Tuesday, February 15, 2011

ဘတ်စ်ကားမယ်များ လာတော့မည်

ရန်ကုန်-နေပြည်တော် ပြေးဆွဲမည့် အဝေးပြေး ယာဉ်လိုင်းတစ်ခုမှ ဘတ်စ်ကားမယ်များ ထည့်သွင်းကာ ပြေးဆွဲရန် စီစဉ် ဆောင်ရွက်နေကြောင်း အဆိုပါ ယာဉ်လိုင်းဖြစ်သည့် JJ Express ကပြောသည်။

"ကျွန်တော်တို့ မြန်မာပြည်မှာ လေယာဉ်မယ်ပဲ ရှိပါတယ်။ မြန်မာ့ လေကြောင်းက လေယာဉ်မယ်တွေ ဆိုရင် ခရီးသည်တွေကို အရသာ မရှိတဲ့ လက်ဖက်ရည်တွေ တိုက်လေ့ ရှိပါတယ်။ တခါတလေ သူတို့ ပျင်းရင် flight safety demonstration တွေ မလုပ်ကြပါဘူး။ ကျွန်တော်တို့ "ဘတ်စ်ကားမယ်" တွေကတော့ လန်းဆန်းစေတဲ့ တစ်ရှုး၊ ရေဗူး၊ အအေးဗူးနဲ့ စားသောက်စရာ တွေကို ကားပေါ်မှာ
ဝေငှ ပေးတဲ့ အလုပ်ကို လုပ်ပါမယ်။ မြန်မာ့လေကြောင်း လေယာဉ်မယ်တွေထက် ကျွန်တော်တို့ "ဘတ်စ်ကားမယ်"တွေက သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်''ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ယခုအချိန်အထိ "ဘတ်စ်ကားမယ်" ဟူ၍ မရှိသေးဘဲ "ဘတ်စ်ကားမောင်"များကသာ ခရီးသည်များကို ၀န်ဆောင်မှု ပေးလျက်ရှိသည်။ "ဘတ်စ်ကားမောင်"များသည် မြို့တွင်းပြေး ဘတ်စ်ကားများတွင် ခရီးသည်များကို ငပိသိပ် ငါးချဉ်သိပ် ကျပ်ပိတ်အောင် တင်ဆောင်ခြင်း၊ အော်ဟစ် ဆဲဆို ကြိမ်းမောင်းခြင်း၊ ဘတ်စ်ကားများ လုမောင်းရန် ဒရိုင်ဘာအား မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်း၊ ငွေအကြွေ ပြန်မအမ်းခြင်း၊ မှတ်တိုင်ရောက်ပါက ခရီးသည်များကို အတင်းကားပေါ်မှ တွန်းချခြင်း စသည့်
ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

နယ်ဝေးပြေး ဘတ်စ်ကားပေါ်မှ "ဘတ်စ်ကားမောင်" တဦး (Photo: BSN)

နယ်များသို့ သယ်ယူ ပို့ဆောင်သည့် အဝေးပြေး ဘတ်စ်ကားများတွင် လိုက်ပါသော "ဘတ်စ်ကားမောင်" များကမူ ကြားပေါက် ခရီးသည်များကို ကြားခုံများထိုး၍ တင်ခြင်း၊ ထိုင်စရာနေရာ မရှိအောင် ပစ္စည်းများ တင်ခြင်း၊ အခန့်မသင့်လျှင် ခရီးသည်များကို အော်ငေါက်ခြင်းစသည့် ၀န်ဆောင်မှုများကို ပေးလျက်ရှိသည်။ အဆိုပါ နယ်ဝေးပြေး ဘတ်စ်ကားပေါ်တွင် "ဘတ်စ်ကားမောင်"များ ထံမှ စူးရှသည့် ချွေးနံ့များကို ခရီးသည်များ မခံမရပ်နိုင်အောင် ရှုရိုက်ရလေ့ ရှိကြောင်း၊ ထို့ကြောင့် အပြောင်းအလဲ အနေဖြင့် အသစ်ပေါ်ပေါက်မည့် "ဘတ်စ်ကားမယ်"များထံမှ သင်းပျံ့သည့် ရေမွှေးရနံ့များ ရှုရှိုက်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်း ခရီးသည်တဦးက ပြောကြားသွားသည်။

သတင်းအပြည့်အစုံသို့

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။