆင့်ကို တက်လမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်ထက် လွန်စွာ မြင့်မားသော မွန်ဂိုးလီးယား ကုန်းပြင်မြင့်ရှိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရသည့် အတွက် မြန်မာ ဘောလုံးသမားများ အသက်ရှုမ၀ ဖြစ်ကာ၊ ရှုံးနိမ့်ရခြင်း ဖြစ်ပြီး၊ ဒုတိယ ပွဲစဉ်တွင် မြန်မာပြည်၏ အပူဒဏ်ကို မခံနိုင်ခြင်းကြောင့် အေးသောဒေသမှ မွန်ဂိုးလီးယားတို့ ရှုံးနိမ့်ရခြင်း ဖြစ်ကြောင်း BSN အားကစား သတင်းထောက်က သုံးသပ်ထားသည်။
Tuesday, July 26, 2011
ဝန်ကြီး ဦးအောင်ကြည် နှလုံးအောင့်ခြင်း ဝေဒနာ ခံစားရ
(Photo: BBC Burmese)
ယမန်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည် ရုတ်တရက် နှလုံးအောင့်သော ဝေဒနာ ဖြစ်ပေါ်ခံစားရကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ "အတွင်းအား" ကို မခံနိုင်သောကြောင့် ယခုကဲ့သို့ ဦးအောင်ကြည် ရင်ဘတ် အောင့်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဝေဒနာ ပြင်းထန် လွန်းသောကြောင့် ၀န်ကြီး ဦးအောင်ကြည်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသည်။
"ဒေါ်စုရဲ့ အတွင်းအားက အတော်ပြင်းတယ်ဗျ။ ကျွန်တော့် ပါဝါလောက်နဲ့ မခံနိုင်ဘူး။ ရင်ဘတ်တော်တော် အောင့်သွားတယ်။ စူးပြီး အောင့်တာ" ဟု တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များကို ဦးအောင်ကြည်က ပြောသည်။ "ဒီပုံစံ အတိုင်းဆိုရင် နှလုံးစက် တပ်ထားတဲ့ သမ္မတကြီး အနေနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ဦးမယ် မထင်ဘူး" ဟု ၄င်းက ဆက်လက် ပြောကြားသွားသည်။
Read More...
ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ တွေ့ရှိ
ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ သတင်း (Click)
ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။
မူရင်း သတင်း (Click)
အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။
မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။

မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
@KZT
ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည်။
ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည် ဟူသော ကြော်ငြာ စာရွက်များ ရန်ကုန်တွင် လိုက်ကပ်နေကြောင်း သတင်းရရှိသည်။
"သင့်အား တပ်မတော်မှ အလိုရှိသည်" ဟူသော ဆိုင်းဘုတ်များ နောက်ပိုင်း ယခုကဲ့သို့ "ဗုံးဖောက်ခွဲရေးသမားများ အလိုရှိသည်" ဟူသော ကြော်ငြာများကို တွေ့ရခြင်း ဖြစ်သည်။ ယခု အလိုရှိနေသော ဖောက်ခွဲရေး သမားများကို မည်သည့် နေရာများတွင် တာဝန်ထမ်းဆောင် စေမည် ဆိုသည်ကိုမူ မသိရပေ။
@KZT
Read More...
Tuesday, July 19, 2011
အာဇာနည်နေ့ သမိုင်းအကျဉ်း
အာဇာနည်နေ့ သမိုင်းအကျဉ်း။
မောင်အေးစိုး (YouTube) တင်ထားတဲ့သူက စေတနာအရင်းခံနဲ့ ဖန်တီးပြီး တင်ပေးထားတာပါ။
မောင်အေးစိုး (YouTube) တင်ထားတဲ့သူက စေတနာအရင်းခံနဲ့ ဖန်တီးပြီး တင်ပေးထားတာပါ။
(ဧရာဝတီဘလော့ကနေ ပြန်လည် မျှဝေပါတယ်)
၁၉ ဇူလိုင် ... မမေ့နိုင်...
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ဘ၀ တစိတ်တဒေသ ရုပ်ရှင်မှတ်တမ်း (Credit: ဒေါင်းတမန်)
အဖေ...
တေးဆို- လေးဖြူ
(မောင်ဖိုးထောင် တင်ဆက်သည်)
တေးဆို- လေးဖြူ
(မောင်ဖိုးထောင် တင်ဆက်သည်)
Sunday, July 17, 2011
မြန်မာလေတပ်တွင် တိုက်လေယာဉ် အမျိုးအစားသစ်များ ထုတ်လုပ်သုံးစွဲ နေသလော
မြန်မာ့တပ်မတော်တွင် လက်နက်ငယ်များမှ စ၍ ဒုံးကျည်များ အလယ် နျူကလီးယားအဆုံး လက်နက်မျိုးစုံကို
လျှို့ဝှက်စီမံကိန်းများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သို့ရာတွင် ဒုံးကျည်ထုတ်လုပ်မှုနှင့် နျူကလီးယား စီမံကိန်းများမှာ ကနဦး အဆင့်တွင်သာ ရှိသေးကြောင်း အဆိုပါ သတင်းများက ဆိုသည်။
ဤအခြေအနေတွင် မြန်မာ့ လေတပ်မတော်၌ ကမ္ဘာပေါ်တွင် မရှိသေးသော တိုက်လေယာဉ် အမျိုးအစားသစ် တစ်မျိုးကို အသုံးပြုနေကြောင်း သတင်းဌာနတစ်ခု၏ ရေးသား ဖော်ပြချက် တစ်ရပ် ထွက်ပေါ်လာသည်။ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်ရာတွင် အဆိုပါ လေယာဉ် အမျိုးအစားသစ်ကို သုံးစွဲခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် တွေ့ရခြင်း ဖြစ်သည်။
လေယာဉ်မှာ MiG- 26 ဖြစ်ကြောင်း သိရသည်။ MiG-26 ကို ရုရှားလုပ် MiG လေယာဉ် အမျိုးအစားများ စာရင်း (ဒီမှာရှုပါ) တွင် မတွေ့ရပေ။ အဆိုပါ လေယာဉ်မှာ ကမ္ဘာပေါ်တွင် မရှိသေးသော လေယာဉ် အမျိုးအစား ဖြစ်နေခြင်းကြောင့် မြန်မာ့လေတပ်မတော် အနေဖြင့် MiG-26 လေယာဉ်ကို လျှို့ဝှက် စီမံကိန်းဖြင့် ကိုယ်တိုင် ထုတ်လုပ် သုံးစွဲနေခြင်းပေလောဟု မြန်မာ့ စစ်ရေး အကဲခတ်များက သုံးသပ်နေကြသည်။
@PTA

ထူးခြားတာကတော့ မြင်တဲ့ အတိုင်းပါပဲ
(Photo: Zaw Myint Thein)
ဂူအောင်းပြီး အတွင်းအား ကျင့်နေတော့ လောကကြီးမှာ ဘာတွေ ဖြစ်ပျက်နေသလဲ တကယ်မသိပါ။ အပြင်လောက ပြန်ရောက်လာတော့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရပါတယ်။ ဖေ့ဘွတ်နဲ့ ဘလော့တွေမှာ ပြန့်နေပြီး၊ လူတိုင်းသိနေလောက်တဲ့ ကိစ္စဖြစ်ပေမဲ့၊ တောကတက်လာတဲ့ ဇီးကွက်မျက်ပြူးကတော့ ခုမှ သိလို့ ခုမှပဲ မှတ်တမ်းတင်လိုက် ပါတယ်။ ဓာတ်ပုံတွေက အများကြီးပါ။ ဓာတ်ပုံတွေကို ဇာတ်လမ်းပမာနဲ့ တကွ အောက်က လင့်ခ်တွေမှာ သွားကြည့်ကြတာပေါ့။
ဖေ့ဘွတ် လင့်ခ်
ဧရာဝတီဘလော့မှာ ပြန်လည် ဖော်ပြချက်
Saturday, July 16, 2011
မြန်မာပြည်တွင် လွန်ခဲ့သော နှစ်တစ်ရာကျော် ကတည်းက မြေအောက်ရထား စနစ် ကျင့်သုံးလျက်ရှိ
လန်ဒန်မြေအောက်ဘူတာရုံ (Photo: wikipedia)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကတည်းက မြေအောက်ရထား များ ပြေးဆွဲလျက် ရှိကြောင်း ပြည်တွင်း သတင်း ဂျာနယ် တစ်ခုတွင် ဖော်ပြချက်အရ သိရသည်။
"နှစ် ၁၀၀ ကျော် သက်တမ်းရှိ မြေအောက် ဘူတာရုံ ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ" ဟု ခေါင်းစဉ်တပ်ထားသော သတင်းတစ်ပုဒ်တွင် အဆိုပါ မြေအောက်ရထား ဘူတာရုံ အကြောင်းကို တွေ့ရခြင်း ဖြစ်သည်။ ရန်ကုန် မြေအောက်ရထားဘူတာ များမှာ လူသိမများလှသော်လည်း၊ ရန်ကုန်မြို့တွင်းမှ မြေအောက် အိမ်သာများမှာမူ ညစ်ပတ်နံစော်မှုကြောင့် နာမည်ကြီးသည်။
ရန်ကုန် မြေအောက်ရထား ဘူတာရုံ သတင်း
@ဗညား
Read More ..
ဦးသိန်းစိန် ၀န်ကြီးချုပ် ပြန်လုပ်မည်
(Photo: AP)
ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာ များအား ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ပြန်လည် ချုပ်ကိုင်တော့ မည် ဖြစ်ကြောင်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ထိုသို့ ပြန်လည်ချုပ်ကိုင် လိုက်ခြင်းကြောင်း ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များ မလိုအပ်တော့ပေ။ ထို့ကြောင့် ၄င်းတို့၏ နေရာကို ကိုယ်စားပြုရန် လက်ရှိသမ္မတ ဦးသိန်းစိန်က ၀န်ကြီးချုပ် အဖြစ် ပြန်လည် တာဝန်ယူမည် ဖြစ်ကြောင်း မြန်မာသတင်းဌာန တစ်ခုက ရေးသားသည်။
အစိုးရအဖွဲ့သစ် ခေါင်းဆောင် ဦးသိန်းစိန်မှာ နိုင်ငံတော် သမ္မတ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သဖြင့် ဦးသိန်းစိန်အား ၀န်ကြီးချုပ် ဟုလည်းကောင်း၊ သမ္မတ ဟု လည်းကောင်း ရာထူးနှစ်မျိုး ဖြင့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
@F.E.F.F Media
Read More ...
ကျွန်ုပ် နှင့် ဂန္ဓာရီခရီး
ကပ္ပလီပင်လယ်ပြင်၊ တစ်ခုသော ကျွန်းစု၊ ကျောက်ဂူတစ်ခု အနီး။
ဂန္ဓာရီခရီး လှည့်လည်နေသော ဇီးကွက်မျက်ပြူး ၀ိုင်ဖိုင် အတွင်းအား ကျင့်နေသည်။
သူ့ဘေးတွင်ကား အင်တာနက် ချိတ်ဆက်လို့ မရသည့် လက်တော့ တစ်လုံး …
ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လျက်…
ဒီရက်များအတွင်း ကချင်ဒေသ ပဋိပက္ခအကြောင်း၊ ရှမ်းပြည်တိုက်ပွဲများ၊ ဗုံးကွဲမှု သတင်းများ၊ ဒေါ်စု ရဲ့ ခရီးစဉ်၊ မောင်ထိပ်ကွက်အမှု၊ ၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီး ဒေါ်ရင်လတ် (ခေါ်) ဒေါ်ရင်လှ ၀န်ကြီးချုပ် ဖြစ်သွားတဲ့သတင်း၊ တောင်ပိုင်းဆူဒန် လွတ်လပ်ရေး၊ အာကာသ လွန်းပျံယာဉ် နောက်ဆုံး ခရီးစဉ်… ဘာဆို ဘာမှ မသိခဲ့။
မြန်မာနှင့် နိုင်ငံတကာမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို သိဖို့ ဇီးကွက်မျက်ပြူးအတွက် အလိုအပ်ဆုံးကား ၀ိုင်ဖိုင်။ ဤကျွန်းတွင်
ဝိုင်ဖိုင်မရှိ။ ဝေဖာတော့ ၀ယ်စားလို့ ရသည်။
ဇီးကွက်မျက်ပြူးကား အတွင်းအား ကျင့်လျက်…
ဒိုင်နိုဆောဥ…
မိုးကြိုးသွား…
အနှစ်တစ်ထောင် ကင်းမြီးကောက်…
နတ်ဆေးဂမုန်း…
အတွင်းအား ကျင့်ဖို့ ဒါတွေ လိုသည်ဟု တရုတ်သိုင်း ၀တ္ထုတစ်ပုဒ်က ဆိုသည်… ။
ဒိုင်နိုဆောဥကို ရှာမတွေ့။ လိပ်ဥတွေ့လို့ ဆားနှင့် တို့စားလိုက်သည်။
အနှစ်တစ်ထောင် ကင်းမြီးကောက်တော့ မတွေ့၊ ကင်းခြေများတစ်ကောင် တွေ့သည်။ ကိုက်မည် စိုးသဖြင့် ဘလိတ်ဓားဖြင့် အပိုင်းပိုင်းဖြတ်တောက်ကာ အောင်နိုင်လိုက်၏။ နတ်ဆေးဂမုန်းအစား ကန်စွန်းဥ တွေ့သဖြင့် ပြုတ်စားပြီးပြီ။
နောက်ဆုံးတော့ မိုးကြိုးသွားဟု ယူဆရသည့် ကျောက်တုံး သေးသေးလေးကို ကိုင်ကာ ၀ိုင်ဖိုင် အတွင်းအား စကျင့်တော့သည်။
ကျင့်စဉ် အဆင့် ၁…
အာရုံကို နှာခေါင်းဝတွင် စုထားလိုက်သည်။ အတွင်းအား စ ၀င်လာသလို ခံစားရသည်။
ကျင့်စဉ် အဆင့် ၂ …
လျှပ်စစ်ဖြင့် တို့လိုက်သလို တွန့်သွားသည်။ အင်တာနက် အတွင်းအား စပိ ၁ ကီလိုဘိုက်ပါ စက္ကန့်…. ၂ ကီလိုဘိုက်ပါ စက္ကန့်…. ၃ ကီလိုဘိုက်ပါ စက္ကန့်… အတွင်းအား စပိတွေ တရွေ့ရွှေ့ တက်လာသည်…
ကျင့်စဉ် အဆင့် ၃ နှင့် ၄…
ဝိုင်ဖိုင် အတွင်းအားများ ပြည့်မီစ ပြုပြီထင်ရသည်။ အဆင့် ၅ ရောက်ပြီး အတွင်းအား ကျင့်စဉ် ပြီးမြောက်ရန် တစ်ဆင့်သာ လိုတော့၏။ ဇီးကွက်မျက်ပြူးကား ၀ိုင်ဖိုင် အတွင်းအား ရတော့မည် အသိဖြင့် ၀မ်းသာ ပီတိ ဖြစ်လျက်.... ။
“တော့်.. ကိုဇီးကွက်”
အသံတစ်ခုကား မိုးကြိုးပစ်သလို မြည်ဟီးသွားသည်။ ပြီးမြောက်ခါနီး အတွင်းအား ကျင့်စဉ်လဲ တစ်စစီ ပျက်သုဉ်းသွား၏။ မဒမ်ဇီးကွက်ကား ဇီးကွက်မျက်ပြူး ရှေ့မှောက် ခါးထောက်ကာ ရောက်နေပါရောလား။
“အော .. လက်စသတ်တော့ ကျောက်ဂူရှေ့မှာ ထိုင်ပြီး၊ ဇော်ဂျီ ၀က်သိုင်း အတွင်းအား ကျင့်နေတာကိုး၊ တော်က ကျုပ်နဲ့ ဝေးရာမှာ သူယောင်မယ်တွေနဲ့ ပျော်ပါးချင်လို့ ဒီလို လျှောက်သွားနေတာ မဟုတ်လား။
ပြောလေ.. မှန်မှန်။ ဒီလို လုပ်လို့မရဘူး။ လာ- ပြန်လိုက်ခဲ့။ ဟေ့ သူယောင်မယ်တွေ.. ကျုပ်ယောက်ျားကို လာထိမယ်မကြံနဲ့၊ ပါးကျိုးသွားမယ်.. ဘာမှတ်သလဲ၊ ကြာကူလီ သူယောင်မယ်တွေ”
မဒမ်ဇီးကွက် ကား သူထင်ရာ မြင်ရာတွေ ဇွတ် လျှောက်ပြောပြီး ဇီးကွက်မျက်ပြူးကို ထိုကျွန်းပေါ်မှ ဆွဲခေါ်သွားတော့သည်။ ၀ိုင်ဖိုင် အတွင်းအား ကျင့်စဉ်ကား တပိုင်းတစ.. မပြီးမပြတ်။
(အင်တာနက်နှင့် ဝေးနေသော ဂန္ဓာရီ ခရီးစဉ်အတွင်း ပို့စ်အသစ်များ မတင်နိုင်ခဲ့ခြင်းအတွက် BSN ပရိသတ်များ အားလုံးကို တောင်းပန် အပ်ပါသည်။)

ဇီးကွက်မျက်ပြူး အတွင်းအား ကျင့်သည့် ကျောက်ဂူ (ဓာတ်ပုံ-Sky People)

Friday, July 15, 2011
မငိုပါနဲ့တော့ ဇီးကွက်မျက်ပြူး
ဇီးကွက်ကြီး
မဒမ်ပြူးရဲ့အမျက်တော်ရှလို့ မဲဇာအပို့ခံရပြီလား?
ဒါမှမဟုတ် အမေစုနဲ့ဘုရားဖူးထွက်နေလား?
စိတ်ပူနေသည်
အပြစ်အားလုံးခွင့်လွှတ်သည်
အမြန်ပြန်လာပါ
လွှတ်တော်မတက်ရလဲ ဝမ်းမနည်းပါဘူး
ပရလောကသားများ
မဒမ်ပြူးရဲ့အမျက်တော်ရှလို့ မဲဇာအပို့ခံရပြီလား?
ဒါမှမဟုတ် အမေစုနဲ့ဘုရားဖူးထွက်နေလား?
စိတ်ပူနေသည်
အပြစ်အားလုံးခွင့်လွှတ်သည်
အမြန်ပြန်လာပါ
လွှတ်တော်မတက်ရလဲ ဝမ်းမနည်းပါဘူး
ပရလောကသားများ
Subscribe to:
Posts (Atom)