Showing posts with label ထပ်ဆင့်ဖော်ပြခြင်း (မူရင်းအတိုင်း). Show all posts
Showing posts with label ထပ်ဆင့်ဖော်ပြခြင်း (မူရင်းအတိုင်း). Show all posts

Thursday, April 7, 2011

မဟန်လှတဲ့ ဈေးချို သန့်စင်ခန်းခ ဝင်ကြေးက

အယ်ဒီတာရှင့် ..

ဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ရှိတဲ့ ကျမတို့ မန္တလေး ဈေးချိုကြီးမှာ သန့်စင်ခန်း (အိမ်သာ) အသုံးပြုခက ကျပ် ၄ဝ မှ ၁ဝဝ အထိဆိုပြီး ဒီလ ၁ ရက်နေ့ကစလို့ တိုးကောက်လိုက်ပါပြီ။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ MCDC ခွင့်ပြုချက်နဲ့ လေလံအောင် ကန်ထရိုက်က တိုးကောက်တာပါ။

ဈေးထဲမှာ တချို့အသက်ကြီးတဲ့ သူတွေဆို တနေ့ကို ၅ ခေါက်မက သွားကြတဲ့ သူတွေလည်း ရှိတယ်။ အလုပ်သမားတွေဆိုရင် တချို့ဆိုင်ရှင်က အိမ်သာကြေးပေးတာ မဟုတ်ပါဘူး။ တနေ့ကို ၂ ခါပဲ သွားတယ်ထားဦး၊ ကျပ် ၂ဝဝ ကုန်ပြီ။ သူတို့ပိုက်ဆံနဲ့ ပေးရတဲ့အခါကျ ဘယ်လိုလုပ် အဆင်ပြေတော့မလဲ။

ကိုယ်က ဘာသွားပြောလို့ ရမလဲ။ မကျေနပ်ရင် အိမ်သာမတက်ဘဲ နေမှပဲ။ မသုံးလို့လည်း မဖြစ်ဆိုတော့ ပေးရတာပဲ။ ဈေးမှာ သဘောင်္သီးသုပ်တို့၊ အချိုရည်တို့တောင် မစားရဲလောက်အောင်ပါပဲ။ တော်ကြာ … အိမ်သာကြေးနဲ့တင် စရိတ်ထောင်းမှာ စိုးရပါတယ်။

သန့်စင်ခန်း အသုံးပြုခ၊ ဆိုင်ကယ်၊ ကား၊ စက်ဘီး ရပ်နားခတွေအတွက် ကောက်ခံရမယ့် နှုန်းထားတွေကို သတ်မှတ်ပြီး၊ မန္တလေး စည်ပင်က နှစ်စဉ်နှစ်တိုင်း လေလံစနစ်နဲ့ ကန်ထရိုက်တွေကို ရောင်းတာပါ။

မန္တလေးမှာ အကြီးဆုံး လက်ကားဈေးဖြစ်တဲ့ ဈေးချိုမှာ ဈေးအိမ်သာ၊ ယာဉ်ရပ်နားခ လေလံကြေးဟာ တခြားဈေးတွေထက် မြင့်မားလို့ လေလံသမားတွေ မျက်စိကျကြပါတယ်။ ဒီနှစ် အသုံးပြုခ တက်သွားတာက စည်ပင်နဲ့ ကန်ထရိုက် ပေါင်းလုပ်တယ်လို့တောင် ယူဆရပါတယ်။

ဈေးချိုဟာ ၂၆ ဘီလမ်းနဲ့ ၈၄ လမ်းထောင့်မှာ တည်ရှိတာပါ။ ၄ ထပ်မြင့် အဆင့်မြင့်ဈေးချိုမှာ ဈေးရုံပေါင်း ၈ ရုံ ရှိပါတယ်။ ဆိုင်ခန်းပေါင်းကတော့ ၃ဝဝဝ ကျော်ပါ။ ဈေးသူဈေးသားတွေနဲ့ အလုပ်သမားတွေ ပေါင်းလိုက်ရင် စုစုပေါင်း လူဦးရေက ၆ဝဝဝ ကျော် ရှိနေတာပါ။ ဈေးရုံတရုံမှာ သန့်စင်ခန်း ၄ ခန်း ရှိပါတယ်။ အမျိုးသား ၂ ခန်း၊ အမျိုးသမီး ၂ ခန်း ပါ။

ကျမတို့ ဈေးချိုသူ၊ ဈေးချိုသားတွေက သန့်စင်ခန်းခကို ပြန်လျှော့ချပေးစေချင်ပါတယ်။


ဈေးချိုသူတဦး
မန္တလေးမြို့


မဇ္ဈိမသတင်းဌာနမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။