မြန်မာ သံရုံးနှင့် ပတ်သက်တဲ့ information တွေကို လွယ်လင့်တကူ ရှာဖွေ နိုင်တဲ့ ၀က်ဆိုက် တစ်ခု တွေ့ရပါတယ်။
မြန်မာသံရုံးနဲ့ မဖြစ်မနေ ဆက်သွယ် ဆောင်ရွက်ရမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ သံရုံးရဲ့ အဓိက ကျတဲ့ အချက်အလက်တွေကို http://myanmar-embassy.info မှာ ကြိုတင် သွားရောက် လေ့လာ ထားသင့်တယ်လို့ BSN ရဲ့ စာဖတ်ပရိသတ် တစ်ဦးက လက်တို့ ထားပါတယ်။
Tuesday, May 31, 2011
Monday, May 30, 2011
တက္ကစီများ လှပစေရန် မီတာများ တင်ဆင်ထားခြင်းဖြစ်
(Photo: themyanmarpost)
ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသည့် တက္ကစီများတွင် မီတာများကို တက္ကစီများ လှပစေရန် အတွက်လည်းကောင်း၊ တက္ကစီ၏ အဆင် တန်ဆာ အဖြစ်လည်းကောင်း တပ်ဆင် ထားကြောင်း သတင်းရရှိသည်။
မီတာများမှာ အလှပြထားခြင်းသာ ဖြစ်သဖြင့် တက္ကစီခများကို ပါးစပ်ဖြင့် ဈေးဖြတ်ကာ မောင်းနှင်ကြပြီး၊ အလှသဘော တပ်ဆင်ထားသော မီတာများကို အသုံးပြုရန် မလိုအပ်ကြောင်း သိရသည်။
ယခုတလော တက္ကစီခ များမှာလည်း ၁၀၀၀ တန်ခရီးကို ၁၅၀၀ ကျပ်၊ ၁၅၀၀ တန်ခရီးကို ၂၀၀၀ ကျပ် စသည်ဖြင့် ဈေးတက်နေကြောင်း Myanmar Post ဂျာနယ်တွင် ရေးသားထားသည်။
Read More ...
Saturday, May 28, 2011
ကုလ အတွင်းရေးမှူးချုပ် ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့
ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သော ဦးသန့်အား
အာဇာနည်ကုန်းတွင် ဤသို့ ဂူသွင်း သင်္ဂြိုဟ်ထားသည်။
(Photo: Screen-shot from niknayman's youtube)
ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ခြင်း မဟုတ်ဘဲ၊ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း SBS ရုပ်သံမှ ထုတ်လွှင့်သည့် City Hunter ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်း တစ်ခု အရ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ကြီးများနှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့သော ဦးသန့်အား ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ဂူသွင်း မြှုပ်နှံထားသည်။
၁၉၄၇ ခုနှစ်က ကွယ်လွန်ခဲ့သော ဦးသန့်သည် ၁၉၆၁ မှ ၁၉၇၁ အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် မည်သို့ မည်ပုံ တာဝန် ထမ်းဆောင်ခဲ့သနည်း ဆိုသော မေးခွန်းနှင့် ပတ်သက်၍ မဖြေရှင်း နိုင်သေးသော ခေါင်းခဲစရာ ပြသနာ တစ်ရပ် အဖြစ် တည်ရှိနေကြောင်း ပရလောကနှင့် ပန်းကန်ပြားပျံ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
ဦးသန့် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ အာဇာနည်ကုန်း ဗုံးကွဲမှု ရုပ်ရှင်
Courtesy: Niknayman
Courtesy: Niknayman
ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု မူရင်း သမိုင်းမှတ်တမ်း အမှန်
U Thant's tomb, Shwedagon Pagoda Road, Yangon
(Photo: wikipedia)
ထိုင်း သတင်းစာ နှစ်စောင်တွင် မည်သည့် သတင်းမျှ ပါဝင်တော့မည် မဟုတ်
ထိုင်းနိုင်ငံမှ အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေလျက် ရှိသော နာမည်ကြီး Bangkok Post နှင့် The Nation သတင်းစာကြီး နှစ်စောင်တွင် သတင်းများ ထည့်သွင်း ဖော်ပြခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရှိရသည်။
သတင်းများ လုံးဝ ဖော်ပြတော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့ကို "သီတင်းစာ" ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။ အဆိုပါ "သီတင်းစာ" များတွင် "သီတင်းသီလ" ဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ဘုရားကျောင်းကန် များတွင် "သီတင်းသုံး" နေကြသော ရဟန်းတော်များ၏ ထေရုပ္ပတ္တိများ ကိုသာ ဖော်ပြတော့မည် ဖြစ်ကြောင်း "သီတင်းစာ" ၏ အယ်ဒီတာများက BSN ကိုပြောသည်။ သီတင်း တစ်ပတ်လျှင် ၇ ရက် ထုတ်ဝေသဖြင့် "သီတင်းစာ" ဟု ခေါ်ဝေါ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ မည်သည့် သတင်းမှ ပါဝင်တော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့သည် "သတင်းစာ" များ မဟုတ်ကြတော့ကြောင်း အဆိုပါ အယ်ဒီတာများက ပြောဆိုလိုက်သည်။
Read More ...
ယာဉ် အသစ် တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံး
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စက်မှု နိုင်ငံကြီးကို တည်ဆောက်နေသည့် အစိုးရသစ် လက်ထက်တွင် အသစ် တီထွင် ထုတ်လုပ်လိုက်သည့် "ဆိုင်ကယ်ဟု ယူဆရသော ယာဉ်" တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် သတင်းဖော်ပြ ထားသည်ကို တွေ့ရသည်။
@71
@71
Thursday, May 26, 2011
ရန်ကုန် အာဇာနည်ကုန်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့
မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ (ဧရာဝတီ ဘလော့မှာ ဖတ်ပါ)
တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ကားတစီး ရိုက်ချက် ဓာတ်ပုံကို ပုံကြီးချဲ့ကြည့်တော့ နံပါတ်ပြားမှာ ရေးထားတာက ထိုင်း အက္ခရာတွေ ဖြစ်နေတာ တွေ့ပါတယ်။
ဒီတော့ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ထိုင်း ကားနံပါတ် ဖြစ်နေတဲ့ အတွက် ဗုံးကွဲတဲ့ နေရာဟာ မြန်မာပြည် မဟုတ်ဘဲ ထိုင်းနိုင်ငံ တစ်နေရာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
၁၉၈၃ အာဇာနည်ကုန်း ဗုံးကွဲတာ ဆိုတော့ မြန်မာပြည်ရဲ့ အထင်ကရ အာဇာနည်ကုန်းဟာ ရန်ကုန်မြို့မှာ မရှိဘဲ ထိုင်းနိုင်ငံထဲမှာ တည်ရှိကြောင်း City Hunter ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တစ်ခုကို ဖော်ပြတဲ့ အထက်ပါ ဓာတ်ပုံအရ သိရှိနိုင်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားတဲ့ ခေတ်အဆက်ဆက် မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို မြန်မာပြည် ပြင်ပသို့ ပြောင်းရွှေ့လိုက်တာ မဟုတ်ဘဲ ကိုးရီးယား ရုပ်ရှင်လောကသား တစ်စုက ပြောင်းရွှေ့လိုက်တဲ့ ယခု ဖြစ်ရပ်ဟာ ထူးဆန်း အံ့သြစရာ ကောင်းနေကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ် ပြောဆိုကြပါတယ်။
မြောက်ကိုးရီးယားတွေက မြန်မာပြည်မှာ ဗုံးခွဲကြောင်း ဖော်ပြချက် ပါဝင်တဲ့ ဇာတ်လမ်း အကျဉ်းချုပ်ကို ဒီမှာ ဖတ်ပါ

(Photo: Irrawaddy Blog)

မူလတန်း ကျောင်းသား တစ်ဦးအား တစ်နေ့လျှင် ၁ ကျပ်၊ ၃၁ ပြား နှုန်းဖြင့် ထောက်ပံ့လျက်ရှိ
၂၀၁၁-၂၀၁၂ ပညာသင်နှစ် တစ်နှစ်တာလုံး အတွက် မူလတန်း ကျောင်းသူ ကျောင်းသားများအား နိုင်ငံတော်မှ ငွေကျပ် သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ရသည်။ မူလတန်း တက်ရောက်နေသူ ကျောင်းသူ ကျောင်းသား စုစုပေါင်းမှာ ၅ သန်းကျော် ဖြစ်သဖြင့် တစ်ဦးလျှင် တစ်နှစ်တာ အတွက် ထောက်ပံ့ခံရသည့် ငွေကြေး ပမာဏမှာ- ၄၈၀ ကျပ် ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသူ ကျောင်းသား တစ်ဦးချင်းကို တစ်နေ့လျှင် ၁ ကျပ် ၃၁ ပြားနှုန်းဖြင့် ထောက်ပံ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
@71
မိုးကြိုးကို ခုန်ရှောင် နိုင်သော အံ့သြဖွယ် မိန်းကလေး
ရန်ကုန် ဒဂုံမြောက်ပိုင်းမြို့နယ် ၃၄ ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ victory 48 အင်တာနက်ဆိုင် အင်္ဂါညနေ ၄ နာရီခန့်တွင် မိုးကြိုးထိမှန်သဖြင့် အနည်းဆုံး ကွန်ပြူတာ ၅ လုံး ပျက်စီးခဲ့သည်။
“မိုးကြိုးပစ်တော့ ဖွင့်ထားတဲ့ ဆိုင်တံခါးဝကနေ အလင်းတန်းတခု ဝင်လာတယ်၊ မိုးကြိုးပေါ့။ စက်နံပါတ် ၂ မှာ ထိုင်နေတဲ့ ကောင်မလေးက ကြောက်လို့ ခုန်လိုက်တာ စက်နံပါတ် ၄ ကိုတောင် ရောက်သွားတယ်။ ကွန်ပြူတာ ၅ လုံးက ချက်ချင်းပိတ်သွားတယ်” ဟု အဆိုပါဆိုင်ရှိ ပျက်စီးသွားသည့် ကွန်ပြူတာများကို ပြန်ပြင်ပေးခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။
@ဗြနရာဇ်
(မဇ္ဈိမမှ ကူးယူဖော်ပြပါသည်)

Wednesday, May 25, 2011
မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေ
ယခု မိုးရာသီ ရောက်တော့မှာ ဖြစ်ပြီး မိုးတွေရွာလို့ ရေအားလျှပ်စစ်တွေ ပိုမို ထွက်ရှိနေပြီလို့ သတင်းတစ်ပုဒ်က ဆိုပါတယ်။ အဲဒီသတင်းထဲမှာပဲ မြန်မာနိုင်ငံမှာ ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေတယ်လို့ အောက်ပါ အတိုင်း ရေးထားတာ တွေ့ရတယ်။
"ယခု လက်ရှိ တစ်နိုင်ငံလုံးကို ဓါတ်အား ပို့လွှတ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၃၂ ခုရှီပြီး တပ်ဆင့်ဝင်အား စုစုပေါင်း ၃၀၄၅.၄၀ မဂ္ဂါဝပ်နဲ့ ထုတ်လွှတ် နေတယ်လို့ သိရတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ ဓါတ်အား ပမာဏက ၁၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားပါတယ်။"
ဒီတော့ လျှပ်စစ်ဓာတ်အား ပမာဏ ၁၃၄၅.၄၀ မဂ္ဂါဝပ်တောင် ပိုလျှံအောင် ထွက်ရှိ နေတဲ့ အတွက် အများပြည်သူ အနေနဲ့ ဓာတ်လိုက်ခံရမှာကို အရမ်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူ အများစုဟာ ဓာတ်လိုက်ခြင်း ကင်းဝေးစေဖို့ အတွက် လျှပ်စစ်ဓာတ်အားနဲ့ ခပ်ဝေးဝေးမှာပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။ အဲသလို နေထိုင်ကြတဲ့ အတွက် ပိုလျှံတဲ့ လျှပ်စစ်တွေဟာ ပြည်သူလူထုဆီကို ရောက်မလာဘဲ လမ်းခုလတ်မှာ ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။
@ကေဇီ-Clean

Tuesday, May 24, 2011
နေပြည်တော် ကိုယ်ပျောက် မင်းတြားကြီး
နေပြည်တော် မင်းတြားကြီး အမှန်တကယ် အနားယူသွားကြောင်း နေပြည်တော် မှူးကြီးမတ်ရာများက တရားဝင် ထုတ်ဖော်ပြောဆိုကြသည်။ ပြည်ပ အခြေစိုက် သတင်းဌာန အချို့ကမူ မင်းတြားကြီး အနားယူခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ကြိုးကိုင်နေဆဲ ဖြစ်သည်ဟု ရေးသားမှုများလည်း ရှိသည်။ ထို့ကြောင့် မင်းတြားကြီး အနားယူ-မယူ ကိစ္စကို အများပြည်သူအနေဖြင့်
သို့လော.. သို့လော ဖြစ်နေကြသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရမူ မင်းတြားကြီး အနားမယူသေးသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့မြင်ရသည်။ သို့သော် ကိုယ်ပျောက် မင်းတြားကြီး အသွင်ဆောင်ထားသဖြင့် ဓာတ်ပုံထဲတွင် မင်းတြားကြီးကို တွေ့မြင်ရခြင်း မရှိပေ။
ဘုရင် မင်းတြား၏ ရာဇပလ္လင်ကြီး အစိုးရထုတ် သတင်းစာများတွင် ပေါ်ထွက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်၏ နောက်တည့်တည့်မှနေ၍ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ကိုယ်ယောင်ဖျောက်ကာ "ကိုယ်ပျောက် မင်းတြားကြီး" အဖြစ် ရာဇပလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ဆောင့်ကြောင့် ထိုင်နေသည်ကို ဓာတ်ပုံများတွင် တွေ့ရခြင်း တို့ကြောင့် မင်းတြားကြီး အနားမယူသေးသည်မှာ အမှန်ပင် သေချာကြောင်း၊ မြန်မာ့အရေး အကဲခတ်များက သုံးသပ်ကြသည်။
@ကေ-၀မ်း

(Myanma Alin, 24 May 2011)

စလေမြို့မှ နာမည်ကျော် ပုဂ္ဂိုလ်များ
စလေမြို့မှာမွေးဖွားပြီးနာမည်ကြီးသွားကြတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့နာမည်မှာ ဇာတိမြို့အမည် "စလေ" ကိုဂုဏ်ယူစွာဖော်ပြထားကြပါတယ်
စလေဦးပုည
အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာသက္ကရာဇ် ၁၁၇၄-ခုနှစ် (မူကွဲ- ၁၁၇၈) တွင်ဖွားမြင်သည်။
ဦးပုည၏ ရေသည်ပြဇာတ်မှာ ထင်ရှားသည်။ စလေဦးပုညကို မြန်မာတို့၏ ရှိတ်စပီးယား ဟုပင် တင်စားကြသည်။ ၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော် ပေးမိသဖြင့် ဖမ်းဆီး ခံထားရစဉ် မြို့ဝန် ဦးသာအိုး လုပ်ကြံ၍ ကွယ်လွန်သည်ဟု မှတ်တမ်း အချို့က ဆိုသည် (Click)။
စလေငခွေး
တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး ပုဂံတွင် မင်းဖြစ်လာသူ ဟု ဆိုသည်။ စလေငခွေး မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ တွန်းချပြီး ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်သဖြင့် အသက်ကုန်သွားသည် (Click)။
ကာနယ်စလေဒင်
Colonel Sir Edward Sladen (1827-1890) (Click)
စလေမြို့ဇာတိ ဖြစ်သည်။ ငယ်နာမည် မောင်ဒင် ဖြစ်သဖြင့် စလေဒင် ဟု အမည်တွင်သည်။ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့သဖြင့် ကာနယ် စလေဒင် ဟု လူသိများသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အင်္ဂလိပ်ဘက်မှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ၁၈၈၅ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲတွင် နိုင်ငံရေးအရာရှိချုပ် (chief political officer) အဖြစ်ဖြင့် သီပေါမင်းကို နန်းချရာတွင် ပါဝင်ခဲ့သည်။
အဆိုတော် အဲလ်ဗစ် ပရက်စလေ
Elvis Presley (1935-1977) (Click)
အမည်ရင်း ပရက် ဖြစ်သည်။ အဆိုတော် တွံတေး သိန်းတန်၊ ဟင်္သာတ ထွန်းရင် တို့ကို အားကျ သဖြင့် အဆိုတော် ဖြစ်သောအခါ မိမိအမည်နောက်တွင် စလေမြို့ကို ထည့်သွင်းပြီး၊ ပရက် (စလေ) ဟု ခေါ်ဝေါ်ခဲ့သည်။ ရုပ်ရှင်မင်းသား ၀င်ဦးကို အားကျသဖြင့် ၀င်းဦးစတိုင်ကို အစအဆုံး ခိုးယူခဲ့သည်။ ပရက်စလေ၏ ရုပ်ရှင်များနှင့် ၀င်ဦးရုပ်ရှင်ကားများကို နှိုင်းယှဉ် ကြည့်ရှုပါက ၀င်းဦး ဒီဇိုင်းများကို ပရက်စလေက ခိုးယူထားကြောင်း သိသာ ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။
သရုပ်ဆောင် ဝက်စလေ စနိုက်
Wesley Snipes (1962- ) (Click)
စလေမြို့ဖွား၊ ပေသည်၊ တေသည်၊ ကြမ်းတမ်းသည်။ ၀က်နှင့် တူသဖြင့် မောင်ဝက်ဟု ခေါ်ကြသည်။ သရုပ်ဆောင် ဖြစ်လာသောအခါ မွေးရပ်ဇာတိ စလေမြို့ကို ဂုဏ်ပြုယင်း ၀က်(စလေ) ဖြစ်လာသည်။
ငယ်စဉ်ကလေးဘဝ စလေမြို့တစ်ခွင် နေပူမရှောင်မိုးရွာမရှောင် စနိုက်ကျော်ရောင်းပြီးဝမ်းစာရှာခဲ့ရသဖြင့် ယနေ့အထိအသားပြန်မဖြူတော့ပေ။
သို့သော် စနိုက်ကျော်ရာင်းခဲ့သည့် ဘဝကိုလည်းဘယ်တော့မှမမေ့ရလေအောင် သူ့နာမည်မှာ "စနိုက်" ကိုပါ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် ၀က်(စလေ)စနိုက်ဟု အမည်တွင်နေသည်။
(ပရလောကသားများ ပေးပို့သည်)

(Photo: asnthanhan.wordpress.com)

King Thibaw talking to Colonel Sladen, Burma, 1885
© National Army Museum Copyright
အဆိုတော် အဲလ်ဗစ် ပရက်စလေ
Elvis Presley (1935-1977) (Click)
အမည်ရင်း ပရက် ဖြစ်သည်။ အဆိုတော် တွံတေး သိန်းတန်၊ ဟင်္သာတ ထွန်းရင် တို့ကို အားကျ သဖြင့် အဆိုတော် ဖြစ်သောအခါ မိမိအမည်နောက်တွင် စလေမြို့ကို ထည့်သွင်းပြီး၊ ပရက် (စလေ) ဟု ခေါ်ဝေါ်ခဲ့သည်။ ရုပ်ရှင်မင်းသား ၀င်ဦးကို အားကျသဖြင့် ၀င်းဦးစတိုင်ကို အစအဆုံး ခိုးယူခဲ့သည်။ ပရက်စလေ၏ ရုပ်ရှင်များနှင့် ၀င်ဦးရုပ်ရှင်ကားများကို နှိုင်းယှဉ် ကြည့်ရှုပါက ၀င်းဦး ဒီဇိုင်းများကို ပရက်စလေက ခိုးယူထားကြောင်း သိသာ ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။
သင်္ကြန်ပန်းကုံးနဲ့ ပရက်စလေ (Photo: freemusic07.ucoz.com)
ငယ်စဉ်ဘဝက အလွန်ဂျေးထူသော ပရက်စလေ
(Photo: truelegends.com)
သရုပ်ဆောင် ဝက်စလေ စနိုက်
Wesley Snipes (1962- ) (Click)
ချိုင်းမွေးထူတဲ့ ၀က်စလေ စနိုက်
(Photo: popstarsplus.com)
စလေမြို့ဖွား၊ ပေသည်၊ တေသည်၊ ကြမ်းတမ်းသည်။ ၀က်နှင့် တူသဖြင့် မောင်ဝက်ဟု ခေါ်ကြသည်။ သရုပ်ဆောင် ဖြစ်လာသောအခါ မွေးရပ်ဇာတိ စလေမြို့ကို ဂုဏ်ပြုယင်း ၀က်(စလေ) ဖြစ်လာသည်။
ငယ်စဉ်ကလေးဘဝ စလေမြို့တစ်ခွင် နေပူမရှောင်မိုးရွာမရှောင် စနိုက်ကျော်ရောင်းပြီးဝမ်းစာရှာခဲ့ရသဖြင့် ယနေ့အထိအသားပြန်မဖြူတော့ပေ။
သို့သော် စနိုက်ကျော်ရာင်းခဲ့သည့် ဘဝကိုလည်းဘယ်တော့မှမမေ့ရလေအောင် သူ့နာမည်မှာ "စနိုက်" ကိုပါ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် ၀က်(စလေ)စနိုက်ဟု အမည်တွင်နေသည်။
(ပရလောကသားများ ပေးပို့သည်)
Monday, May 23, 2011
ကလေးထောင်တွင် ကလေးများ မဟုတ်ဘဲ လူကြီးများ ဆန္ဒပြတောင်းဆိုနေ
ကလေးထောင်တွင် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားနေကြောင်း သတင်းတစ်ပုဒ်က ဆိုသည်။ ကလေးထောင်ဖြစ်သဖြင့် ဆန္ဒပြ တောင်းဆိုသူများမှာ ကလေးများ ဖြစ်လိမ့်မည်ဟု ယူဆရသော်လည်း လူကြီးများ ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ မြန်မာ အစိုးရအနေဖြင့် ကလေးထောင်တွင် ကလေးများကို မထားရှိဘဲ လူကြီးများကို ယခုကဲ့သို့ ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း မြန်မာ့အရေး စောင့်ကြည့်သူများက ဆိုသည်။
Read More ...
Read More ...
KIA ၀က်ဆိုက် လွှင့်တင်
ကေအိုင်အေ (KIA) မှ ဆောင်ရွက် အကောင်အထည်ဖော်လျက် ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူကို အသိပေးရန် ရည်ရွယ်ပြီး ၀က်ဆိုက် တစ်ခု လွှင့်တင်လိုက်သည်။ NLD မှ ၀က်ဆိုက် လွှင့်တင်ပြီးနောက် KIA မှ ယခုကဲ့သို့ ၀က်ဆိုက် ထူထောင်လိုက်ခြင်း ဖြစ်သည်။
KIA အင်တာနက် ၀က်ဆိုက်ကို www.kia.in.th တွင် ၀င်ရောက် လေ့လာ နိုင်ပါသည်။

မြန်မာပြည်မှ အလုပ်သင် ဆရာဝန်များ လစာ ၁၂၈၀ ကျပ် ရရှိ
မြန်မာနိုင်ငံမှ အလုပ်သင် ဆရာဝန်များ အနေဖြင့် လက်ရှိအနေအထားတွင် တစ်လလျှင် လစာငွေ ၁၂၈၀ ကျပ် ရရှိကြောင်း The Voice Weekly တွင် ဖော်ပြချက် အရ သိရသည်။ အလုပ်သင် ဆရာဝန်များကို တစ်ရက်လျှင် ၄၂ ကျပ် ၀န်းကျင် နိုင်ငံတော်မှ ချီးမြှင့်နေခြင်း ဖြစ်သည်။ အလုပ်သင် ဆရာဝန်များ၏ နှစ်ရှည်လများ အကုန်အကျခံလာရသော ငွေကြေးများနှင့် ကြိုးစား လာရသော အချိန်များကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ ယခုကဲ့သို့ တစ်နေ့လျှင် ၄၂ ကျပ် ၀န်းကျင် ချီးမြှင့်နေခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသည့် သတင်း အရ အလုပ်သင် ဆရာဝန်များ၏ လစာကို အဆ တစ်ရာ နီးပါးအထိ တိုးမြှင့်ပေးသွားရန် ရှိသည် ဟု The Voice Weekly တွင် ဖော်ပြထားသော်လည်း မည်သည့် အချိန်တွင် တိုးမြှင့်မည် ဆိုသည်ကိုမူ မသိရပေ။
Read More ...
Read More ...
Sunday, May 22, 2011
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်တော့မည်
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်တစ်ဦးက အဖြေရှာ တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။ အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား အဆင့် ဖြစ်သဖြင့် အမျိုးသမီးများ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲသို့ "ဒေါ်" အမည်ဖြင့် တက်ရောက် စာတမ်း တင်သွင်းသူများမှာ ယောက်ျားလျှာများ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး မြန်မာပညာရှင်ကြီး တစ်ဦးက ဆင်းရဲမွဲတေမှု လုံးဝ ချုပ်ငြိမ်း ပပျောက်ရေး လမ်းပြ စာတမ်းကို တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပြ စာတမ်းတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေကို နှစ်ဆမှ စတင်ကာ၊ သုံးဆ၊ လေးဆ၊ ငါးဆ၊ ဆယ်ဆ အထိ မြင့်တက်အောင် ဆောင်ရွက်မည့် နည်းလမ်းများကို တင်ပြထားသည်ဟု နေပြည်တော်သို့ သွားရောက် သတင်းရယူခဲ့သူ ပြည်တွင်း သတင်းထောက်က BSN သို့ သတင်း ပေးပို့သည်။
သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်ကြီးက မြန်မာနိုင်ငံ၏ လူဦးရေကို လက်ရှိ လူဦးရေ၏ တစ်ဝက်သို့ လျှော့ချ ခြင်းဖြင့် လူတစ်ဦးချင်း ၀င်ငွေကို နှစ်ဆ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ အကယ်၍- မြန်မာပြည်၏ လူဦးရေကို လက်ရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချလိုက်ပါက မြန်မာပြည်၏ တစ်ဦးချင်း ၀င်ငွေမှာ ယခုထက် ဆယ်ဆ မြင့်တက်လာမည် ဖြစ်ကြောင်း ပညာရှင်ကြီး၏ လမ်းပြ စာတမ်းတွင် တင်ပြထားသည်ကို တွေ့ရသည်။
လူဦးရေ လျှော့ချရေးအတွက် နည်းလမ်း ပေါင်းစုံ ရှာဖွေရမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်း တစ်ခု အနေဖြင့် နယ်စပ်ဒေသများတွင် စစ်ဆင်ရေး များ အရှိန်မြှင့် ဆောင်ရွက်ကာ၊ တိုင်းသူပြည်သား လူအများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း ပညာရှင်ကြီးက အကြံပြုသည်။ ထို့ပြင် နာဂစ်ကဲ့သို့သော မုန်တိုင်းများ တိုက်ခတ်ပါကလည်း ကယ်ဆယ်ရေးများ မလုပ်ဘဲ လူများ သေကျေသည်ကို ဒီအတိုင်း စောင့်ကြည့်နေသင့်ကြောင်း လမ်းပြ စာတမ်းတွင် အကြံပြုထားသည်။ သို့မှသာ မြန်မာပြည်၏ လူဦးရေများ လျော့ကျသွားမည် ဖြစ်ပြီး တိုင်းပြည်၏ တစ်ဦးချင်း ၀င်ငွေမှာလည်း လူဦးရေ အချိုးအစားပေါ် မူတည်ကာ မြင့်မား လာမည် ဖြစ်သည်ဟု သမ္မတ၏ အကြံပေး ပညာရှင်ကြီးက တင်ပြသည်။
အခြား နည်းလမ်းအနေဖြင့် မြန်မာပြည်ရှိ ဆင်းရဲမွဲတေသူများကို အငတ်ဘေး ကြုံတွေ့ရသည့် ဆင်းရဲမွဲတေမှု အဆင့်ထိ ရောက်အောင် စောင့်ကြည့်နေသင့်ကြောင်းကိုလည်း ပညာရှင်ကြီးက ဆက်လက် အကြံပြုသည်။ သို့မှသာ ဆင်းရဲမွဲတေသူများ ငတ်သေပြီး ပပျောက်သွားမှာ ဖြစ်သည်ဟု သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်ကြီးက သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး လမ်းပြ စာတမ်းတွင် တင်ပြထားသည်။

စစ်အစိုးရခေတ်က ချမ်းသာသော မြန်မာပြည် အစိုးရသစ်လက်ထက်တွင် ဆင်းရဲသွား
ယခင် စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့သော သတင်းစာများ အရ မြန်မာနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝကြောင်း သိရသည်။ မူလတန်း ကျောင်းသုံးစာအုပ်များ တွင်လည်း မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ အလွန်ပေါများကြောင်း ပြဌာန်းထားသည်။ သဘာဝ တွင်းထွက်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝသော၊ ဆန်ရေစပါး သားငါး သီးနှံ ပေါများ ပြည့်လျှံသော မြန်မာပြည်မှာ အလွန်ပင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ သတင်းစာများအရ ဆိုလျှင် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ဖြစ်ဖို့ ဝေးစွ၊ ဖွံ့ဖြိုးဆဲ အဆင့်ကိုပင် ကျော်လွန်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ တိုးတက် ချမ်းသာသော မြန်မာနိုင်ငံတော်ကြီးသည် အရပ်သား အ၀တ်အစားကို ဆင်မြန်း ၀တ်ဆင်သည့် အစိုးရသစ် တက်လာပြီးနောက် နှစ်လအတွင်း ရုတ်ချည်း ဆင်းရဲသွားသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ယခုကဲ့သို့ ရုတ်တရက် ဆင်းရဲသွားသဖြင့် နေပြည်တော်တွင် "ဆင်းရဲမွဲတေမှု ဖိုရမ်" ကို ကျင်းပနေရကြောင်း သတင်းများတွင် တွေ့ရသည်။
@HN
News & News

Saturday, May 21, 2011
မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်စေရန် အင်ဒိုနီးရှားက လက်နက်ရောင်းပြီး ကူညီမည်
မြန်မာပြည် ဒီမိုကရေစီဖြစ်စဉ်ကို အားပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်စေရန် အတွက်၊ မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံက SS-2 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ရောင်းချကာ ကူညီမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယခုကဲ့သို့ လက်နက်များ ရောင်းချ ပံပိုးခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ ဖြစ်စဉ်ကို အားပေးရာ ရောက်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၏ အထူး လက်ထောက်အရာရှိ ဗိုလ်မှူးကြီး ဂျန် ပီယက်တာ အိတ် (Jan Pieter Ate) ကပြောသည်။
"ကျွန်တော်တို့ နိုင်ငံက ထုတ်လုပ်တဲ့ လက်နက်တွေဟာ အရည်အသွေး လုံးဝ မပြည့်ဝသလို အဆင့်အတန်းလဲ အလွန်နိမ့်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းချမယ့် SS-2 သေနတ်တွေ ဆိုလို့ရှိရင်လဲ ပစ်လိုက်တိုင်း ကျည်ဆံက ထွက်ချင်မှ ထွက်ပါတယ်။ သေနတ် အများစုက ဂျမ်းဖြစ်တတ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ တောင်းဆိုမှု ဖြစ်စဉ်တွေကို ကျွန်တော်တို့ အင်ဒိုနီးရှား လက်နက်တွေနဲ့ နှိမ်နင်းလို့ရှိရင် ကျည်ဆံ မထွက်တဲ့ အတွက် လူအသေအပျောက် အလွန် နည်းပါး စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံက လက်နက်တွေကို မြန်မာပြည်ကို ရောင်းချခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။" ဟု ၄င်းက ရှင်းပြသွားသည်။

နေပြည်တော်တွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိ
မြန်မာပူရ နေပြည်တော်ကြီးတွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိရကြောင်း မိုးမခ မီဒီယာ တွင် ဖော်ပြချက်အရ သိရှိရပါသည်။ အဆိုပါ ကြောက်စာကို ရှေးဟောင်းသုတေသန ကြောက်စာဝန် ဂျော်ဒီးက တူးဖော်တွေ့ရှိကြောင်း၊ ကြောက်စာပါ အကြောင်းအရာများကို ထောက်ရှု၍ အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာဟု အမည်ပေးထားကြောင်း သိရသည်။ ကြောက်စာပါ ခုနှစ် သက္ကရာဇ်နှင့် လက်ရေး လက်သား အနေအထားအရ စစ်အာဏာရှင် ခေတ်နှောင်းတွင် ရေးထိုးခြင်း ဖြစ်ကြောင်း ကြောက်စာဝန်ကြီးက သုံးသပ်သည်။ မြန်မာပြည်တွင် ယခု နောက်ဆုံး တွေ့ရှိသော နေပြည်တော် မင်းတြားကြီး ကြောက်စာပါ ရေးထိုးချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ဗုဒ္ဓံ ... မြတ်စွာဘုရား ဆင်းတုများကို ဗိုက်ဖောက်၍ ဌာပနာ ယူပါ၏။
ဓမ္မံ ... တရားတော်မြတ်ကို မထီမဲ့မြင် လုပ်ချင်ရာ လုပ်ပါ၏။
သံဃံ ... သံဃာတော် အရှင်မြတ်များကို ... သေနတ်နှင့်ပစ် ... တုတ်နှင့်ရိုက် ... လူဝတ်လဲကာ ထောင်ချပါ၏။
၁။ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ဘုရားသာသနာနှစ် ၂၅၀၀ လွန်လေပြီးရကား ... ဤ … အဓမ္မ ကြပ်ပြေး နေပြည်တော်၌ … အဓမ္မရာဇာ ကြပ်ပြေးမင်းတြားကြီး ... ငါ ... ဖြစ်တော်မူလတ်၏ ...။
၂။ ဤ ... ငါ မင်းကြားကြီး၏ ဖေကြီးပေါက်ဖော် ... ပထွေးတော် ကုလားနှင့် အဝေးအနီး တိုင်းပြည်ကြီးငယ် အသွယ်သွယ်မှ သားရေတမြားမြားကျရှာသော လောဘခေါင်အိုး မိတ်ဆိုး ဆွေညစ် သခင်သစ်တို့အား ... တိုင်းပြည်တဝှမ်း မြေပေါ်မြေအောက် လှန်လှောက်တူးဆွရသမျှ သယံဇာတ အဝဝကို လည်းကောင်း ...။ ပြည်သူပြည်သား နယ်ခြားမြို့စွန် ... မြစ်မချောင်းသွယ် ... ရွှံ့ဗွက် အိုင်ငယ် မကျန် ကျွန်သီးကျွန်ခိုင်အဖြစ် (ငါ့မယား … ငါ့သားသမီး ... ငါ့ဥစ္စာ ... မပါရွေ့) ကျီးထိုး လောက်စား ထားရာနေ စေရာသွားစေနိုင်ရန်လည်းကောင်း ... ရက်ရက်ရောရော လှူတော်မူလတ်၏။
၃။ ဖေကြီးပေါက်ဖော် ပထွေးတော် ကုလား နှင့် လောဘခေါင်အိုး မိတ်ဆိုးဆွေညစ်များ ပြန်လည် ပေးသနားသော တံစိုးလက်ဆောင် အစုစုကို ငါ့အိတ်ထောင်တွင်း အပြည့်အတင်း ဖြည့်တင်းပြီးသကာလ ... ကျန်ရာမျှဝေ ... ငါ ... ခိုင်းစေသမျှ စေသည့်ကျွန်၊ ထွန်သည့်နွားများ အရိုးအရင်းမျှ လျှက်ကြစေရန်လည်း ရက်ရက်ရောရော စွန့်ကြဲတော်မူလတ်၏ ...။
၎။ ထိုထိုသော အလှူပေးရခြင်းအကျိုးငှာ တိုင်းသားပြည်သူ ငြူစူစိတ်ဝမ်း တစက်မျှ မလန်းရအောင် ... ငါနှင့်မတူ ငါ့ရန်သူ မှတ် ... သတ်ဖြတ်ညှဉ်းဆဲ ထောင်သွင်း အကျဉ်းချစေလျက် ... လွတ်ရက်မရှိ ... အနှစ် ၁၀၀ ... ၅၀ တိုင် ... သံတိုင် အချုပ် ခိုင်ခိုင်တုတ်ခဲ့သော ... ငါ … လုပ်ခဲ့သမျှ အကုသိုလ် အဝဝထက် အဆ ... ရာထောင်မက ... ဝိဘာဂ ဝဋ်ကြွေးကို ဘတလုံးတဝတည်း ပြန်လည် ခံစားရပါစေသား ...။ မြေတွင်း တူးမြောင်း … လိုဏ်ခေါင်းသွယ်သွယ် ... ၌ ... နှစ်ပေါင်း ကုဋေကုဋာ ပိတ်ဆို့ ခံနေရပါစေသား။
ထို … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲတွင် ရဲရဲကင်ခံရသကဲ့သို့ တံကျင်လျှိုနေရသော ကာလ၌ ... ငါ ... သူတပါး အားပြုခဲ့သလို ... ငါ့မိသားစုကို ... စိတ်ကြေ ကိုယ်နွမ်း မပန်းစေလိုရွေ့ ... ငါနှင့်အတူ ... ငါ့အသက်နှင့်တူသော ... မျက်စေ့ မျက်ဆန် ... ဖြစ်တော်မူထသော ... ငါ့မယား ... ငါ့သမီး.. ရှုမငြီးသည့် ... မျောက်ထီး မျောက်မ … ဘုစုခရု ... မြေးတစုအပြင် ... ငါစေ ခိုင်းသမျှ ... မြေမကျအောင်… ဘောင်းတော်ညိတ် ... စိတ်တော်သိ ... တပည့်လက်ပါးစေ … ဝေလေလေတို့ ...။ ကြီးကြီးငယ်ငယ် ... ရွယ်ရွယ်လတ်လတ် ... တယောက်မကျန် … ငါ၏ အဖို့ဘာဂ ... အကုသိုလ်အဝဝကို ... ငါနှင့်ထပ်တူ ... ခပ်သိမ်းအတူ ရပါစေသတေး ...။ အရေးအရာ … ယူပါစေသတေး ...။
၅။ ငါ၏ ... အမှုအကုသိုလ် အစုစုကြောင့် ... ဤ … ဘဒ္ဒကမ္ဘာတွင် ... ရှာကာမှရှား နိုင်ငံရေး အကျဉ်းသားများစွာ ပိုင်ဆိုင်ထသော ... အာဆီယံ ဒုက္ခအိုးလေး … ဘဝမှ ... ဥက္ကဋ္ဌဆိုးလေးဘဝအဖြစ် ... သေမည့်နှစ်တွင် ... ဖြစ်စေသတေး ...။
စားရမှာလည်း ... လူ့အခွင့်အရေး ချိုးဖောက်မှုတည်းသော သဲတရှပ်ရှပ် ...။ ပစ်ရမှာလည်း ... သဘာဝဓာတ်ငွေ့၊ ရွှေ ငွေ ကျောက်သံ ... သယံဇာတ ... တဝင်းဝင်း...။ လည်ပင်းတနင်နင် ... သားရေ
တငင်ငင်နဲ့ စုံလုံးကန်း ... ပါးစပ် ပိတ် ... ဘာ ... ယံ ... ညာ ... ယံ ... အကာအရံ ပေးနေသော ... အိမ်နီးချင်းဆိုး ... သူခိုးဓားပြ … လောဘအိုး ... အားလုံး ... ငါနှင့်အတူ ... ကမ္ဘာ့အလည် … မျက်နှာငယ် ... တံတွေးခွက် ပက်လက် ... ဖြစ်စေသတေး...။
၆။ ထိုသော ... ကာလ … ထိုဘဝ၌ … အူကြောင်အူကြား ကိုယ့်ဘာသာစကားကိုမျှ ... အဓိပ္ပာယ် နားမလည် ... အမိန့်တော် ပေါက်ကရ … ထုတ်တတ်လှသော ... “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ဘာမှန်း မသိရှာထသော ရူးပေါသွပ်နှမ်း … သမ္မတလူကြမ်းအဖွဲ့မှ အကန်းများနှင့် အဖူးရစေ ...။
လိုဏ်ခေါင်းငရဲ .. အနုမြူ မီးကျီးထဲ ... ၌ ... ရဲရဲ ဖုတ်ကင် ... တံကျင်လျှိုခံဘဝမှ ... မလောက်လေး မလောက်စား ... တစက္ကန့်မျှ လျှော့ပေါ့လေကြောင်း ... မောင်းထု ကြော်ညာ ... အုတ်အော်သောင်းတင်း ... အရှက်ကင်းမဲ့ ... လူပုံအလယ် ... ငယ်ထိပ်ပေါ်… သေးနဲ့ပန်းပြသလို ... အစော်အကား ... မခံရပါလိုသတေး ...။
ဤ … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲထဲမှ တမိနစ် … တစက္ကန့်မျှ မဆိုထား ... ဘဝအသင်္ချေ ... သိန်းသန်းကုဋေ ... ကုဋာ … လွတ်လမ်း မရလိုပါသတေး...။
(ကြပ်ပြေးနေပြည်တော်အနီး ... ဥပ္ပါတသန္တိ စေတီတော် ... တွင်း … အောက်ဘက် ငရဲပြည်သို့
မျက်နှာမူသော ... အရပ်၌ … ရေးထိုးထားသော ... အဓမ္မကြပ်ပြေး နေပြည်တော် အဓမ္မရာဇာ မင်းတြားကြီး ကြောက်စာ)
(တူးဖော်တွေ့ရှိသူ ... ကြောက်စာဝန် … ဂျော်ဒီး)
မူလ ကျောက်ထက် အက္ခရာ အရေးအသားကို ကောင်းစွာ ဖတ်ရှုစိစစ်ပြီး အများသူငါ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်၊ ကြောက်စာဝန်ကြီးအနေဖြင့် ပင်ပန်းဆင်းရဲကြီးစွာ စေတနာ ရှေ့ထားပြီး ကွန်ပျူတာအက္ခရာသို့ ဖလှယ်ထားသည့် နေပြည်တော် ကြောက်စာ အစအဆုံးကို မိုးမခမှ တိုက်ရိုက် ကူးယူ ဖော်ပြအပ်ပါသည်။
ကာတွန်း- မောင်ရစ် (မိုးမခ)
အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာ
ဂျော်ဒီး
မေ ၂၀၊ ၂၀၁၁
(စစ်အာဏာရှင် ခေတ်နှောင်း)

Subscribe to:
Posts (Atom)